တို့ ခဏ,ခဏပြောခဲ့တဲ့ ၀ိသာခသူဌေးနဲ့ ဓမ္မဒိန္နာတို့ကို ကြည့်ရအောင်။ တို့မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်ကိုကြွတော့ ( ၁၃၀ ) ခုနှစ်၊ ပြာသိုလပြည့် ကြွတာမဟုတ်လား။ အဲဒီမှာ တစ်သိန်းနှစ်သောင်းသော ပရိသတ်နဲ့ ကြိုဆိုတယ်လို့ဆိုတယ်။ ဗိမ္ဗိသာရမင်းကြီးကလေ ... တစ်သိန်းနှစ်သောင်းမှာ တစ်သိန်းတစ်သောင်းက အရိယာတွေ ဖြစ်သွားတယ်လို့ မဆိုဘူးလား။ ကျန်တဲ့တစ်သောင်းကလည်း ကျွတ်တမ်းဝင်ကြမယ့် ကလျာဏပုဂ္ဂိုလ်တွေဖြစ်မှာပေါ့။ အဲ့ဒီတုန်းက ဗိမ္ဗိသာရမင်းကြီးလည်း သောတာပတ္တိမဂ်ဖိုလ်ရသလို သူငယ်ချင်းဖြစ်တဲ့ ကျောင်းနေဖက် ၀ိသာခသူဌေးကလည်း သောတာပတ္တိမဂ်ဖိုလ်ရတယ်လေ။
သူတို့နှစ်ဦးကို ဘ၀အကျိုးပေးတူကြသူတွေလို့ ပြောရမယ်။ ကျောင်းအတူနေ ရင်းနှီးသူချင်းဖြစ်သလို တရားတွေ့တော့လည်း အတူတူ၊ တစ်ချိန်တည်း။ ဟုတ်ရဲ့လား။ သူတို့တရားတွေ့လို့ တရား၌မွေ့လျော်နေချိန်မှာ သူတို့ရဲ့အိမ်သူသက်ထားတွေက ဘုရားနဲ့ဝေး၊ တရားနဲ့ဝေးနေကြတုန်း။ ဒါလည်း သူတို့မှာ ဘ၀တူလို့ပြောရမယ်။ ဗိမ္ဗိသာရကလည်း မိဖုရားခေမာကို သာသနာနဲ့ နီးအောင်ဆွဲဆောင်ရတာတွေ ပရိသတ်သိမှာပါ။ ဒီလိုပဲ ၀ိသာခသူဌေးမှာလည်း ဇနီး ဓမ္မဒိန္နာကို သာသနာတော်နဲ့နီးစပ်အောင် ကြိုးပမ်းခဲ့တာပါပဲ။
ဟော ... သူတို့ရဲ့အိမ်သူသက်ထားတွေကလည်း ပြာဖုံးနေတဲ့ မီးကျီခဲတွေဗျ။ သာသနာနဲ့လည်းတွေ့ရော ခင်ပွန်းသည်တွေထက် အဆင့်ကျော်လွန်ပြီး အထွတ်အထိပ် ရောက်သွားတာမဟုတ်လား။ အရှင်မ ခေမာတဲ့။ ပညာအရာ ဧတဒဂ်နော်။ နောက်တစ်ဦးက အရှင်မ ဓမ္မဒိန္နာတဲ့။ ဓမ္မကထိကအရာ၌ ဧတဒဂ်။ ဟုတ်ရဲ့လား။ အကျော်အမော်တွေဖြစ်သွားတာ။ နန်းတော်မှာနဲ့ အိမ်တော်မှာ ကျန်ရစ်သူတွေကတော့ ဗိမ္ဗိသာရနဲ့ ၀ိသာခသူဌေး။ ' ကဲ... ပြောလိုရင်းပဲ ပြောရအောင် '
