Thursday, August 4, 2011

နည်းကောင်း အဆောင်ကောင်း

          ..ဒေါ်ကြီးရဲ့သမီး ဂျပန်ကို ပညာတော်သင် သွားရတာ ၀မ်းသာပါတယ်။ အဆောင်ကောင်း ယတြာကောင်းရှိရင် ပြောပြစမ်းပါ။ ဗေဒင်ဆရာကိုလဲ ညွှန်ပါဦး။ ကျွန်မရဲ့သမီးလဲ ဂျပန်သွားဖို့ ပြင်ဆင်နေလို့ပါ..
          ကျွန်မရဲ့ မိတ်ဆွေတစ်ဦးက ကျွန်မဆီ ရောက်လာပြီး အဆောင်ကောင်း၊ ယတြာကောင်း တောင်းနေပါတော့တယ်။
          ..ပြောပြမှာပေါ့ အေးအေးရဲ့၊ ဘယ်ဗေဒင်ဆရာ၊ ဘယ်ဘိုးတော်ဆီကိုမှ မသွားပါဘူး။နေ့စဉ် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကိုပဲ ပွားပါတယ်။ ရတနာမြတ်သုံးပါးကိုပဲ ဆည်းကပ်ကိုးကွယ်ပါတယ်။
          ပညာသင်ဆုရချင်လို့ သမီးနဲ့အတူဖြေတဲ့ မိတ်ဆွေကလဲ သမီးကို နည်းကောင်း အဆောင်ကောင်း တောင်းသေးတယ်။ သမီးရဲ့မိတ်ဆွေကတော့ ဘိုးတော်မှဘိုးတော် ဖြစ်နေသူပါ။ နောက်ဆုံးအဆင့် ပြုတ်ကျန်ခဲ့တာတောင် ဘိုးတော်ကြောင့် မဟုတ်ဘူး၊ သူက ဘိုးတော် ညွှန်သလို မလုပ်မိတာလို့ ပြောသလတဲ့၊ ယုံကြည်အားကိုးတဲ့ အစွဲက မစွန့်လွှတ်သေးဘူး။
          ဂျပန်ပညာသင်ဆုကလဲ တစ်နှစ်ပတ်လုံး လုံ့လ၀ီရိယနဲ့ အားထုတ်ကြိုးပမ်းရပါတယ်။ အင်္ဂလိပ်လို စာတမ်းရေးတင်ရတယ်။ အင်္ဂလိပ်လို ရေးဖြေရတယ်။ နှုတ်ဖြေရတယ်။ အားလုံးပေါင်း ၅ ဆင့် ဖြေရပါတယ်။ တစ်ဆင့်အောင်သွားပြန်တော့ တစ်ခါ ..ဟင်း.. ချရပြန်တယ်။ အဲဒီလိုနဲ့ ၅ ဆင့်လုံး အောင်မြင်စွာ ကျော်ဖြတ်နိုင်မှ ပညာသင်ဆုကို ရတာပါ။
          သမီးကို အရှင်ဆန္ဒာဓိကရေးတဲ့ ..လိုတရ နှလုံးသား.. စာအုပ် ၀ယ်ပေးထားပါတယ်။ စာအုပ်ထဲမှာ ဂုဏ်တော်ပွားတယ်ဆိုတာ အန္တရာယ်ကင်း လာဘ်ရွှင်ဖို့က အဓိကမဟုတ်ပါဘူး။ မိမိပွားများတဲ့ ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ စိတ်စွမ်းရည်တွေ၊ မိမိပွားများတဲ့ သက်ဆိုင်ရာဂုဏ်တော်နဲ့ လိုက်လျောညီထွေတဲ့ စိတ်အရည်အသွေးတွေ၊ ဘ၀အရည်အသွေးတွေ၊ မိမိရဲ့နှလုံးသားမှာ မိမိရဲ့ ကိုယ်နှုတ်စိတ်မှာ မိမိရဲ့ရုပ်နာမ် ခန္ဓာမှာ ကိန်းဝပ်လာဖို့အတွက် ဂုဏ်တော်ပွားများရခြင်း ဖြစ်ပါတယ်။ ကိလေသာကြေးညှော် ကင်းစင်လေ ကုသိုလ်ဘုန်းကံ ကြီးမားလေ၊ ကုသိုလ်ဘုန်းကံ ကြီးမားလေ လောကီကောင်းကျိုးချမ်းသာတွေ မလိုချင်အဆုံး ရရှိလေပါပဲလို့ လမ်းပြထားပါတယ်။
          သမီးက အဲဒီစာအုပ်ကိုဖတ်ပြီး နှစ်ခြိုက်လွန်းလို့တဲ့၊ ညတိုင်း ဘုရားဂုဏ်တော်ပွားတယ် အေးအေးရဲ့၊ အေးအေးကိုလဲ ..လိုတရ နှလုံးသား.. ပေးလိုက်မယ်။ သေသေချာချာဖတ်၊ ယုံယုံကြည်ကြည် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ပွားပါကွယ်။ လိုအင်ဆန္ဒရော လိုအပ်ချက်ပါ ပြည့်စုံလာပါလိမ့်မယ်။ အဲဒါ အဆောင်ကောင်းပါပဲ..။
          ……………………………………………………………………………………..
