“ကုသိုလ်ဖြစ်ရုံလောက်နှင့် မကျေနပ်နှင့်၊ ကိလေသာရန်သူတွေကို ပျောက်အောင်ကြိုးစား ကြ။” ဟူ၍ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်မှာတော်မူခဲ့ပါသည်။ ဘုရားအလိုကျ မိန့်မှာ တော်မူခြင်းဖြစ်သည်။ သူမြတ်ပညာရှိစကား နက်ရှိုင်းပါဘိ၏။ ကုသိုလ်ဖြစ်အောင်ပင် မနည်း ကြိုးစားနေတာတောင် အကုသိုလ်က အသာလေးဖြင့် လွယ်လင့်တကူ ၀င်ရောက်လာတတ် သည်။ ဒိဋ္ဌိ၊ တဏှာ၊ မာနတရား(၃)ပါးတို့ကား တစ်လှည့်စီတစ်မျိုး၊ တစ်ပြိုင်နက်တစ်ဖုံ၊ အတွဲလိုက် တစ်သွယ်ဖြင့် ဒလစပ် မနားတမ်းဝင်ရောက်ကာနေတတ်သည်။ အ၀ိဇ္ဇာ၊ တဏှာ တရားများကား မူလနှစ်ဖြာအရင်းခံအဖြစ် သားသမီး အကုသိုလ်တရားတို့ခြွေရံကာ မီးတောက် သဖွယ် မနားတမ်းလောင်ကျွမ်းနေခြင်းကို ဘုရားမပွင့်လျှင် အဘယ်သို့မျှ မသိမမြင် မျက်မမြင် လမ်းလျှောက်နေသကဲ့သို့သာ ဖြစ်နေတော့သည်။
တဏှာ၏သဘော ဆန်းကြယ်လိုက်ပုံကား သတ္တ၀ါအများတို့ကို ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်အောင် သူကပဲဖန်ဆင်းထားခြင်းဖြစ်သည်။ လှလှလေးဖြစ်ချင်ခဲ့လို့ လှနေရသည်။ သွယ်သွယ်လေး ဖြစ်ချင်ခဲ့လို့ သွယ်နေရသည်။ ချမ်းချမ်းသာသာဖြစ်ချင်ခဲ့လို့ ချမ်းသာနေရသည်။ ပေးတော့ ပေးပါသည်။ သူက အကောင်းတော့ ပေးနေသည်မဟုတ်။ အလိမ်အကောက်ချမ်းသာ၊ အတု ချမ်းသာ၊ အနှစ်သာရမရှိသောချမ်းသာတို့ကိုသာပေးပြီး ကျေးဇူးရှင်ကြီး အမည်ခံသည်။ တစ်သံသရာလုံး သူကပဲလုပ်ကျွေးနေခဲ့ရသည့်ပမာ လှည့်ဖြားကာနေသည်။ ထိုသို့သော အတု အယောင် ချမ်းသာတို့ကိုသာ ပေးနေသေးသည်မဟုတ်။ အို၊ နာ၊ သေဒုက္ခမွဲကြီးကိုလည်း မရပ်မနားအောင် ၀ဲရဟတ်လို အလည်ခိုင်းနေပြန်သေးသည်ဖြစ်၏။
အမှီတရားများဖြစ်သည့် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော အတွင်းအာယတနတရား (၆)ပါးတို့နှင့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဓမ္မာရုံဟူသော အပြင်အာယတန တရား(၆)ပါးတို့ ပေါင်းဆုံခြင်းဖြစ်သည့်အခါတိုင်း တဏှာဟူသည့်တရားက “ကောင်းတယ်ကွ၊ နှစ်သက်စရာလေးကွ၊ ရအောင်ယူဟေ့”ဟူ၍ အားပေးအားမြှောက်ပြီး ကောင်းချီးပေးနေ သယောင်နှင့် ဆင်းရဲတွင်းသို့ တွန်းချနေတော့သည်။ အ၀ိဇ္ဇာကလည်း ပိတ်ဖုံးထားတော့ တဏှာလုပ်နေသည့် လုပ်ရပ်အမှန်ကို မတွေ့မမြင်နိုင်ဘဲ သူရှိလို့မှ တော်ကာကျတော့တယ်ဟု ပင် ကျေးဇူးအထူးတင်နေတတ်သည့် ပုထုဇဉ် အန္ဓပုဂ္ဂိုလ်မှာ တောကြီးမျက်မည်းမှာ စမ်းတ၀ါး ၀ါး လမ်းလျှောက်နေသည့် လမ်းပျောက်လို အားငယ်နေသူပမာ သနားစရာကောင်းလှသော ကြောင့် သားရဲတိရစ္ဆာန်တို့ပေါသည့် တောအုပ်ကြီးထဲမှထွက်နိုင်အောင် ထွက်မြောက်ရာ လမ်းမှန်ကို သဗ္ဗညုသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ညွှန်ပြပေးခဲ့သော်လည်း လွတ် မြောက်ရာလမ်းဟူ၍မမြင်၊ တဏှာမြှူဆွယ်ရာသို့သာ ကောက်ကောက်ပါအောင် လိုက်နေလေ တော့သည်။
မျက်စိက မြွေနှင့်တူသည်။ မြွေက ရှုပ်ရှုပ်ယှက်ယှက် ချုံပုတ်ကိုမှ အောင်းနေရန်နှစ်သက် သည်။ ခွေနေဘို့ သူကပျော်သည်။ ထိုသို့ပင် မျက်စိကလည်း ရှုပ်ရှုပ်ယှက်ယှက် အဆင်းရုပ်ကို မှ သူကသဘောကျသည်။ ပန်းချီကားနှစ်ချပ်ကို ထောင်ပြတော့ တစ်ချပ်က စိမ်းစိမ်းစိုစို၊ သာယာသောရှုခင်း ပန်းမျိုးစုံပွင့်နေဟန်၊ တစ်ပုံက ဗလာထင်းထင်း ဘာမှမပါသည့် အဖြူထည် သက်သက်၊ ထိုနှစ်ပုံတွင် အဘယ်ပုံကို သဘောကျတုန်းဆိုတော့ ရှုခင်းပုံ ရှုပ်တုတ်တုတ်ကို မျက်စိက သဘောကျသည်။ အ၀တ်အထည်ဆိုပြန်လည်း ဗလာထင်းထင်း ပိတ်စကိုတော့ သူက ကြိုက်မည်မဟုတ်၊ အပွင့်အခက်အရွက်တို့ဖြင့် ဝေေ၀ဆာဆာပါသည့် စတိုင်နှင့် ဆန်း နေသည့်ဟန်ကိုသာ ရွေးချယ်မှာဖြစ်သည်။ သူ့ကပင် အလှမြင်တတ်လို့ အလှဆင်ရတော့ သည်ဟု ထင်မှတ်၍လည်း ဘ၀င်မြင့်တတ်စေပြန်သည်။ “လှတာမက်တော့ ညစာခက်” ဆိုသည့်စကားပုံလို အလှအပတွေကို နှစ်သက်မက်မောတော့ မခွဲနိုင်မခွါရက်ဖြစ်ကာ သေခါနီးတွင် အခက်ဝင်တော့သည်။ စွဲလန်းမှုနှင့်သေတော့ ပြိတ္တာဘ၀တွင် ဇာတိထင်ပြန် သည်။ ဇာတိထင်တာက ဗျာဓိ၊ မရဏရှိသေးသည့် ဆင်းရဲခြင်း၏ အစပင် မဟုတ်ပါလော။
နားက မိကျောင်းနှင့်တူသည်။ မိကျောင်းက နားအေးပါးအေး၊ သာသာယာယာလေး နေရတာ ကို နှစ်သက်သည်။ ထို့သို့ပင် နားကလည်း သာသာယာယာ၊ အေးအေးဆေးဆေး၊ ငြိမ့်ငြိမ့် ငြောင်းငြောင်းအသံလေးတွေကို သဘောကျသည်။ စည်းဝါးမညီ၊ ကာရံမကိုက်၊ ဒေါင်ဒေါင်ဒင် ဒင်အသံဖြင့် အနီးတွင်အော်ဟစ် ဆူညံနေလျှင်တော့ ကြိုက်မည်မဟုတ်၊ သံစဉ်ချိုတေး အိုအို အေးဆိုသည့် ဂီတသံမျိုးကိုတော့ မွေးစကပင် နှစ်သက်စရာရယ်လို့ မည်သူမျှ မသင်သော် လည်း ချစ်ခင်နှစ်သက် တပ်မက်သည်သာဖြစ်ခဲ့သည်။ တစ်သံသရာလုံး တဏှာက သင်ပေး ထားလို့ နှစ်သက်စရာဟူ၍ မည်သူမျှမသင် အလိုလိုပင် တတ်မြောက်နေပေသည်။ သာယာ ငြိမ့်ငြောင်းတယ်၊ ကောင်းတယ်ကောင်းတယ်နှင့် သေမင်းဆီသို့ တဏှာက မောင်းနှင်နေတော့ သည်။
