= သေခြင်းတရားအကြောင်း
ပြောဆိုတာလောက် မင်္ဂလာရှိတာ
လောကမှာ မရှိတော့ပါဘူး။
သေခြင်းတရားအကြောင်း
တွေးတောခြင်းဟာလည်း
လောကမှာ ကျက်သရေ အရှိဆုံးပါပဲ။
ဘာလို့လဲဆိုတော့ သေခြင်းတရားကို
အမှတ်ထင်ထင် သတိရနေမှသာ
မသေခင် အခိုက်အတန့်ကာလလေးကို
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်
အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တွေနဲ့
တန်ဖိုးရှိရှိ အသုံးချသွားနိုင်မှာ ဖြစ်လို့ပါပဲ။
= အလုပ်ပိုတွေ
အကာအလုပ်တွေကို
အတတ်နိုင်ဆုံး ရှောင်ရှားပြီး
အလုပ်လိုတွေ
အနှစ်အလုပ်တွေကို
အစွမ်းနိုင်ဆုံး ဆောင်ပွားနိုင်ဖို့
သေခြင်းတရားကို
မဖြစ်မနေ သတိရသင့်ပါတယ်။
= သေခြင်းတရားကို သတိရအောက်မေ့တာ
သေခြင်းတရားကို ဆင်ခြင်ပွားများတာဟာ
စိတ်ညစ်ဖို့၊ စိတ်ဓာတ်ကျဖို့ မဟုတ်ပါဘူး။
စိတ်ခိုင်ဖို့၊ စိတ်ဓာတ်မြင့်ဖို့ပါ။
= အသက်ငယ်ရွယ်တုန်း ကာမဂုဏ်ခံစားပြီး
အသက်ကြီးရင့်မှ တရားအားထုတ်မယ်လို့
နှလုံးသွင်းထားသူတွေအတွက်
တကယ်လို့များ ငယ်တုန်းရွယ်တုန်း
သေဆုံးသွားခဲ့ရင် တရားအားထုတ်ဖို့
အချိန်ကောင်း အခွင့်ကောင်းတွေ
လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ်။
= လောကဓံခံနိုင်ရည်ရှိဖို့နဲ့
ဘ၀မှာ လိုအင်ဆန္ဒတွေ မများဖို့အတွက်
..တစ်နေ့ကျရင် သေရမှာပဲ.. လို့
သေခြင်းတရားနဲ့ ပတ်သက်ပြီး
ဆင်ခြင်ကြရပါမယ်။
စိတ်ကောင်းနှလုံးကောင်းရှိဖို့နဲ့
ဝိပဿနာစိတ်ကလေး
အဆက်မပြတ်ဖြစ်ဖို့အတွက်
..အချိန်မရွေး သေသွားနိုင်တယ်..
..ခဏနေသေရင် သေသွားနိုင်တယ်.. လို့
သေခြင်းတရားနဲ့ ပတ်သက်ပြီး
ဆင်ခြင်ကြရပါမယ်။
= သေခြင်းတရားကို အမြဲသတိရှိတော့
နေခြင်းတရားမှာလည်း
အမြဲသတိ လွှမ်းမိုးနေတော့တာပေါ့။
အသေမမေ့ရင် အနေမမေ့တာ သဘာဝပါပဲ။
= ဘယ်အသက်အရွယ်မှာ သေမလဲ
ဘယ်အနာရောဂါနဲ့ သေမလဲ
ဘယ်အချိန်မှာ သေမလဲ
အသေကောင်ကို ဘယ်သုသာန်မှာ
စွန့်ပစ်ခံရမလဲ
သေပြီးရင် ဘယ်ဘ၀ရောက်မလဲ
ဒီငါးပါးကို လူသားတွေ မသိနိုင်ကြပါဘူး။
ဒီမသိခြင်းငါးပါးက လူသားအားလုံးကို
လွှမ်းမိုးနှိပ်စက်နေပါတယ်။
= ဘာအလုပ်ပဲလုပ်လုပ်
ပါရမီဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။