          ကျွန်မတို့ လက်ထက်ပြီးကတည်းက ကလေးတွေအတွက် ရည်ရွယ်ပြီး စာအုပ်တွေ ကြိုတင် ၀ယ်သိမ်းပါတယ်။ ၁၉၆၉ ခုနစ်မှာ ရွှေသွေး၊ မိုးသောက်ပန်းစာအုပ်များ စထွက်ပါတယ်။ လစဉ်ဝယ်စုထားပါတယ်။
          သားသမီး သုံးယောက်လုံးကိုလည်း စာအုပ်တွေနဲ့ ပျော်မွေ့စေခဲ့ပါတယ်။ စာအုပ်တွေဖတ်ရင်းနဲ့ ဗုဒ္ဓဘာသာအသိကိုလည်း ပေးပါတယ်။ ဗုဒ္ဓ၀င်ကို ကြည်ညိုနိုင်အောင် ပြောလည်းပြပါတယ်။ စာအုပ်တွေလည်း ဖတ်စေပါတယ်။
          လယ်တီဆရာတော်ဘုရားကြီးရဲ့ ၇-နေ့ ဘုရားရှိခိုးကို ကျက်စေပါတယ်။ အာဂုံပြန်ပြီးရင် ဆုအဖြစ် မုန့်ဖိုးပေးလေ့ရှိပါတယ်။
          ငယ်စဉ်ကတည်းက ဘုရားရှိခိုးဖို့၊ ရတနာမြတ်သုံးပါးသာ ကိုးကွယ်ဆည်းကပ်ဖို့၊ အနန္တဂုဏ်အင် မိဘဆရာသမားများကို ရိုသေလေးစားဖို့ ဇာတ်နိပါတ်တို့နဲ့ ဟောပြောညွှန်ပြလာခဲ့ပါတယ်။
          မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်ကြောင်း၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ကြောင်း၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ကြောင်း၊ ကိုယ့်အားကို အားကိုးတဲ့စိတ်ဓာတ် ရှိရမှာဖြစ်ကြောင်း၊ ကံဥာဏ်ဝီရိယ အခြေပြု ကြိုးစားရမှာဖြစ်ကြောင်း စတာတွေကို ဟိုး…ငယ်ငယ်လေးကတည်းက အခုထိ မရိုးနိုင်အောင် နည်းမျိုးစုံနဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာငါးဆယ်၊ သုတ္တန်ဒေသနာတော်လာ ဇာတ်ဝတ္ထုများအကြောင်း၊ ဘ၀ခရီးတစ်လျှောက် အမှန်တကယ် ဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ ဘယ်လောက်ပြောပြော ဘယ်တော့မှ မရိုးနိုင်တဲ့ ကိုယ်ပိုင်ဇာတ်လမ်း၊ နီးစပ်သူများရဲ့ အတွေ့အကြုံ ဇာတ်လမ်းများကို မိသားစုထမင်းဝိုင်းမှာ ပြောဆဲ ဟောဆဲပါ။
          ဇာတ်တော်များထဲက အတွေ့အကြုံ ဇာတ်လမ်းများထဲမှ အတုယူစရာ သင်ခန်းစာများကို ထုတ်နုတ်ပြရင်း ရိုးသားဖို့၊ ကြိုးစားဖို့နဲ့ ရိုးဂုဏ်ဟာ အင်မတန် ကောင်းမြတ်ကြောင်း၊ လှပကြောင်းတို့ကို ပြောပြနေဆဲပါ။