နှာခေါင်းက ငှက်နှင့်တူသည်။ ငှက်က အပေါ်သို့ပျံဝဲ၍ လေထဲမှာ စီးနေရတာကို နှစ်သက် သည်။ နှာခေါင်းကလည်း ပုတ်အက်အက်အနံ့ကိုတွေ့လျှင်တော့ နှာခေါင်းရှုံ့ကာ ငုံ့၍သွားပေ မည်။ မွှေးကြိုင်သင်းပျံ့ သင်းရနံ့များရလျှင်တော့ ခေါင်းကိုအမော့ခိုင်းပြီး လိုက်၍ သူက ရှူတော့သည်။ ပန်းရနံ့သင်းပျံ့နေသည့် ဥယျာဉ်မျိုးဆိုလျှင်တော့ ဇိမ်ခံ၍ တ၀ကြီးလေညှင်းခံ ချင်သည်။ ဘယ်လောက်များဆိုးတုန်းဆိုတော့ ငါသေလျှင် ပန်းမျိုးစုံဖြင့် အလှဆင်ပေးပါဟုပင် မှာခိုင်းပြန်သေးသည်။ သေတာတောင် ပန်းရနံ့တွေ သင်းလှိုင်နေချင်သည်။ လောဘ လောဘ အကောင်းကိုမှ သူကကြိုက်သည်။ ရုပ်သက်သက် အနံ့ကို တဏှာက လိုချင်သည်၊ ဥပါဒါန်က စွဲမက်သည်၊ မရရအောင်ပြုတော့ လောဘနဲ့ယှဉ်သည့်ကံတွေ လုပ်မိပြီး ဇာတိဆိုတဲ့ မွေဖွား ခြင်းက ပြန်လာဦးမည်။ မရဏဆိုတဲ့ သေမင်းကလည်း နောက်တစ်ကြိမ် သတ်ပေးဘို့ နောက်က ထက်ကြပ်ပါနေဦးမည်သာဖြစ်တော့သည်။
လျှာက အိမ်ခွေးနှင့်တူသည်။ အိမ်ခွေးလေးက အစားအသောက်တွေကို နှစ်သက်သည်။ မီးဖို ချောင်ထဲသို့ ခဏခဏပြေးဝင်တတ်သည်။ တစ်ခုပြီးတစ်ခု စားနေရမှ သူကနှစ်သက်သည်။ ထို သို့ပင် လျှာကလည်း ထမင်းလေးစားပြီးပြန်တော့ အချိုလေးတည်းချင်ပြန်သည်။ အသီးလေး စားချင်ပြန်သည်။ ချိုတာလေးမှ၊ ချဉ်တာလေးမှ၊ စပ်တာလေးမှကြိုက်တာစသဖြင့် လျှာက အမျိုးမျိုး ဖန်တီးခိုင်းတော့သည်။ အမျိုးမျိုး ပြုပြင်ခိုင်းတော့သည်။ အိမ်က အစားအသောက် တွေနှင့်လည်း အားမရ၊ အပြင်က စားသောက်ဆိုင်တွေမှာ စားချင်လာပြန်သည်။ တရုတ် အစားအစာ၊ ကိုရီးယားအစားအစာ၊ မလေးရှားအစားအစာ၊ ဂျပန်အစားအစာစသည်ဖြင့် လာသမျှအစားအစာတွေကို တစ်ခုပြီးတစ်ခု မရိုးတမ်း စားချင်သည်။ “အစားမတော် တစ်လုတ်” ဆိုသည့်စကားပုံလို လောဘအလိုလိုက်ပြီး စားသည့်အလုပ်တွေက ဒုနှင့်ဒေးဆိုတော့ မတော် သည့်အလုပ်ကများပြီး သေလျှင်အောက်ဘုံသို့ သွားရလေတော့သည်။
