သမိုင်းတွင်လည်း ရာဇ၀တ်သားတစ်ယောက်က သာသနာပိုင်ဆရာတော်ထံတွင် ခိုလှုံနေစဉ် ရဲမက်တို့က ၀င်ရောက်ဖမ်းဆီးရာ ရာဇ၀တ်သားက သူသည် သာသနာပိုင် ဆရာတော်ကြီး၏ တူတော်စပ်ကြောင်း ပြောခဲ့၏။ ရဲမက်တို့က ထိုစကား မှန်မမှန် သာသနာပိုင်အား လျှောက်မေးကြရာ “ငါ့တူမဟုတ်ဘူးလို့ ဘယ်သူပြောသလဲ” ဟု ပြန်မေးခဲ့သဖြင့် ရာဇ၀တ်သားကို (ဆရာတော်၏ တူဟု ယူဆပြီး) အပြစ်ချမ်းသာပေးကြောင်း မှတ်သားရပါသည်။ (အပြည့်အစုံ မမှတ်မိတော့ပါ။)
အရှင်မြတ်တို့သည် မုသာဝါဒကံကို မကျူးလွန်ကြသော်လည်း နာကြားရသူတို့က အမှားကို အမှန်ဟု ထင်ခဲ့ကြသည်ဟု သုံးသပ်မိပါသည်။ သို့ပါ၍ အရှင်မြတ်တို့၏ ရည်ရွယ်ချက်စေတနာကို သံသယကင်းစွာ ကြည်ညိုနိုင်ရန် အကြောင်းအကျိုး ရှင်းလင်းပေးကြပါရန် မေးခွန်းတင်အပ်ပါသည်။
ဦးချမ်းမင်း
ဖြေ။ ။မေးသင့်သော မေးခွန်းဖြစ်ပါသည်။ ရှေးဦးစွာ မုသာဝါဒ၏ သဘော၊ မုသာဝါဒမြောက်ကြောင်း အင်္ဂါတို့ကို ဖော်ပြပါမည်။ မုသာဝါဒ-ဟူသည်ကား စီးပွားချမ်းသာကို ပျက်စေတတ်သော ကာယပယောဂ ၀စီပယောဂသည် မုသာဝါဒ မည်၏။ ချွတ်ယွင်းစေလိုသောအားဖြင့် သူတစ်ပါးကို ချွတ်ယွင်းစေတတ်သော ကာယပယောဂ ၀စီပယောဂကို ဖြစ်စေတတ်သော စေတနာသည် မုသာဝါဒ မည်၏။
တနည်းကား= မဟုတ်မမှန်သော ၀တ္ထုသည် မုသာ မည်၏။ ထိုမဟုတ်မမှန်သည်ကို ဟုတ်မှန်သော အားဖြင့် သိစေသည်ကား မုသာဝါဒ မည်၏။ အနက်အားဖြင့်ကား မဟုတ်မမှန်သော ၀တ္ထုကို ဟုတ်မှန်သောအားဖြင့် သိစေတတ်သော ၀ိညတ်ကို ဖြစ်စေတတ်သော စေတနာသည် မုသာဝါဒ မည်၏။
ထိုမုသာဝါဒသည် --
၁။ အတထံ ၀တ္ထု= ချွတ်ယွင်းသော ၀တ္ထုရှိခြင်း၊
၂။ ၀ိသံဝါဒနစိတ္တံ = ချွတ်ယွင်းစေလိုသော စိတ်ရှိခြင်း၊
၃။ တဇ္ဇော ၀ါယာမော = ထိုနှင့်လျော်သော လုံ့လရှိခြင်း၊
၎။ ပရဿ တဒတ္ထ၀ိဇာနနာ= ထိုသိုဆိုတိုင်းကို သူတပါးတို့ သိခြင်း- ဟု အင်္ဂါလေးပါးစုံသော် ကမ္မပထမြောက်၏။
မေးခွန်းပါဖြစ်ရပ်များနှင့် အထက်ပါအင်္ဂါလေးချက်ကို တိုက်ဆိုင်ကြည့်လျှင် မုသာဝါဒမြောက်၏-ဟု ဆိုရမည်ကဲ့သို့ ဖြစ်၏။ သို့ရာတွင် ကမ္မပထမြောက်ကာ အပြစ်ရောက်ပါသလော - ဟူမူ မရောက်ဟု ဖြေအပ်၏။
ဤတွင် ဘာသာဋီကာဆရာတော်၏ မှတ်ချက်ကို ဖော်ပြလိုက်လျှင် ရှင်းလင်းသွားပါလိမ့်မည်။