          ဒီတော့ သားသမီးတွေက ရတနာမြတ်သုံးပါးကိုသာလျှင် သဒ္ဓါတရားအစစ်နဲ့ ယုံကြည်မြတ်နိုး ဆည်းကပ်ကြတယ်။ ကောင်းမှုမြတ်နိုး ကောင်းအောင် ကြိုးစားခဲ့ကြတယ်။ လေ့လာကျက်မှတ်စရာ ဘာသာရပ်တွေကို ကျက်မှတ်အားထုတ် ခဲ့ကြတယ်။ ဆရာမိဘများကို ရိုသေလေးစားခဲ့ကြတယ်။ ဆိုဆုံးမစကားများကို နာယူလိုက်နာခဲ့ကြပါတယ်။
          ……………………………………………………………………………………..
သမီးအတွက် မိဘကို ပြုစုစောင့်ရှောက်ခွင့် ကြုံလာပုံလေးကို ပြောပြချင်ပါတယ်။
          မှတ်မှတ်ရရ ၂၀၀၇ ခုနစ်၊ ဧပြီလ ၁၄ ရက်ည (သင်္ကြန်အကြပ်နေ့ည) အလွန်တိတ်ဆိတ် ငြိမ်သက်နေတဲ့အချိန်၊ အားလုံး အိပ်မောကျနေတဲ့ ည ၂ နာရီမှာ ဗုံးပေါက်ကွဲသံလို အလွန် ကျယ်လောင်တဲ့အသံကြီး သုံးကြိမ်ဆက်တိုက် မြည်ဟည်းသံ ကြားလိုက်ရပါတယ်။ နိုးပေမယ့် ဘာသံပါလိမ့်လို့ စဉ်းစားဆင်ခြင်နေရင်း အိပ်ရာမှ မထဖြစ်ခဲ့ပါဘူး။
          တစ်ဖက်ခန်းက ကျွန်မရဲ့ခင်ပွန်းကတော့ ရေးကြီးသုတ်ပျာ ကျွန်မရဲ့အခန်းထဲ ၀င်လာပြီး…
          ...ထဦးဟ၊ ဧည့်ခန်းမှာ မီးတွေလောင်နေတယ်..လို့ ပြောရင်း အပြေးထွက်သွားပြီး မီးငြှိမ်းသတ်ပါတယ်။
          ကျွန်မလည်း ကသောကမျောထပြီး ကူညီငြှိမ်းသတ်ပါတယ်။ ကူညီနေရာက သမီးအခန်းဆီ အပြေးသွားပြီး သမီးကို နှိုးရပါတယ်။ သမီးနိုးလာတော့ မီးလည်း ငြိမ်းသွားခဲ့ပါတယ်။
          တစ်တိုက်တည်း နေသူများလည်း ကူညီဖို့ ရောက်လာကြပါတယ်။ ကံကောင်းထောက်မလို့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်သွားဘဲ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
          ည ၂ နာရီအချိန်မှာ လျှပ်စစ်မီးလာတော့ ဘက်ထရီအိုး ပေါက်ကွဲပြီး မီးလောင်တာပါ။ ကြမ်းပြင် နည်းနည်းလောင်မြိုက်တာကလွဲလို့ တခြားနေရာတွေကို မကူးစက်ခဲ့ပါဘူး။
          ဒါပေမဲ့ ခင်ပွန်းသည်ရဲ့ ခြေထောက်နှစ်ဖက်စလုံးရော ကျွန်မရဲ့ ခြေထောက်နှစ်ဖက်စလုံးပါ မီးလောင်ဒဏ်ရာများ ရခဲ့ပါတယ်။ ခင်ပွန်းသည်က ပိုပြီး ဒဏ်ရာပြင်းပါတယ်။