ကိုယ်က တောခွေးနှင့်တူသည်။ တောခွေးက စားပြီးလျှင် အိပ်နေရတာကို နှစ်သက်သည်။ ရသမျှ အစားအစာတို့ကို တ၀ကြီးစားပြီးလျှင် အိပ်တော့သည်။ ထို့အတူပင် ကိုယ်ကလည်း တ၀ကြီး စားပြီးတာနှင့် လျောင်းစက်ချင်တော့သည်။ နူးညံ့သည့် မွေ့ရာပေါ်တွင် လျောင်းစက် ကာ တ၀ကြီးအိပ်ပါတော့သည်။ အို၊ နာ၊ သေ ဒုက္ခဘေးကို သူမသိ၊ သူသိတာ စားပြီးလျှင် လဲလျောင်းဘို့ကိုသာ သူသိသည်။ အားလျှင်လည်း အိပ်နေရန်သာ သူကတောင်းဆိုသည်။ အစားများများစားပြီး များများအိပ်တဲ့ဝက် မြန်မြန်သေရသလို ကုန်ဆုံးနေသည့်အချိန်တို့ကိုမှ ပြန်မတွက်မိ၊ လျောင်းတာနှင့် အချိန်ကို ကုန်လွန်ခိုင်းပြီး သေခါနီး နာလို့လျောင်းတော့မှပဲ လျောင်းခဲ့သမျှ မှားလေစွဖြစ်ပြီး သေခြင်း၏အခြားတစ်ဘက်တွင် ဒုက္ခပင်လယ်ဝေ ဖြစ်ရဦးမည် ကိုမြင်ပြီး နောင်တကြီးစွာရသော်လည်း သေမင်းက သနားငဲ့ညှာသည်မဟုတ် အပုပ်ကောင် ဖြစ်စေလေတော့သည်။
မနောက မျောက်နှင့်တူသည်။ မျောက်က အငြိမ်မနေ၊ ဟိုပင်သည်ပင်ကူး၍ နေရတာကိုနှစ် သက်သည်။ ခေါင်းလှုပ် ခြေလှုပ်၍ နေရမှ သူကနှစ်ခြိုက်သည်။ ထိုသို့ပင် မနောကလည်း ဟို အာရုံသည်အာရုံ လူးလာနေရမှ နေပျော်သည်။ “ပါပသမိံရမတိ မနော”- စိတ်သည် မကောင်း သည့်အာရုံကိုမှ နှစ်သက်သည်ဆိုသည့်အတိုင်း မကောင်းသောအာရုံတို့ဆီသို့ ခေါက် တုံ့လူးလာ မြူးထူးနေတတ်သည်။ အိပ်သည့်အချိန်မှာလည်း အငြိမ်မနေတော့ မြန်မြန်အိပ်လို့ မရနိုင်ဘဲ မျက်တွင်းဟောက်ပက်ဖြစ်အောင်လည်း လုပ်တတ်သည်။ ကိုရင်ကြီးတစ်ပါး ဆွမ်းခံ ကြွရင်း ဒကာမချောချောလေး တွေ့ခဲ့ပြီး ကျောင်းအထိပါအောင် မနောက ခေါ်ဆောင်လာ တော့ ကိုရင်ကြီး မအိပ်နိုင်ဖြစ်ပြီးနေတော့သည်။ အတန်ကြာမှ ကိုရင်ကြီးက စဉ်းစားမိသည်မှာ “ငါကသာ အိပ်မရ ဖြစ်နေတာပါ၊ သူကဖြင့် သိမှာ မဟုတ်ပါဘူး”ဟူ၍ စဉ်းစားမိပြီး အိပ်လို့ရပြီး အိပ်ရေးဝတော့သည်ဟူ၏။ သီရိလင်္ကာမှာ ဆွမ်းဘုန်းပေးနေသော ဘုန်းတော်ကြီးကို ဦးပဇင်းက ယပ်တောင်ခပ်ပေးနေရင်း စဉ်းစားခန်းထုတ်နေသည်မှာ မနောအာရုံထဲတွင် သူက လူထွက်ပြီး မိန်းမယူနေသည်။ ထို့နောက် ကလေးတစ်ယောက်ရပြီး ဘုန်းတော်ကြီးဆီ မရောက်တာကြာလို့ လှည်းကလေးနှင့် သားအမိသားအဖသုံးယောက် ခရီးနှင်လာကြရာ လမ်းတွင် လှည်းဘီးက လယ်ကသင်းကိုနင်းမိ၍ လှည်းစောင်းသွားပြီး ကလေးကို ပွေ့ထား သောမိန်းမက လက်မှချော်ထွက်သွားသည့် ကလေးကို မထိန်းနိုင်ဘဲ လှည်းဘီးအောက် သို့ပြုတ်ကျကာ ကလေးလေး ထက်ပိုင်းပြတ်၍ သေပါတော့သည်။ ထိုအဖြစ်ကို ရင်နှစ်အောင် နာပြီး မိန်းမအား ကိုင်ထားသည့်နှင်တံဖြင့် စိတ်ဆိုးဆိုးနှင့် ရိုက်လိုက်ရာ အနီးမှာ ဆွမ်းဘုန်း ပေးနေသော ဘုန်းတော်ကြီးအား ယပ်တောင်နှင့် ခတ်မိသဖြင့် ဆရားတော်ကြီးက