Sunday, July 24, 2011

နားလည်ပါပြီ

“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
မင်းလမ်းဘေး ၀က်သားတုတ်ထိုးဆိုင်တွင် သက္ကသိုလ်ကျောင်းသူ၊သား သူငယ်ချင်းတအုပ် ကြာဆံကြော်နှင့်ဝက်သားတုတ်ထိုး ထိုင်စားနေကြသည်။
ပိန်ညောင်ညောင်နှင့် အိုးမဲကဲ့သို့ညစ်ပေသော အရောင်များ ပေကျံလျက် ဟောင်းနွမ်းလှသောအ၀တ် ၀တ်ဆင်ထားသော ကောင်လေးတယောက် ၏အသံကို ဘရ်သူမှ ဂရုမစိုက်မိကြ …။
“တယ် .. ဒီကောင်လေး လာပြန်ပြီလား။ နောက်တစ်ခါလာရင် ဒီဓါးနဲ့ ခုတ်ပစ်မရ် ပြောထားတာကို … သွား … သွား …”
 ****************
အများပိုင် ပန်းခြံလေးတစ်ခုအတွင်းတွင် စုံတွဲတစ်တွဲ ပူးကပ်ထိုင်နေသည်။
“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဟားဟားဟား …..”
“ခိခိခိ …”
ကောင်လေးရော ကောင်မလေးပါ ပြိုင်တူရီမောလိုက်ကြသည်။
“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဟ ဟ ဟ …. ဘာကြီးတုန်းဟ …”
“ခစ်ခစ် … ဟုတ်ပါ့ … ဘာကြီးလဲနော် …”
****************
သီချင်းများမြိုင်နေအောင် ဖွင့်ထားသည် လမ်းဘေး လဖက်ရည်ဆိုင်တစ်ခုရှိ စားပွဲဝိုင်းတစ်ခုအနီးတွင် …
“အစ်ကိုရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ … … …”
“အစ်ကိုရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဘာ … ဘာပြောတာလဲ .. ငါ့နားကောင်းကောင်းမကြားဘူးကွ … ဘာပြောတာလဲ?”
“အစ်ကိုရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …” ကောင်လေး နည်းနည်းကျယ်ကျယ်အော်ပြောလိုက်သည်။
“အာာ … ငါတောင်မရှိလို့ အကြွေးဝင်သောက်နေတာ .. ဟဟ .. မရှိဘူးကွ …”
ဆိုင်ရှင်က လှမ်းမြင်သွားပြီး …
“ဟဲ့ကောင်လေး … မင်းတို့ကို ဒီဆိုင်ထဲ မ၀င်တောင်းရဘူးပြောထားတရ်လေ … ထပ်ဝင်လာရင် ရဲနဲ့ဖမ်းခိုင်းမရ် .. ထွက်သွား .. အနှောက်အယှက်သိပ်ဖြစ်တာပဲ … အကြွေးသောက်တဲ့လူနဲ့ … တောင်းစားနေတဲ့သူနဲ့ … ကျက်သရေကိုတုံးတရ် …”
****************
လူစည်ကားနေသော ဈေးလမ်းမတစ်နေရာတွင် ကောင်လေးထိုင်နေသည်။
““ဦးလေးတို့ အဒေါ်တို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ဦးလေးတို့ အဒေါ်တို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“ ……………………….”