          သားအမိသားအဖ ၃ ယောက်ရှိတဲ့အိမ်မှာ လူကြီးနှစ်ယောက်က ဒဏ်ရာကိုယ်စီနဲ့ မသွားမလာနိုင် အိပ်ရာထဲမှာ နေရတော့ သမီးတစ်ယောက်တည်း လုံးချာလည်နေပါတော့တယ်။
          သမီးမှာ မနက်အစော ၄ နာရီထပြီး ချက်ပြုတ်ရပါတယ်။ အဖေနဲ့ အမေ ကိုယ်လက်သန့်စင်ဖို့ တစ်ယောက်စီ တွဲခေါ်ရပါတယ်။ ခြေထောက်အနာတွေ ဆေးကြောပြီး ဆေးလိမ်းပေးရပါတယ်။
          မိဘများကို နံနက်စာကျွေး၊ ဆေးတိုက်ပေးပြီး နေ့လယ်စာအတွက် အဆင်သင့် စားပွဲပေါ်မှာ ပြင်ဆင်ပေးခဲ့ပြီးမှ ရုံးသွားပါတယ်။ မသွားခင် မှာကြားစရာတွေ တတွတ်တွတ် မှာကြားပြီးမှ အိမ်ကထွက်ရပါတယ်။
          ညနေရုံးစောစောဆင်းခဲ့ပြီး (သားကြီးရဲ့ရုံးမှာလုပ်တော့ သားကြီးက စောစောပြန်လွှတ်ပါတယ်) မိဘများကို အဆာပြေကျွေး၊ ဆေးတိုက်၊ ညစာပြင်ရရှာပါတယ်။
          မိဘများကို ညစာကျွေး၊ ဆေးတိုက်ပြီး အိပ်ရာထဲ တစ်ယောက်စီ တွဲပို့ရပြန်ပါတယ်။ ခြင်ထောင်ချပေးပြီးမှ အိုးခွက်ပန်းကန်များကို ဆေးကြော၊ နောက်နေ့အတွက် ပြင်ဆင်ရပါတယ်။
          ညဥ့်နက်မှအိပ်၊ နံနက်စောစောထ၊ အဲဒီလို အလုပ်တစ်ဖက်နဲ့ ကိုယ်တိုင်ချက်ပြုတ် ပြုစုရတာ ၃ လကျော် ကြာပါတယ်။ ကျွန်မတို့မှာ အသက်အရွယ်က ၆၀ ကျော်တွေ၊ မီးလောင်ဒဏ်ရာလည်း ဖြစ်ပြန်တော့ တော်တော်နဲ့ အနာ မပျောက်နိုင်ကြပါဘူး။ ဖြစ်စက သုံးရက်တစ်ကြိမ် ဆေးခန်းပို့ရပါတယ်။ မိဘနှစ်ပါးကို သမီးက မေတ္တာ ကရုဏာ စေတနာ အကြင်နာများစွာနဲ့ ပြုစုပါတယ်။
          ..သမီးရယ်…မိဘတွေ မီးလောင်ခံရတာ သမီးပင်ပန်းပေမယ့် အမေတော့ ၀မ်းသာတယ်၊ အခုမှ သမီးက မိဘကို ပြုစုခွင့်ရတာ၊ မိဘကို ပြုစုရတဲ့အကျိုး ခံစားရမှာပါ။ ဂျပန်ပြည်သွားရမှာ သေချာတယ်..လို့ ကျွန်မ ပြောခဲ့သေးတယ်။
          ကျွန်မက ကျန်းမာရေးကောင်းပါတယ်။ ကျောင်းတာဝန်တစ်ဖက်နဲ့ အိမ်မှုကိစ္စများကို ကုန်းရုန်းလုပ်ခဲ့ပါတယ်။ သားသမီးသုံးယောက်စလုံးကို ကိုယ့်ကိစ္စ ကိုယ့်ခန္ဓာဝန်လောက်သာ ထမ်းစေပြီး စာကြိုးစားစေခဲ့ပါတယ်။
