လူဆိုသည်မှာ အပြစ်နဲ့ မကင်းသော သတ္တ၀ါဖြစ်၏။ သို့ရာတွင် တစ်ဘက်၌အပြစ်ကို ဖုံးကွယ်တတ်သော အကျင့်လည်း ရှိကြလေသည်။ မည်သူမျှ အပြစ်ရှိသောသူအဖြစ်သို့ မရောက်လိုကြပေ။ တကယ်အပြစ် ကျုးလွန်ခဲ့သော တရားခံများကပင် ဥပဒေရှေ့မှောက်၌ပင် အပြစ်လွတ်အောင် လျှောက်လဲကြ၏။ ယုတ်စွအဆုံး အပြစ်ပေါ့လိုကြ၏။ ဤသည်မှာ လူ့အကျင့်ပင် ဖြစ်ပေသည်။
အပြစ်မဖြစ်လိုလျှင် အပြင်တင်မခံလိုလျှင် အပြစ်မဖြစ်အောင် နေလျှင် ရပါသလော၊ လူသည် သိလျက်ဖြစ်စေ မသိဘဲဖြစ်စေ၊ ဆင်ခြေကန်၍ ဖြစ်စေ၊ တစ်ချိန်ချိန် တစ်ခါခါတွင် အပြစ်ပြုလုပ်မိ တတ်ပေသည်။ သို့ရာတွင် မိမိက အပြစ်ကို တမင်ပြုလုပ်ခြင်းမဟုတ်ဘဲ အမှတ်မထင် အပြစ်ဖြစ်လာရသည်ဟု လည်းကောင်း၊ မိမိကိုယ်တိုင်က အပြစ်ဟုမယူဆဘဲ အခြားလူများက အပြစ်ဟု ယူဆခြင်းကြောင့်သာ အပြစ်ဖြစ်လာသည်ဟူ၍ လည်းကောင်း၊ မိမိအပြုမူသည် အပြစ်ဟု ခေါ်ဝေါ်ပိုင်းခြားလောက်သော သတ်မှတ်ချက်သို့ မရှိဟူ၍လည်းကောင်း မှတ်ထင်ယူဆနေမိတတ်ကြပေသည်။ အချုပ်အားဖြင့် မိမိကိုယ်ကို အပြစ်ငြိအောင် ထုချေ ဖုံးကွယ်နေတတ်ပေသည်။
ဤထုချေချက်သည် လုပ်ကြံ ထုချေချက်မျိုးလည်း ရှိ၍ တကယ်ရိုးသားစွာပင် ဤအတိုင်း ရှုမြင်နေခြင်းမျိုးလည်း ရှိပေသည်။ များစွာသောအပြစ်တို့သည် ကာယကံရှင်၏ ပေါ့ပေါ့ဆဆ တွေးမှု၊ အရေးမထားမှု၊ ကောက်ချက်လွဲမှုတွေကြောင့် ကျူးလွန်မိခြင်းများ ဖြစ်တတ်ပေသည်။ခိုးယူကျူးလွန်သူက စားစရာမရှိ၍ ခိုးရပါသည်ဟု ဆင်ခြေပေးတတ်ပေသည်။ အဘယ်ကြောင့် ရရာအလုပ်ကို ရိုးသားစွာ မလုပ်သည်ကိုမူ သတိမထားတတ်ပေ။ သူတစ်ပါး မယားကို ကြာခိုသူက မေတ္တာ၏ လျို့ဝှက် နက်နဲဆန်းကြယ်ပုံကို ဖွဲ့နွဲ့ သီကြူးနေတတ်ပေသည်။ လူ့စည်း လူ့ဘောင် နှင့် ဘ၀ပြဿနာများကိုမူ ထည့်သွင်းမစဉ်းစားတတ်ပေ။
မိလိန္ဒပဥှာတွင် အပြစ်ကို မသိ၍ ကျူးလွန်သူက သိ၍ ကျူးလွန်သည်ထက် ပို၍ ဆိုးဝါးကြောင်းဆိုသည်။ အဘယ်ကြောင့် ဆိုသော် အပြစ်ဟုသိသူသည် တစ်ကြိမ်သာ ကျူးလွန်၍ နောင်တရသွားနိုင်ပြီး အပြစ်ကို ၀န်ခံရန် လည်း အခွင့်လမ်းရှိပြီး... အပြစ်ဟူ၍ မသိ မယူဆ သူက ထပ်ကာတလဲလဲ ကျူးလွန်နေနိုင်ခြင်းကြောင့် ဖြစ်ပေသည်။ ဤနည်းတိုင်းပင် အပြစ်ကြီးတစ်ခုကို အပြစ်ဟု မမြင်ဘဲ မိမိကိုယ်ကို လှည့်စားနေလျှင် ဆက်ကာ ဆက်ကာ အပြစ်ကျူးလွန်နေပေလိမ့်မည်။
ထို့ကြောင့် အပြစ်ဟုတ်မဟုတ် သဘာဝကျကျ ဆင်ခြင်ရပေမည်။ မိမိကိုယ်ကို ညှာတာဖုံး ကွယ်ကာ တစ်ကွက်ချန်၍ မတွေးသင့်၊ မိမိအပြစ်ကို လျှော့ပေါ့၍ မစဉ်းစားသင့်ပေ။ိမိအပြစ်ကို သူတစ်ပါးအပေါ်၌ ပုံချခြင်း၊ လှီးလွှဲအကြောင်းပြခြင်း မလုပ်သင့်ပေ။ မိမိအပြစ်ကို ၀န်ခံရန်နှင့် အပြစ်ဟု သတိပြုမိသော ခဏ၌ ရပ်တန်းမှ ရပ်ရန် ၀န်မလေးပါနှင့်။
အပြစ်ကို ဖုံးကွယ်နေခြင်းထက် အပြစ်ကို ရှောင်ခြင်း၊ သတိနှင့် စစ်ဆေး၍ အပြစ်ကို တစ်ခါမှ နှစ်ခါ ဆက်လက် မကျူးလွန်မိအောင် ထိန်းသိမ်းခြင်း စသည်က ပို၍ အကျိုးထိရောက် ပေသည်။ အပြစ်ကို ဖုံးတတ်သော ညဉ်ကြောင့် မိမိပြုလုပ်သမျှကို အမှန်ဟူ၍ ဘက်လိုက်ယူဆကာ အတွေးအခေါ် မှောက်မှားလာတတ်ပေသည်။ မိမိကိုယ်ကို မိမိလိမ်ညာ နေမိ တတ်ပေသည်။ အပြစ်ကို ရဲရဲရင့်ရင့် ၀န်ခံ၍ တစ်ကြိမ်ထက် ပို၍ မမှားအောင် သတိပြုခြင်းသည် လူကောင်းသူကောင်းတို့၏ အလေ့အထပင် ဖြစ်သည်။ ထန်းရည်မူးခိုက် နောင်တရပြီး ထန်းရေမူးပြေသော် ထန်းပင်ကို မော့ကြည့်ပြန်ခြင်းမျိုး မဖြစ်ကြစေရန်...
အမှားသိ၍ ပြင်ဆင်ကာ အမှန်မြင် တတ်သော.. လူသားဘ၀အဖြစ်ဖြင့် မိမိအပြစ်ကို မိမိ မဖုံးကွယ်ကြစေရန် ကိုတာ တိုက်တွန်းလိုက်ပါတယ်..
No comments:
Post a Comment