ကမ္မပထမြောက် မမြောက်။ ။ အင်္ဂါလေးပါးတွင် တဒတ္ထဇာနန-ဟူသည် လိမ်သည့်အတိုင်း ယုံကြည်ခြင်းတည်း။ ထို့ကြောင့် လိမ်သော်လည်း သူတစ်ပါးက မယုံလျှင် ကမ္မပထမမြောက်။ ယုံလည်းယုံ၊ ယုံ၍ တစ်စုံတစ်ခု ကိစ္စအတွက် အကျိုးစီးပွားလည်း ပျက်မှ ကမ္မပထမြောက်သည်၊ မင်းလည်း စိတ်ချမ်းသာအောင် လူတစ်ဖက်သားလည်း ရာဇ၀တ်မှုလွတ်အောင် လိမ်၍ပြောဆိုရာ၊ မိမိပစ္စည်းကို တောင်းလာရာ၌ ရှိပါလျက် မရှိဟု ပြောဆိုရာ၊ သံသုမာရဇာတ်၌ အလောင်းတော်မျောက်၏ မိကျောင်းအား လှည့်ပတ်ရာတို့၌ မုသာဝါဒဖြစ်သော်လည်း သူတစ်ပါး အကျိုးမပျက်သောကြောင့် ကမ္မပထမမြောက်။ (သင်္ဂြိုဟ်-ဘာဋီ-၃၇၈)
နောက်တစ်ခု သတိပြုရန် ရှိသည်မှာ မုသာဝါဒဟူသည် ၀စီဒုစရိုက် ဖြစ်၏။ ဒုစရိုက်မှုမှန်လျှင်လည်း အကုသိုလ်လျှင် အကြောင်းရင်းရှိ၏။ ထို့ကြောင့် သင်္ဂီတိသုတ် အဋ္ဌကထာတွင် = “မုသာဝါဒေါ ဒေါသမောဟ၀သေန ၀ါ လောဘမောဟ၀သေန ၀ါ တထာ ပိသုဏ၀ါစာ သမ္ဖပ္ပလာပေါ စ။= မုသာဝါဒသည် ဒေါသမောဟတို့၏ အစွမ်းကြောင့်လည်းကောင်း၊ လောဘမောဟတို့၏ အစွမ်းကြောင့်လည်းကောင်း ဖြစ်၏။” ဟု ဆိုထားပါသည်။ သို့ရကား လောဘဒေါသမောဟ-ဟူသော အကုသိုလ်တရားများလျှင် အကြောင်းရင်း မရှိသော အပြုအမူ အပြောအဆိုများ မုသားအသွင် ရောက်နေစေကာမူ မုသာဝါဒမဖြစ်ဟု မှတ်သင့်ပါသည်။
သမန္တစက္ခုဒီပနီကျမ်း ၁၆၁-ပုစ္ဆာ+၀ိသဇ္ဇနာတွင် --မိဘတို့သည် သားငယ် သမီးငယ်တို့အား မသွားစေလို မလာစေလိုသော စိတ်ဖြင့် ဤအရပ်၌ ဆင်ရှိသည်၊ ကျားရှိသည် စသည်တို့ဖြင့် မသွားမလာလေအောင် ပြောဆိုသော အရာ၌ မုသာဝါဒ လွတ်မလွတ်ကို မေးရာ၌-
ယုံကြည်စေလိုသောစိတ်ရှိသည်၊ ထိုစိတ်ဖြင့်ဆိုသည်၊ ကြားသူ သားမြေး တို့ကလည်း ယုံကြည်သည်၊ ကျားဆင် မရှိသည်၊ ဤသို့စသည်တို့ဖြင့် အင်္ဂါအများ ညီညွတ်သောကြောင့် ၀ိနည်းသုတ္တန်တို့တွင် လာသောနည်းတို့ဖြင့်သာ အ၀ီမံသနာကာရဖြင့် (မစူးစမ်း မဆင်ခြင်ဘဲ) ယူချေသော် မုသာဝါဒ ဖြစ်ရာပင်ရောက်၏ဟု ဆိုကောင်းပချေ၏။ သို့သော်လည်း စုံစမ်းဆင်ခြင်ရန် အများပင် ရှိချေသည်။ ၀ိနည်း အဋ္ဌကထာတွင် “အကုသလစိတ္တံ တိဝေဒနံ” ဟု လာသည်။ မုသာဝါဒဟူသည်ကား အကုသိုလ်စိတ်ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။
