(ဦးဇင်းဘုရား.....တပည့်တော်မသိတာလေးရှိလို့လျှောက်ထားပါရစေဘုရား
တပည့်တော်တို့ လူတွေကြားမှာပြောနေတဲ့ ကျေးဇူးမကန်းနဲ့ဆိုတာကိုရှင်းပြပေးစေလိုပါတယ်ဘုရား)
လူုတွေတော်တော်များများက ဒီကျေးဇူးမကန်းနဲ့ဆိုတဲ့ စကားကို အများအပြားပြောဆိုကြတယ်။ တစ်ဖက်သားကို ကျေးဇူးကန်းတယ်လို့ ပြောလိုက်ရင် ကိုယ်ကိုတိုင် လူယုတ်မာတစ်ဦး စိတ်ဓာတ်သေးသိမ် ညံ့ဖျင်းတဲ့ သူတစ်ဦး ဖြစ်သွားတယ်ဆိုတာကို သတိမထားမိကြဘူး။ အင်္ဂုတ္တရပါဠိတော် အ၀ဇာနာတိသုတ်မှာ
“လူယုတ်လူညံ့များသည် တဖက်သားကို မထေမဲ့မြင် ပြုတတ်ကြသည်။ လူချင်းရင်းနှီးလာသော အခါဖြစ်စေ သူ့ထံမှ အကူအညီတစ်ခုခုကို လက်ခံဘူးလျှင်ဖြစ်စေ မထေမဲ့မြင်ပြုတတ်သည်။ တစ်ဖက်သား၏ ဂုဏ်သိက္ခာကို မလေးစားချေ၊ လူယုတ်လူညံ့သည် စိတ်အပြောင်းအလဲ မြန်သည်။ အလျင်ဦးအောင် ပြောလာသောစကားကို အမှန်တရားဟု ယူဆတတ်သည်။ အမှားအမှန်ကို ခွဲခြား၍ မသိတတ်ချေ။” လို့ ဟောကြားတော်မူခဲ့တယ်။
ဒါကြောင့် ကိုယ်ကူညီထားတဲ့ သူဆီက ကိုယ်လိုချင်တာမရလို့ ကိုယ့်စကားကို နားမထောင်လို့ ကိုယ့်ခိုင်းတာကို လုပ်မပေးလို့ ကျေးဇူးကန်တယ်လို့ ပြောရင် အဲဒီကိုယ်တိုင်က လူယုတ်မာပဲ။
ကျေးဇူးကန်းတယ်ဆိုတဲ့ စကားကို ဘယ်လိုနေရာတွေမှာ အသုံးများလဲဆိုတော့ ကိုယ်ကူညီဘူးထားတဲ့ သူတစ်ဦးက ကိုယ့်ကိုပြန်မကူညီဘူးဆိုရင် ကိုယ်ပြောစကားကို နားမထောင်ဘူးဆိုရင် ကိုယ်ခိုင်းတာကို လုပ်မပေးဘူးဆိုရင် “နင် ကျေးဇူးကန်းတယ်”ဆိုပြီး စကားလုံးနဲ့ နှိပ်စက်တော့တာပဲ။
ကိုယ်က အစကထဲက သူ့ကို ကူညီတာဟာ ကိုယ့်အကူညီကြောင့် သူ့ကို ကိုယ်စိတ်နှစ်ပါး ချမ်းသာသွားစေချင်လို့လား ဒါမှမဟုတ်ရင် တစ်စုံတစ်ခုကို မျှော်လင့်ပြီးတော့ ကူညီတာလားဆိုတာကို သေချာဆန်းစစ်စေချင်တယ်။
ဆန်းစစ်ပြီးရင် တစ်စုံတစ်ခုမျှော်လင့်ပြီးတော့ ကူညီတာဆိုရင် တစ်ခါထဲပြောသင့်တယ်။ နောင်တစ်ချိန်ကြရင် နင် ငါ့ကို ဘာပြန်လုပ်ပေးရမယ်စသဖြင့် သေချာပြောပြီးမှ ကူညီသင့်တယ်။
ကိုယ့်အကူညီကြောင့် သူကိုယ်စိတ်နှစ်ပါး ချမ်းသာသွားစေချင်လို့ ကူညီတာဆိုရင်လဲ ဘာကိုမှ မမျှော်လင့်ပါနဲ့။
ကိုယ့်သူ့အပေါ်မှာ ကျေးဇူးရှိလား မရှိဘူးလားဆိုတာ ကိုယ်အလုပ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အကူညီအညီကို ယူထားတဲ့သူရဲ့ အလုပ်ပါ။ သူက သူတော်ကောင်းစိတ်ဓာတ်ရှိခဲ့ရင် ကိုယ်ထုတ်ပြီး ပြောနေစရာတောင် မလိုပါဘူး။ သူသာ သူတော်ကောင်းစိတ်ဓာတ်မရှိခဲ့၇င် ကိုယ်က ထုတ်ပြောနေလဲ အလကားပါပဲ။
