Thursday, August 25, 2011

လူ….လမ်း နဲ့….စခန်း..


မသိမှုအမှောင် ဖုံးလိုက်ပုံများ..
ရေမြှုပ်လုံး..ရွှေတုံးထင်လို့ ထထသုတ်ရတာလဲ အခါခါ..
ရေပွက်ပမာ ဖြစ်-တည်-ပျက်
အစဉ်ကဆက်တော့ အမျှင်က မပျက်ချင်
အလမ္ပာယ် တန်ခိုးနဲ့ တံလျှပ်ကို ရေထင်ခဲ့..
အနှစ်မဲ့ ငါ..ငါ..ငါ..အော်
သံသရာမှာ အပျော်ကြီးပျော်ခဲ့ ပြီးပြီ…

အကြောင်းကံပျော်ပျော်ပြုခဲ့မှဖြင့်
အကျိုးခံဖော်ဖော်ထုခါမှ..
သိကြားကုရမလို နတ်ကုရမလို..
ခရာတာတာ ညုမနေပါနဲ့..
တကယ်တော့..
ဘယ်သူမပြု မိမိမှုမဟုတ်လား…

မသိမှုက စတဲ့ သံသရာ..
သိ တစ်လုံးမှာ ဆုံးမယ်တဲ့
မဟာဝီရ လမ်းညွှန်ပြခဲ့ပြီ..
လည်ပတ်စေခဲ့ ဓမ္မစက်နဲ့
တပည့်သား သံဃာ တို့ဆရာတွေ
အဆင့်ဆင့်လက်ကမ်း..
ဒါ .. လျှောက်သင့်တဲ့ လမ်းလေ….

ခံစား နှိပ်စက် အစွန်းနှစ်ဘက်လွတ်ရာ
မဇ္ဈိမ ပဋိပဒါ …
ကွယ်…မင်းလိုချင်ရင်လေ..
အတိတ်ကိုမလွမ်း..အနာဂတ် မတမ်းပဲ..
တည့်တည့်ကြည့် အခုမြင်
ဟေ့..ဒါ တရား ကွဲ့..
လာလှည့် ရှုလှည့်..
ခုလိုချင် အခုကျင့်..
အယူမတိမ်းပဲ ချက်ချင်းငြိမ်းစေမယ်….

လည်နေတဲ့ ချားရဟတ်
တဏှာ ဆီကုန်ရင် ရပ်မဟဲ့ လို့..
ဒုက္ခကိုမြင် သမုဒယကို မခင်ပါမှ
လောက မစင်တွင်းကနေ
မဂ္ဂင်ဖောင်စီး နိဗ္ဗူတာ နီးလိမ့်မယ်….

မောဟကိုရပ်ရင်..
လောဘကိုဖြတ်..ဒေါသကို တန့်စေခဲ့
မြင်ရင်သိ..ကြားရင်သိ..နံရင်သိ…
ထိမိရင် သတိချပ်.. ဒွါရမှာ အာရုံလာလာကပ်ရင်..
တထပ်တည်းသာသိပေး..
မကြာမတင်အနီးလေးပါ..
တည်ငြိမ်တဲ့နှလုံး..အေးချမ်းတဲ့အပြုံးနဲ့..
သံသရာ အဆုံးဆိုတာ…..
ရေးသူ --- ကိုဇော်နိုင်

No comments:

Post a Comment