မိဘတို့သည်ကား သားငယ်မြေးငယ်တို့ကို အဝေအနီး မရွေးမချယ် သွားလာလေသည်ရှိသော် တစ်စုံတစ်ခုသော ဘေးရန် ထိခိုက်ရာ၏ဟု ထိုဒုက္ခမှ ကင်းစေလို၍ ဆိုသည်။ ဒုက္ခဖြစ်ချေတော့မည် ပြောဆိုသော်လည်း မလိမ္မာသောကြောင့် မရှောင်ရှားရာ။ ကြောက်လန့်ဖွယ်ကို ပြော၍ ခြိမ်းခြောက်မှ ကြောက်လန့်၍ မသွားမလာ နေရာသည်။ မသွားမလာ နေမှလည်း ဘေးရန် ကင်းရာသည်ဟု ကရုဏာပြဋ္ဌာန်းသော မဟာကုသိုလ်စိတ်ဖြင့် ဆိုသော စကားဖြစ်၍ မုသာဝါဒ မဖြစ်၊ အပြစ်မရှိ၊ မိဘတို့ကသာ ဆိုသင့်သည် မဟုတ်၊ ဤကဲ့သို့ အကျိုးကို မျှော်ထောက်၍ ဆရာသမား ဦးကြီးနောင်မယ် မိတ်ဆွေခင်ပွန်းတို့ ပြောဆိုသမျှလည်း မုသာဝါဒ မဖြစ်ဟူ၍သာ မှတ်သင့်သည်။
မဟာသုတဇာတ်၌ ညောင်စောင့်နတ်သည် ရဟန်း အယောင်ဆောင် ပေါရိသာဒကို ပြသောကာလ သုတသောမမင်းပါမှ ငါပူဇော်ခံရမည်ဆိုသည်။ အရှင်သာရိပုတ္တရာသည် တမ္ဗဒါဌိကအား တရားကို တည်တံ့စွာ မနာနိုင်သည်ကိုမြင်၍ သင်လူကို သတ်ရသည်ကား သင့် အလိုအလျောက်လောဟု မေးရာ၌ မင်းကခိုင်း၍ သတ်ရပါသည်ဆိုလျှင် သင့်အလိုအလျောက်မဟုတ်၊ မင်းကခိုင်းသည်ရှိသည်သော် သင့်မှာအပြစ်မရှိဟု မိန့်တော်မူမှ တရားကိုနာနိုင်သည် ဟူ၏။ နန္ဒမထေရ်အား ဤမန္တန်ကိုရအောင် ကျက်လော့ နတ်သမီးကို ရလိမ့်မည်ဟု မိန့်တော်မူသည်။ ပိလန္ဒ၀စ္ဆ ထေရ်အား မဟာဂန္ဓာရီ မန္တန်ကို တတ်လိုသော် ရဟန်းပြုလော့ဟု မိန့်တော်မူသည်။ ၀င်္ဂီသထေရ်အား ရဟန္တာ၏ လားရာကိုသိသော မန္တန်ကို တတ်လိုသော် ရဟန်းပြုလော့ဟု မိန့်တော်မူသည်။ ဤသို့သောအရာတို့၌ အကုသိုလ် စိတ် မဟုတ်သောကြောင့် မုသားမဖြစ်။ - (စာ-၆၁၄)
အထက်ပါ ဆရာမြတ်တို့၏ အဆုံးအဖြတ်ကောက်နှုတ်ချက်တို့ဖြင့် မေးခွန်းရှင်၏ သံသယများ ကင်းစင်လောက်ပြီးဟုယူဆပါသည်။
အချို့က စာရေးဆရာတို့ မရှိသောဇာတ်ကောင်ကို အရှိလုပ်၍ ရေးသဖြင့် မုသာဝါဒဖြစ်၏-ယူဆကြ၏။ သူတစ်ပါးအကျိုးစီးပွား ပျက်ယွင်းစေလိုသော စေတနာဖြင့် ရေးသားခြင်းမဟုတ်သောကြောင့် အပြစ်မဖြစ်ရာပါ။ အသိပညာ ပေးဝေလိုသော မကောင်းမှုရှောင် ကောင်းမှုဆောင်စေလိုသော စိတ်ကောင်းစေတနာဖြင့် ရေးသားခြင်း ဖြစ်သောကြောင့် ဓမ္မဒါနကုသိုလ်ပင် ဖြစ်နိုင်ပါသည်။ အလွန်ဆုံး အကျိုးမရှိသော အကြောင်းအရာများချည်း ဖြစ်နေခဲ့သော် သမ္ဖပ္ပလာပ၀ါစာသာ ဖြစ်နိုင်ရာ၏။