သူတော်ကောင်းလက္ခဏာလေးပါးထဲမှာ သူ့ကျေးဇူးကို သိခြင်း၊ သူ့ကျေးဇူးကို ပြန်လည်ပေးဆပ်ခြင်းဆိုတဲ့ တရားနှစ်ပါးပါတယ်။
ကျေးဇူးခံပုဂ္ဂိုလ်များအနေနဲ့လည်း ကိုယ့်ကျေးဇူးရှင်ကို ကျေးဇူးဆပ်ချင်မှာပေါ့။ ဒါပေမယ့် ဘယ်လိုမှ မတတ်နိုင်လို့ အသာနေလိုက်ရတဲ့ အခါမျိုးတွေရှိကြပါတယ်။
တရားတော်အရဆိုရင် ကျေးဇူးခံပုဂ္ဂိုလ်များဟာ ကိုယ့်ကျေးဇူးရှင်များကို ရင်ထဲနှလုံးသားထဲမှာ အမြဲထည့်ထားရမယ်။ “ငါကျေးဇူးဆပ်နိုင်တဲ့ အရာဆိုရင် ငါကျေးဇူးဆပ်နိုင်တဲ့ အချိန်ဆိုရင် သူ့ကျေးဇူးကို ဆပ်ကို ဆပ်မယ်”ဆိုတဲ့ စိတ်ကို ရင်ထဲမှာ အမြဲကိန်းထားရမယ်။
ကိုယ်က သူ့ကျေးဇူးကို ဆပ်နိုင်တဲ့ အနေအထားဆိုရင် ဆပ်ကို ဆပ်ရမယ်။ ဆပ်နိုင်တဲ့ အနေအထားရှိရဲ့နဲ့ မဆပ်ပဲ ရှောင်လွဲသွားရင် အဲဒါကို “ကျေးဇူးကန်းတယ်”လို့ တရားတော်က ပြောပါတယ်။
မဆပ်နိုင်တဲ့ အနေအထားမို့ ဆွမ်းတော်ထားလို့ ၀မ်းတော်တောင် အနိုင်နိုင်ဘ၀မို့ သူ့ကျေးဇူးကို မဆပ်တာကို “ကျေးဇူးကန်းတယ်”လို့ တရားတော်က မပြောပါဘူး။
တရားတော်က ကျေးဇူးမဆပ်နိုင်တဲ့ ဘ၀အခြေအနေမှာ ရောက်နေလို့ ကျေးဇူးမဆပ်နိုင်တာကို အပြစ်မပြောပေမယ့် သူ့ကျေးဇူးကို မေ့ပစ်လိုက်တာကိုတော့ အပြစ်ပြောပါတယ်။ လူသားတစ်ယောက်အနေနဲ့ သူ့ကျေးဇူးကို မဆပ်နိုင်ရင်တောင် ရင်ထဲနှလုံးသားထဲမှာတော့ သိမ်းထားရမယ်လို့ ဆိုပါတယ်။
အချုပ်ပြောချင်တာက သူ့ကျေးဇူး မဆပ်နိုင်တဲ့ ဘ၀အခြေအနေမှာ သူ့ကျေးဇူးကို ရင်ထဲနှလုံးသားထဲမှာ သိမ်းထားပါ။ ဆပ်နိုင်တဲ့ အခြေအနေရောက်ရင် ဆပ်ပါ။
ဆပ်နိုင်တဲ့ အခြေအနေရှိရဲ့သားနဲ့ မဆပ်ပဲ ရှောင်လွဲသွားတာကိုမှ ကျေးဇူးကို မေ့ပစ်လိုက်တာကိုမှ ကျေးဇူးကန်းတယ်လို့ တရားတော်က ပြောပါတယ်။
သူ့ကျေးဇူးကို ရင်ထဲနှလုံးသားထဲမှာ သိမ်းထားပြီးတော့ မဆပ်နိုင်သေးတဲ့ အခြေအနေမို့ မဆပ်တာကို ကျေးဇူးကန်းတယ်လို့ တရားတော်က မပြောပါဘူး။
သူ့ဘာသာ ဘယ်လောက်ပဲ ကျေးဇူးကန်းတယ်လို့ ပြောနေပါစေ ကိုယ်ကျေးဇူးကန်းရာ မကျပါဘူး။
ကိုယ်ဆပ်နိုင်ရဲ့သားနဲ့ေ၇ှာင်လွဲတာလား တကယ်မဆပ်နိုင်လို့ဆိုတာတော့ ကိုယ့်ကို အသိဆုံးဖြစ်မှာပါ။
(နားမလည်သေးရင် ထပ်မေးပေါ့)
အရှင်ခေမာနန္ဒ
မိုးသု(မန္တလေး)
No comments:
Post a Comment