လူမှုစီးပွားမျှော်လင့်ချက်နဲ့
တမလွန်ကောင်းကျိုး တောင့်တချက်တွေကို
ဘေးချိတ်ချောင်ထိုးထားလိုက်ပြီး
နိဗ္ဗာန်ချမ်းသာ မျှော်လင့်ချက်နဲ့
အများကောင်းကျိုး တောင့်တချက်တွေကို
ရှေ့တန်းတင်ဦးညွတ်ထားလိုက်ရင်
လုပ်သမျှ ပါရမီဖြစ်ပါပြီ။
ပါရမီမြောက်တဲ့ အလုပ်တိုင်းဟာ
လက်ငင်းချမ်းသာတဲ့ အကာလိက အလုပ်တွေပါပဲ။
= လောကီအာရုံ ကာမဂုဏ်ချမ်းသာဆိုတာ
ခံစားချင်တဲ့စိတ် ဖြစ်တာနဲ့ တစ်ပြိုင်နက်
ချက်ချင်းခံစားရတဲ့ ချမ်းသာမျိုး မဟုတ်ပါဘူး။
အချိန်ယူရတဲ့ချမ်းသာ၊ အချိန်ဆိုင်းရတဲ့ ချမ်းသာပါ။
= နိဗ္ဗာန်ချမ်းသာဟာ ဘယ်တော့ဆို ဘယ်တော့မှ
ကုန်ပျောက်ပျက်စီးခြင်းမရှိ
အစဉ်ထာဝရ တည်မြဲနေတယ်ဆိုတာကို
အသေအချာအလေးအနက် တွေးကြည့်ရင်
နိဗ္ဗာန်ချမ်းသာလောက် လိုချင်စရာကောင်းတဲ့
ချမ်းသာ လောကမှာ မရှိတော့ပါဘူး။
= မိမိကိုယ်တိုင်က သေရခြင်းသဘောရှိပါလျက်
ကုန်ပျက်ရခြင်းသဘော ရှိပါလျက် သေမယ့်သဘော၊ ကုန်ပျက်မယ့် သဘောကိုသာ
ရှာမှီးနေခဲ့မယ်ဆိုရင် အဲဒီရှာမှီးခြင်းဟာ
မမြတ်သောရှာမှီးခြင်း
နိမ့်ကျညံ့ဖျင်းသော ရှာမှီးခြင်းဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့
သေခြင်းတရားက မလွတ်မြောက်နိုင်လို့ပါပဲ။
= မိမိကိုယ်တိုင်က သေရခြင်းသဘော ရှိပေမယ့်
ကုန်ပျက်ရခြင်းသဘော ရှိပေမယ့်
သေခြင်းကင်းတဲ့သဘော
ကုန်ပျက်ခြင်းကင်းတဲ့သဘောကို
ရှာမှီးနေခဲ့မယ်ဆိုရင်တော့
အဲဒီရှာမှီးခြင်းကို မြတ်သောရှာမှီးခြင်း
အထက်တန်းကျ အဆင့်မြင့်သော
ရှာမှီးခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
ဘာလို့လဲဆိုတော့
သေခြင်းတရားက လွတ်မြောက်နိုင်လို့ပါပဲ။
= အာနာပါနရှုပွားတဲ့သူဟာ
တစ်ထိုင်တည်းနဲ့တောင်
ရဟန္တာဖြစ်နိုင်တယ်လို့
မိန့်ကြားတော်မူထားပါတယ်။
ဒါ့ကြောင့် အာနာပါနကမ္မဋ္ဌာန်းကို
နိဗ္ဗာန်သွားတဲ့ဖြတ်လမ်း
နိဗ္ဗာန်သွားတဲ့လမ်းတိုလို့
ရှေးသူဟောင်းတွေ မိန့်ဆိုတော်မူကြပါတယ်။
= ၀င်သက်ထွက်သက်ဆိုတဲ့အတိုင်း
ဘ၀တစ်ခုရဲ့အသက်ဟာ
ဝင်လေထွက်လေဖြစ်လို့
ဝင်လေထွက်လေကို သတိကပ်ရှုမှတ်ရတဲ့
အာနာပါနကမ္မဋ္ဌာန်းဟာလည်း
ဝိပဿနာယောဂီတိုင်းရဲ့
အသက်သွေးကြောကမ္မဋ္ဌာန်းကြီး ဖြစ်ပါတယ်။