ဝိသာခသူဌေးက တရားကျောင်းကပြန်သွားပြီ။ ရထားနဲ့သွားတာ။ အိမ်တော်ရှေ့ရောက်တော့ ရထားကရပ်၊ ရထားတံခါးလေး ဖွင့်လိုက်တာရယ်၊ ဓမ္မဒိန္နာက လေသာပြတင်း ဖွင့်လိုက်တာရယ်ဟာ တစ်ပြိုင်နက်တည်းပါပဲ။ ဟုတ်ရဲ့လား။ တံခါးတွေဖွင့်ပြီး မျက်နှာချင်းဆုံပြီးတော့ ပြုံးမြမြ မျက်နှာကိုယ်စီနဲ့ ဆင်းတာမဟုတ်ဘူးလား။ ဓမ္မဒိန္နာက ခုနစ်ထပ်ရှိတဲ့ ဘုံဗိမာန်က ဆင်းမှာပေါ့။
ဝိသာခသူဌေးက ရထားထက်ကဆင်းမယ်။ ဘယ်မှာသွားဆုံမလဲ။ အိမ်တော်ရဲ့လှေကားရင်းမှာ ဆုံကြမယ်။
လေသာပြတင်းက ပျောက်သွားတဲ့ ပြုံးမြမြမျက်နှာလေးဟာ မကြာခင်မှာပဲ လှေကားရင်းမှာ ပြန်ပေါ်လာမယ်။ ချိုသာတဲ့ နှုတ်ခွန်းဆက်သံလေးနဲ့ အမွှးနံ့သာလိမ်းခြယ်ထားတဲ့ လက်ယာလက်ကလေးက ဆွဲကိုင်လှမ်းတက်ဖို့ ကမ်းမပေးဘူးလား။ ၀ိသာခသူဌေးကလည်း လက်ကိုဆွဲကိုင်မွေ့ယမ်းပြီး ရွှင်ပြတဲ့မျက်နှာနဲ့ ချိုသာတဲ့စကားလုံးတွေနဲ့ တုံ့လှယ်ရယ်မော ပြောဆိုလျက် ဒီအိမ်တော်လှေကားကို အတူတူတက်နေကျ။ ဟုတ်ရဲ့လား။ ဒါတွေဟာ သူတို့နှစ်ယောက်အဖို့ နေ့စဉ်လိုလို ပျော်မွေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်လေးတွေ နေမှာပေါ့။
ဒါပေမဲ့ ကာမဂုဏ်အာရုံ ခုံမင်မှုမကင်းသေးတဲ့ သောတာပန်၊ သကဒါဂါမ် အဆင့်တွေမှာ ဒီအတိုင်းပဲနေခဲ့ကြပေမယ့် ကနေ့တော့ တရားကျောင်းတော်မှာ နာကြားခဲ့ရတဲ့ တရားတော်က ၀ိသာခသူဌေးကို အနာဂါမ်အဆင့်သို့ ပို့ဆောင်ပေးလိုက်ပြီလေ။ သူ့မှာ အာသာရမ္မက် မရှိတော့ဘူး။ ဣနြေ္ဒရင့်မသွားဘူးလား။ ဣနြေ္ဒရင့်သွားပြီ။ ရထားတံခါးပေါက်ဖွင့်ပေမယ်လို့ ဓမ္မဒိန္နာကို လှမ်းကြည့်သေးလား၊ မကြည့်တော့ဘူး။ ဓမ္မဒိန္နာက လေသာပြတင်းတံခါးဖွင့်ပြီး ပြုံးမြမြနဲ့ကြည့်ပေမယ်လို့ သူ့အမျိုးသားက ပြန်မကြည့်တော့ သူ့စိတ်ကလေး ဘယ်လိုများဖြစ်သွားရှာမလဲ။ ငါလည်း မပြောတတ်ဘူး။ ကြည့်နေကျမျက်နှာကို မကြည့်ရင် တစ်မျိုးပြောင်းသွားမယ်ထင်တယ်။ ကိုင်း ... ဒါဖြင့်ရင် လှေကားရင်းကနေ စောင့်ကြစို့။