အဘိညာဉ်ရ ရဟန္တာဖြစ်သည်နှင့်အညီ “မောင်ပဇင်း…သင်ရိုက်တာ သင့်မိန်းမကိုမထိ၊ ငါ့ကိုသာ လာထိဘိသည်”ဟု မိန့်လိုက်သည့်အခါမှ သတိသံဝေဂ ပြင်းစွာရပြီး တရားအား ထုတ်မှ တရားရခဲ့သည်ဟူသတည်း။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော အတွင်းအာယတန တရားများကို ဖြည့်ဆည်းပေးရ သည်မှာ ပြဆိုခဲ့သော သားကောင်ခြောက်ကောင်ကို လူတစ်ယောက်က ထိန်းကျောင်းနေရ သကဲ့သို့ ထိုသားကောင် ခြောက်ကောင်တို့ ဆွဲရာနောက်သို့ လိုက်နေရသောကြောင့် အနား မရ၊ အငြိမ်မနေနိုင်ဖြစ်နေရသည်ဟု မြတ်ဗုဒ္ဓက ဥပမာပေးဆုံးမတော်မူခဲ့ခြင်းဖြစ်ပေသည်။ ပညာမရှိသော ပုထုဇဉ် အန္ဓ ပုဂ္ဂိုလ်မှာလည်း ထိုအာယတနတရား(၆)ပါးတို့ကို အမှီပြုပြီး တဏှာတောင်းသမျှ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောဟူသော အားရုံခြောက်ပါးနောက်သို့ လိုက်နေသဖြင့် အငြိမ်မနေရတော့ပဲ အကုသိုလ်မီးတို့ကိုသာ အချိန်ပြည့် ၀ါးမျိုနေမိတော့သည်။
ခံစားတာက ဝေဒနာက္ခန္ဓာ၊ မှတ်သားတာက သညာက္ခန္ဓာ၊ ကြံတွေးတာက သင်္ခါရက္ခန္ဓာ၊ မြင်ကြားနံစားထိသိတာက ၀ိညာဏာက္ခန္ဓာ၊ ဖောက်ပြန်ပျက်စီးနေသောသဘောက ရူပက္ခန္ဓာ တို့အပေါ်၌ “ငါ”ဟူသော “ဒိဋ္ဌိ”နှင့် “ငါ့ဥစ္စာ”ဟူသော “တဏှာ”စသည့် သံသရာနယ်ချဲ့တရား များဖြင့် ခံစားမှတ်သိကြံတွေးသိရှိလို့နေတော့ ငရဲမီးတောက် ကြီးထွားအောင် လုပ်နေသည်နှင့် တူသည်ဟု ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့၏။ ၀ိပဿနာ တရား အားထုတ်တယ်ဆိုတာ ဒီကနေ ငရဲမီးငြှိမ်းနေခြင်းဖြစ်သည်ဟုလည်း ဆုံးမတော်မူခဲ့ပါ သည်။ ငါဆိုသည်ကား အခေါ်ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားများမှာ ခန္ဓာငါးပါး သဘောတရားများသာဖြစ်ပေသည်။
ထိုသဘောတရားအစုကို ဟုတ်တိုင်းမှန်စွာရှုတတ်သော ယထာဘူတဉာဏ်ဖြင့် အဖန်ဖန်ရှုပွား ရင်း သင်္ခါရကို ငြီးငွေ့သောနိဗ္ဗိန္ဒဥာဏ် အမှန်ပိုင်ပြီးလျှင် ထိုမှတဆင့် ရှုပွားရင်းဖြင့် သင်္ခါရကို မုန်း နောက်ဆုံး၌ ဒုက္ခ၏အဆုံးကို မဂ်ဥာဏ်ဖြင့် ဧကန်စင်စစ် တွေ့မြင်နိုင်ကြရအောင် ဒိဋ္ဌိကိုဖြုတ် ၀ိပဿနာအလုပ်ဖြင့် တဏှာပြုတ်အောင် ဖြုတ်နိုင်ကြစေကြောင်း စာရှုသူ ပရိတ် သတ်အပေါင်းအား ဓမ္မဒါနပြု နှိုးဆော်မှုပြုလိုက်ရပါသည်။
စာရေးသူ - ထွန်းထွန်းလှိုင်
No comments:
Post a Comment