= အိပ်ချိန်၊ နိုးချိန်၊ အချိန်တိုင်းမှာ
ထင်ရှားနေတဲ့အတွက်
ရှုမှတ်ရတာလည်းလွယ်ကူ
မရပ်မနားလည်း အဆက်မပြတ်
ရှုမှတ်နိုင်တာကြောင့်
အာနာပါနကမ္မဋ္ဌာန်းကို
ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ်
သတ်မှတ်ပြီး အားထုတ်တာဟာ
လူအများစုအတွက် အသင့်တော်ဆုံးပါပဲ။
= သတိပဋ္ဌာန်တရားနဲ့ နေရတာလောက်
စိတ်ချမ်းသာစရာကောင်းတာ
လောကမှာ မရှိတော့ပါဘူး။
တခြားနည်းနဲ့ စိတ်ချမ်းသာရတာက
အပြည့်အ၀စိတ်ချမ်းသာမှု မရပါဘူး။
သတိပဋ္ဌာန်နည်းနဲ့ စိတ်ချမ်းသာရတာက
အပြည့်အ၀စိတ်ချမ်းသာမှု ရပါတယ်။
ဘာလို့လဲဆိုတော့
သတိပဋ္ဌာန်တရားကြောင့်ရတဲ့ စိတ်ချမ်းသာမှုက
ပူလောင်တင်းကျပ်တဲ့ ငါအစွဲနဲ့ ငါ့ဥစ္စာအစွဲတွေ
ကင်းရှင်းလွတ်မြောက်နေလို့ပါပဲ။
= ရုပ်သက်သက်ပဲရှုမယ်လို့ နှလုံးသွင်းပြီး
ရုပ်ကိုချည်း မရှုရပါဘူး။
နာမ်သက်သက်ပဲရှုမယ်လို့ နှလုံးသွင်းပြီး
နာမ်ကိုချည်း မရှုရပါဘူး။
ဘာလို့လဲဆိုတော့
ရုပ်သက်သက်ရှုရုံ၊ နမ်သက်သက်ရှုရုံနဲ့
တရားမရနိုင်၊ မဂ်မကျနိုင်လို့ပါပဲ။
ဒါပေမဲ ရုပ်နာမ်နှစ်ခုသုံးခု၊ နာမ်နှစ်ခုသုံးခု
စသည်တို့ကို တစ်ပြိုင်နက်တစ်ပေါင်းတည်း
ရှုဖို့တော့ မလိုပါဘူး။ ထင်ရှားတဲ့
ရုပ်နာမ်တစ်ခုခုကို ရှုမှတ်ပြီးသိရင်
တစ်ပြိုင်နက်ဖြစ်တဲ့ ရုပ်နာမ်တွေကို
ရှုခြင်းကိစ္စ၊ သိခြင်းကိစ္စလည်း
အလိုလိုပြီးစီးသွားပါတယ်။
= အတိတ်ရုပ်နာမ်ကလည်း
ဖြစ်ပြီးသွားလို့ မရှိတော့ပါဘူး။
အနာဂတ်ရုပ်နာမ်ကလည်း
မဖြစ်သေးလို့ မရှိသေးပါဘူး။
မရှိတဲ့ရုပ်နာမ်ကို ရှုနေလို့
ဝိပဿနာဥာဏ်အစစ် မဖြစ်နိုင်ပါဘူး။
..ဘူတံ ဘူတတော ပဿတိ.. ဆိုတဲ့အတိုင်း
လောလောဆယ်ထင်ရှားရှိနေဆဲ
ဖြစ်ခိုက်ရုပ်နာမ်၊ ပစ္စုပ္ပန်ရုပ်နာမ်ကို
ရှုမှသာ ၀ိပဿနာဥာဏ်အစစ် ဖြစ်နိုင်ပါတယ်။
= တရားအားထုတ်ခါစ ပုဂ္ဂိုလ်ဟာ
အထင်ရှားဆုံး အာရုံတစ်ခုကို
နေ့စဉ်သုံးစွဲနေကျ၊ အမြဲခေါ်ဝေါ်နေကျ
စကားလုံးအတိုင်း ရှုမှတ်ရပါမယ်။
ပထမပိုင်းမှာ ပညတ်နဲ့ရောနေပေမယ့်
သတိ၊ သမာဓိ၊ ဥာဏ်အားကောင်းလာတာနဲ့အမျှ
ပညတ်တွေကွာကျပြီး
ဖောက်ပြန်သဘော၊ သိသဘောဆိုတဲ့
ရုပ်နာမ်ပရမတ်သဘောတွေကို
ကွဲကွဲပြားပြား သိလာပါလိမ့်မယ်။
ဥာဏ်ရင့်သထက်ရင့်လာရင်