လက်ကလေးလှမ်းပေးလိုက်တော့လည်း ဟင် ... တို့ ဘာခေါ်မလဲ လျှပ်စစ်ဓာတ်လိုက်သလို ဖျတ်ဆို နောက်ပြန်ဆုတ်သွားတာ။ ကမ်းလင့်လာတဲ့လက်ကို ဆွဲကိုင်ဖို့နေနေသာသာ နောက်ကိုဆုတ်သွားတာ။ မြတ်နိုးပျုငှာကြိုဆိုလာတဲ့ ဇနီးသည်ကိုတောင် အပြုံးလက်ဆောင် မတုံ့ပြန်တော့ဘူး။ ခါတိုင်းဆို လက်ကလေးဆွဲပြီး စုံတွဲလေး အပေါ်တက်တာ မဟုတ်လား။ အခု အဲ့လိုတက်သေးလား၊ မတက်တော့ဘူး။ နောက်ကလိုက်ရပြီ။ တည်ငြိမ်တဲ့ဣနြေ္ဒနဲ့ သူ့ဘာသာ အိမ်ပေါ်တက်သွားပြီ။ ဓမ္မဒိန္နာဘက်ကနေကြည့်ရင်တော့ အင်း ... ထမင်းစားချိန်ကျရင် သိမှာပဲပေါ့။ ညနေထိုင်ရင်တော့ သိမှာပဲပေါ့။ သူက အဲလိုအောက်မေ့ထားတာ။
ထမင်းစားတော့လည်းပဲ ခါတိုင်းဆို မျက်နှာချင်းဆိုင်ပြီးတော့ ကောင်းနိုးရာရာ ဟင်းလေးတွေကို အပြန်အလှန်ထည့်ပေးလို့၊ အောက်မွေ့ဖွယ်တွေပြောလို့၊ ဆိုလို့မဟုတ်လား။ ကနေ့ကျတော့ မခေါ်တော့ဘူး။ တစ်ယောက်တည်းစားနေပြီ။ ဘုန်းတော်ကြီးတွေ ဆွမ်းဘုဉ်းပေးနေသလို။ ဟုတ်ရဲ့လား။ ဇနီးသည်ကို လာပါ၊ စားပါလို့ လောကွတ်စကားလေးတောင် ဆိုဖော်မရတော့ဘူး။ ကိုင်း ... ဒါနဲ့ အဲဒါ ညနေ အိပ်ရာဝင်ကျရင် သိမှာပဲဆိုပြီး စောင့်မနေဘူးလား။ စောင့်နေတယ်။ ဟော ... သူက သပ်သပ်ကလေး အိပ်ခန်းတစ်ခုကိုရှင်းပြီးတော့ နေပြီဗျာ။ အဲဒါ တစ်ရက်၊ နှစ်ရက်၊ သုံးရက်လောက်ထားကြည့်ပါတော့။ ဓမ္မဒိန္နဘက်ကကြည့်တော့ တော်တော်ကသိကအောက်ဖြစ်နေပါပြီ။ သည်းခံနိုင်မှာမဟုတ်တော့ဘူး။ ဓမ္မဒိန္နာက သွားပြီးမေးပြီပေါ့။ ဟိုက ဘာပြောလဲ။
' ဓမ္မဒိန္နာရေ ... ဘာလို့ အချိန်မတော်လာရတာလဲ ' တဲ့။
' လာရမှာပေါ့၊ ခါတိုင်းနဲ့မှမတူတာကိုး ' ဆိုပြီး မမေးဘူးလား။ မေးပြီနော်။
' အစည်းအဝေးတွေဘာတွေမှာ ဘုရင်ကြီးက မကျေနပ်လို့များ ပြောလိုက်ဆိုလိုက်လို့လား '
' မဟုတ်ပါဘူး '
' သူဌေးအချင်းချင်းကများ မသင့်မတင့်ဖြစ်ခဲ့လို့လား '
' မဟုတ်ပါဘူး '
' ကုန်သည်အချင်းချင်းကများ အချင်းဖြစ်ခဲ့လို့လား '
' မဟုတ်ပါဘူး ' ပေါ့။
' ဒါဖြင့်ရင် ကို့စိတ်ကများ အပြင်ဘက်ရောက်နေလို့လား ' အငယ်အနှောင်းကို ဆိုလိုပါတယ်နော်။
' မရောက်ပါဘူး ' တဲ့။
' ဒါဖြင့်ရင် တစ်စုံတစ်ယောက်ဆီက သွေးခွဲစကား ကြားခဲ့ရသလေလား '
' မကြားခဲ့ရပါဘူး '