အချို့သောဆရာများကလည်း ဇာတကလာ ဘ၀ဖြစ်စဉ်အချို့တွင် ဘုရားလောင်း၏ အပြုအမူ အပြောအဆိုအချို့နှင့် ပတ်သက်၍ မုသာဝါဒမြောက်ကြောင်း ပြောဆိုရေးသားကြ၏။ မုသာဝါဒမြောက်ကြောင်း အင်္ဂါလေးပါးအရ ပြောသည့်အတိုင်း မဟုတ်မမှန်သဖြင့် မုသာဝါဒ မည်နိုင်သော်လည်း -“ ဘုရားလောင်းအား အချို့သော (ဘ၀)ဌာနတို့၌ ပါဏာတိပါတ သည်လည်းကောင်း၊ အဒိန္နာဒါနသည် လည်းကောင်း၊ ကာမေသုမိစ္ဆာစာရသည်လည်းကောင်း၊ သုရာမေရယမဇ္ဇပါနသည်လည်းကောင်း ဖြစ်သည်သာ။ သူတစ်ပါး အကျိုး စီးပွား ပျက်စေနိုင်လောက်သော ချွတ်ယွင်းမှုကို ရှေ့သွားပြု၍ မုသားပြောဆိုခြင်းမည်သည်ကား မရှိ။” (ဇာ၊ဋ္ဌ၊၃၊ ၄၇၅) ဟူသော အဋ္ဌကထာမှတ်ချက်အရ အတ္ထဘေဒက-ဟု ဆိုအပ်သော သူတစ်ပါးအကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း မုသားစကားကိုကား မည်သည့်အခါ (မည်သည့်ဘ၀) ကမျှ မပြောခဲ့ဟု မှတ်ယူသင့်ပါသည်။
ထို့ကြောင့် မိမိတို့လည်း “ရာဟုလာ ဤဥပမာအတူသာလျှင် မုသား (သိလျက် ချွတ်ယွင်းသော) စကားကို ပြောဆိုရာ၌ အရှက်မရှိသော မည်သည့်ရဟန်းအားမဆို မပြုလုပ်ဝံ့သော အကုသိုလ် မကောင်းမှုသည်လည်း တစ်စုံတစ်ခုမျှ မရှိပြီ ဟူ၍ ငါဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ `ရယ်ရွှင် မြူးထူးလို၍မျှလည်း ချွတ်ယွင်းသော စကားကို မဆိုအံ့” ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။” (မဇ္ဈိပဏ္ဏာသပါဠိတော်၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်)
“အကုသိုလ်တရားတို့တွင် မုသာဝါဒသည် ကြီးလေးသကဲ့သို့၊ ဤအတူ ကုသိုလ်တရားတို့တွင် သစ္စ၀ါစာသည် ကြီးလေး၏။” (သီ၊ဋီ၊သစ်၊ ၁။၂၂၂။)
“သစ္စာတရား တစ်ခုကို လွန်၍ မုသားစကားကို ဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်းမရှိသောသူအား မပြုနိုင်မည့် မကောင်းမှု အကုသိုလ်မည်သည် မရှိ။” (ဓမ္မပဒဂါထာ၊ ၁၇၆) ဟူသော ဒေသနာ တို့ကို ကြည်ညိုလေးစားသော စိတ်ထားဖြင့် အတ္ထဘေဒကအဆင့်မရောက်အောင် စကားပြောဆိုရာတွင် သတိထားကာ ရှောင်ကြဉ်ကြရမည် ဖြစ်ပါသည်။
အရှင်ကောဝိဒ (ယော)
No comments:
Post a Comment