ဖြစ်ပျက်သဘောတွေ
မမြဲ၊ မကောင်း၊ မပိုင်သဘောတွေပါ
ထင်ရှားသထက် ထင်ရှားလာပါလိမ့်မယ်။
= မြက်ဖျားပေါ်တင်နေတဲ့
ဆီးနှင်းပေါက်လေးတစ်ခုဟာ
ကြာရှည်စွာ တည်တံ့ခြင်း မရှိပါဘူး။
နေရောင်ခြည်ထွက်ပေါ်လာတာနဲ့
တစ်ပြိုင်နက်တည်း ချက်ချင်းဆိုသလိုပဲ
ကွယ်ပျောက်သွားရပါတယ်။
အဲဒီလိုပါပဲ၊ လူသားတွေရဲ့အသက်ဟာ
အင်မတန်တိုတောင်းလှပါတယ်။
ဘယ်လောက်မှ မကြာပါဘူး။
ဆီးနှင်းတစ်ပေါက်ရဲ့ သက်တမ်းလို
ပျောက်ပျက်လွယ်ပါတယ်။
= မြေကြီးထဲက ထွက်လာသမျှ မှိုပွင့်တွေရဲ့
ထိပ်မှာ မြေမှုံသဲမှုံလေးတွေ ကပ်ပါလာသလို
မွေးဖွားလာသမျှ လူသားတွေရဲ့
ခန္ဓာအစဉ်မှာလည်း
သေခြင်းတရား ကပ်ပါလာပါတယ်။
မှိုပွင့်ပေါ်က မြေမှုံသဲမှုံတွေကို
ဆေးကြောပစ်လို့ ရချင်ရပါလိမ့်မယ်။
လူသားခန္ဓာက သေခြင်းတရားကိုတော့
လုံးဝဆေးကြောပစ်လို့ မရပါဘူး။
= သေခြင်းတရားကို ကြိုတွေးခြင်း
ကြိုသိခြင်းဟာ လောကီလောကုတ္တရာ
အဖိုးတန်ရတနာသိုက်တွေကို အမြန်ဆုံး
တူးဖော်ပေးမယ့် အကောင်းဆုံး လက်နက်ပါပဲ။
= ဘ၀ပြတ်အောင် အားမထုတ်နိုင်သေးသူအတွက်
သေခါနီးမှာ တမလွန်ဘ၀ကူးကောင်းဖို့
အလွန်အရေးကြီးပါတယ်။
သေရမယ့်အချိန်ကို ကြိုသိရင်
ဘ၀ကူးကောင်းဖို့အတွက်
စိတ်တိုင်းကျ ကြိုတင်ပြင်ဆင်နိုင်ပါတယ်။
သေရမယ့်အချိန်ကို ကြိုသိချင်တယ်ဆိုရင်တော့
အာနာပါနသတိပဋ္ဌာန်တရားကို
လေးလေးစားစား ပွားများအားထုတ်ကြရုံပါပဲ။
= မနိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ
အကောင်းဆုံးအနေအထားဖြစ်အောင်
လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
အသေကြီးနဲ့ သေခါနီးအချိန်မှာ အာရုံကောင်း
နိမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက်
အသေလေးနဲ့ သေခါနီးအချိန်ကို
အာရုံကောင်း၊ နိမိတ်ကောင်းတွေနဲ့
ထုံမွှမ်းပေးထားရပါမယ်။
= နေမင်းကြီးဟာ မကွယ်ခင်မှာ ကိုယ်တိုင်လည်း
တောက်ပ၊ လောကကိုလည်း အလှဆင်သလို
လူဟာလည်း မသေခင်မှာ
ကိုယ့်အကျိုးလည်းဆောင်ရွက်
သူတစ်ပါးအကျိုးလည်း သယ်ပိုးကြရပါမယ်။
= ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း
ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို
မလိုအပ်ဘဲ တွေးတောနေပြီး
စိတ်ပင်ပန်း မနေသင့်ပါဘူး။
မသေခင် ကိုယ်တကယ်ပိုင်တဲ့
ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ
စိတ်ကို တည့်တည့်ချထားပြီး
လုပ်သင့်လုပ်ထိုက်တာကို
အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။
= ကိလေသာဖြစ်မယ့်ကိစ္စ
အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ
တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။
ကိလေသာစိတ်မဖြစ်ရဲ၊ အကုသိုလ်အလုပ်
မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။
= ..တစ်လောကလုံးမှာ ကိုယ်ပိုင်တာ
ဘာမှမရှိပါလား.. ဆိုတဲ့အသိ စွဲစွဲမြဲမြဲ
ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင်
ရှိချင်တာမရှိလို့လည်း မပူပန်တော့ပါဘူး။
ရှိပြီးတာမရှိလို့လည်း မဆူညံတော့ပါဘူး။
= မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ
အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့
ကိလေသာခေါင်းပါးရေးအလုပ်
ကိလေသာအမြစ်ပြတ်ရေး အလုပ်ပါပဲ။
= လူဖြစ်စဉ်ထဲက ဘ၀တွေအားလုံးထဲမှာ
ရဟန်းဘ၀ဟာ အမြင့်ဆုံး၊ အမြတ်ဆုံးဆိုတာ
သိနေပါလျက်နဲ့ ရဟန်းဘ၀ကို
မခံယူဘူးဆိုရင် ကိုယ့်လောက်ညံ့ဖျင်းတဲ့လူ
ကိုယ့်လောက်မိုက်မဲတဲ့လူလောကမှာ
မရှိတော့ဘူးလို့ ယူဆမိပါတယ်။
ရဟန်းဘ၀မှတစ်ပါးသောဘ၀တွေနဲ့
ကိုယ့်ဘ၀ဖြစ်တည်ရမှာကိုလည်း
ရှက်လာမိပါတယ်။
= ဘ၀ဆိုတာအလုပ်လုပ်ခြင်း
ဘ၀ဆိုတာ သေဆုံးခြင်းလို့ပဲ
ဘ၀ကို အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။
လုပ်ချင်တဲ့အလုပ်ကိုပဲဖြစ်ဖြစ်
မလုပ်ချင်တဲ့အလုပ်ကိုပဲဖြစ်ဖြစ်
လုပ်နေရတာဟာ ဘ၀ပါပဲ။
မနေ့ကဘ၀သေဆုံးပြီးမှ ဒီနေ့ဘဝ
ပြီးခဲ့တဲ့နာရီ၊ မိနစ်၊ စက္ကန့်ဘ၀သေဆုံးပြီးမှ
အခုနာရီ၊ မိနစ်၊ စက္ကန့်ဘ၀ဖြစ်ရတဲ့အတွက်
အချိန်တိုင်း သေဆုံးနေရခြင်းဟာ ဘ၀ပါပဲ။
= အရေးကြီးကိစ္စကြုံတိုင်းကြုံတိုင်း
ကိုယ်အားထုတ်ထားခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ
အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို
သစ္စာဆိုပြီးဆုတောင်းပါ။
လိုအင်ဆန္ဒအားလုံး ပြည့်ဝပါလိမ့်မယ်။
No comments:
Post a Comment