' ဒါမှမဟုတ် ကျွန်မမှာရော အပြစ်တစ်ခုခုရှိနေရော့သလား '
' မရှိပါဘူး '
' ဒါဆိုရင် ဘယ်အတွက်ကြောင့်လဲ '
အဲဒီမှာ ၀ိသာခသူဌေးက ' အေးကွယ် ... မင်းကိုပြောမလို့ပါပဲ ' တဲ့။ သူရခဲ့တဲ့ တရားထူးတရားမြတ်ကို ပြောမပြဘူးလား။ ပြောပြတယ်နော်။ ' ဓမ္မဒိန္နာ ... နားသောတဆင်လေတော့။ ဒီကနေ့ရရှိခဲ့တဲ့တရားဟာ လောကလူသား အများတကာတို့ မက်မောနေကြတဲ့ စည်းစိမ်ဥစ္စာ ရတနာတွေထက် မွန်မြတ်သောတရားဖြစ်တယ်။ ကာမဂုဏ်ခံစားမှုမပါတဲ့ ချမ်းသာသုခ ဖြစ်တယ်။ ဒီချမ်းသာသုခကို ကိုယ်တိုင်ရရှိခံစားရပြီမို့ လောကီအာရုံ ကာမဂုဏ်တို့ကို ငါတို့များ မခုံမင်တော့ပြီ။ ဒါကြောင့် ဒီမှာရှိရှိသမျှ စည်းစိမ်ချမ်းသာ ပစ္စည်းရတနာဟူသမျှ အားလုံး နှမ ဓမ္မဒိန္နာသာ အပိုင်ယူပါ။ ငါတို့ရဲ့အမိ၊ ငါတို့ရဲ့နှမ အဖြစ်သာ ဤအိမ်မှာနေပါ။ နှမပေးသမျှ၊ ကျွေးသမျှဖြင့် ငါတို့များ ကျေကျေနပ်နပ်နေသွားပါမယ် ' တဲ့ဗျာ။
အဲဒီတော့ ဓမ္မဒိန္နာဘက်ကနေကြည့်လိုက်စမ်း။ နှလုံးသွင်းလိုက်စမ်း။ ဒီဥစ္စာပစ္စည်းတွေကိုလည်း သူ စွန့်လွှတ်နိုင်တယ်။ ဟုတ်ရဲ့လား။ အလွန်ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့ သူ့ အိမ်ရှင်သက်ထား ဇနီးမယားကိုလည်း သူ စွန့်လွှတ်နိုင်တယ်။ လောကီအာရုံ ကာမဂုဏ်တွေကိုလည်း ပယ်သတ်နိုင်တယ်။ ဆိုတော့ကား သူရတဲ့ တရားထူးတရားမြတ်ရဲ့ ဂုဏ်ကျေးဇူးတွေကို မှန်းဆလို့ရလောက်ပြီထင်ပါရဲ့။ ရပြီလား။ အဲဒါ တရားတော်ရဲ့ ဂုဏ်တော်တွေပါပဲ။ သောတာပန်အဆင့်၊ သကဒါဂါမ်အဆင့်တွေမှာ သူ့အဆင့်နဲ့ လျော်ညီသလို ပြောင်းလဲသွားပုံ၊ ကျင့်ဆောင်သွားပုံ၊ စင်ကြယ်သွားပုံတွေကို ပြောခဲ့ပြီးပြီမဟုတ်လား။ ခုလည်း ဒီမှာ အနာဂါမ်အဆင့်နဲ့အညီ ၀ိသာခသူဌေး ပြောင်းလဲသွားပုံလေးကို သတိပြုဆင်ခြင်လို့ တရားတော်ရဲ့ အံ့မခန်းပုံကို ပရိသတ်တို့ ကြည်ညိုစွာနဲ့ ပူဇော်ကြဖို့မကောင်းဘူးလား။
ချိုတကူး ( ကလေး )
(ဂမ္ဘီရမဂ္ဂဇင်း - ၂၀၁၀ - ဧပြီ )
ရွှင်လန်းကျန်းမာပါစေ။
No comments:
Post a Comment