          သားသမီးတွေကလည်း အိမ်ထောင်မပြုကြဘဲ အလုပ်တစ်ဖက်နဲ့ စာကိုသာ ဆက်ကြိုးစားလာလိုက်တာ အသက် ၃၀ ကျော် ၄၀ နားနီးထိပါပဲ။ သားကြီးက အသက် ၃၉ နှစ် (တစ်မြန်နှစ်က) မှ အိမ်ထောင်ပြုပါတယ်။ သမီးက ၃၅ နှစ်၊ သားငယ်က ၃၂ နှစ် ရှိကြပြီ။ ကျွန်မက အငြိမ်းစားယူပြီး အားချိန်ပိုရလာတော့ ခုချိန်ထိ ချက်ပြုတ် ဖွပ်လျှော်ပေးတုန်းပါပဲ။ အဲဒီတော့ မိဘကို ပြုစုရကောင်းမှန်း သိကြပေမယ့် သူတို့ ပြုစုခွင့် မရခဲ့ကြပါဘူး။
          လူများစွာဟာ ဒါန၊ သီလတွေ ကြိုးစားဖြည့်ဆည်းကြ၊ လောကီရေးရာ ပညာရပ်တွေ အပြင်းအထန် ဆည်းပူးပြုလုပ်နေကြသော်လည်း အကျိုးပေးသင့်သလောက် မပေးကြတာဟာ ကျေးဇူးရှင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရမယ့် ၀တ်တွေ ပျက်ကွက်နေလို့ပဲလို့ ဓမ္မကထိက ဆရာတော်တစ်ပါးက ဟောပြောတာ မှတ်သားဖူးပါတယ်။
          မိဘကို ပြုစုသူဟာ စိတ်အေးချမ်းသာစွာ နေရတယ်။ ကြီးပွားချမ်းသာတယ်။ ဘယ်တော့မှ မဆင်းရဲဘူး။ ကောင်းကျိုးလိုအင်ဆန္ဒများလည်း ပြည့်ဝတယ်။ ဒါကြောင့် မိဘကို ပြုစုခွင့်ရသွားတဲ့ သမီးအတွက် ကျွန်မ ၀မ်းသာတယ်လို့ ပြောရခြင်းပါ။
          ရတနာမြတ်သုံးပါးကို တကယ့်သဒ္ဓါတရားအစစ်နဲ့ ကိုးကွယ်ဆည်းကပ်တယ်။ ဘ၀တစ်လျှောက်လုံး သက်ဆိုင်ရာ ဘာသာရပ်များကို ကောင်းစွာလေ့လာကျက်မှတ်ခဲ့တယ်။ ကောင်းမှုမြတ်နိုး ကောင်းအောင် ကြိုးစားအားထုတ်ခဲ့တယ်။ ဆရာမိဘတို့ကို ရိုသေလေးစား ဆုံးမမှုကို နာယူခဲ့တယ်။
          သမီးဟာ အဲဒီလို ကြိုးစားမှုတွေ ရှိခဲ့တဲ့အပြင် မိဘကို ပြုစုလုပ်ကျွေးခွင့်ပါ ရခဲ့ပြန်တယ်။ အကြောင်းများစွာကြောင့် အကျိုးတရား ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်ပညာသင်ဆု အစီအစဉ်အရ စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ နှစ်နှစ်သင်တန်းသို့ ဒီအကျိုးတရားတွေအရ သမီးတက်ရောက်ခွင့်ရခြင်း ဖြစ်တယ်လို့ ယူဆမိကြောင်းပါ။   ။…….

ဇလပ်နီ

မြတ်ပန်းရဂုံ… ရုပ်စုံဓမ္မစာစောင်… အမှတ်-၂၀၈၊ ဇန်န၀ါရီလ၊ ၂၀၀၉ ခုနစ်……. စာအုပ်မှ ရေးသား မျှဝေပါတယ်။ 



No comments:

Post a Comment