အကြိမ်ကြိမ်အော်ပြီး တောင်းနေပေမယ့် ဘရ်သူမှသူ့ကိုဂရုမစိုက်။ တစ်ချို့က မြင်သလိုတောင်မရှိ။ အမျိုးသမီးကြီး ၁ဦးက သူ့ရှေ့တွင်ရပ်လိုက်သည်။ ၁၀ တန်အစုတ်တစ်ရွက် သူ့ရှေ့ကျလာသည်။ ကောင်လေးမော့မကြည့်ပဲ … ပိုက်ဆံကိုကိုင်ပြီး ကန်တော့လိုက်ရင်း …
“ကျေးဇူးတင်ပါတရ်ဗျာ … ကျေးဇူးတင်ပါတရ် … ဒီထက်မက ကျန်းမာချမ်းသာပါစေ။ ပိုပြီး လှူနိုင်တန်းနိုင်ပါစေ။ စည်းစိမ်ဥစ္စာတိုးပွားပါစေ …”
ကောင်လေးစကားပင် မဆုံးမီ … ထိုအမျိုးသမီးက …
“အမလေး … မင်းပေးတဲ့ဆုကိုမလိုပါဘူး။ သူတောင်းစားက ပေးတဲ့ဆုနဲ့ ပြည့်နေဦးမရ်။ ငါ့ကိုယ်ငါ ကျန်းမာချမ်းသာနိုင်ပါတရ် .. ဟွန့် .. ဘရ်လို သူတောင်းစား ကလေးလဲမသိပါဘူး။ ဟဲ့ .. မိသန်း မြန်မြန်လာလေ .. ဘာငေးနေတာလဲ …”
*****************
လူများရှုပ်ရှပ်ခတ်နေသော ကားဂိတ်တစ်ခုသို့ ကောင်လေး လမ်းလျှောက်လာသည်။ ကားပြတင်းပေါက်တွေ နားသွားရပ်ပြီး ထုံးစံအတိုင်း …
“ဦးလေးတို့ အဒေါ်တို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
“အစ်ကိုတို့ အစ်မတို့ရယ် ကျနော့ကို ထမင်ဖိုးလေးနားပါ …”
ကားတွေ တစ်စီးပြီးတစစီး ထွက်သွားချိန်။ ၂၀၀ တန်တစ်ရွက် ကားပြတင်းပေါက်မှ လှမ်းပစ်ပေးလိုက်တာ မြင်တော့ ကောင်လေးပြေးသွားကောက်ရန်ပြင်လိုက်သည်။ ထိုစဉ် နံဘေးမှ ငုံးဥပြုတ်သည်က မြင်သွားပြီး ကောင်လေးထက်အရင်ပြေးယူသည်။
“ဲအဲ့ဒါ ကျနော့ကိုပေးတာပါဗျာ … ကားပေါ်က အမကြီးတယောက်က ပစ်ပေးခဲ့တာပါဗျာ .. ကျနော့ကို ပြန်ပေးပါဗျာ …”
“မင်းဘာတွေလျှောက်ပြောနေတဲာ … ခရီးသည်က ငါ့ဆီက ငုံးဥပြုတ်၁ထုပ် ၀ရ်ထားတာ။ ကားထွက်သွားလို့ ငါ့ကိုပိုက်ဆံပစ်ပေးခဲ့တာ။ သွားစမ်းပါ . သူတောင်းစားက သူတောင်းစားလို မနေဘူး .. ဈေးသည်ပိုက်ဆံလိုက်လုနေတရ် … သွား …”
**************
နေ့လည် မွန်းတည့်ချိန်ကျော်နေပြီ။ လမ်းလျှောက်ရင်း ဗိုက်ကဆာလာသည်။ ဆက်လျှောက်နေရင်း လမ်းထောင့်တနေရာ အမှိုက်ပုံတစ်ခုတွင် ကောင်လေး ၃ယောက် ဂုန်နီအိတ်ကြီး၁ခုစီနှင့် အမှိုက်ပုံကြီးကို တုတ်နှင့်ထိုးဖွနေကြသည်။ ကောင်လေးလဲ ထို၃ယောက်နည်းတူ ရေသန့်ဗူးခွံများ သံစများ လိုက်ကောက်နေရင်း … အတန်ကြာတော့ … ထို၃ယောက်မှ …
“ဟိတ်ကောင် … မင်းဒါဘာလုပ်နေတာလဲ …”
“ဘာဖြစ်လို့လဲကွ … ငါလဲမင်းတို့လိုပဲ ဒီမှာ ပလတ်စတစ်တွေ ဗူးခွံတွေ ရှာနေတာလေ … မင်းတို့လဲ ဒိုင်ပြန်သွင်းရောင်းနေတာပဲ မဟုတ်လား”
“အေး … ဒါက ငါတို့စားကျက်ကွ။ မင်းလုပ်ချင်တိုင်း လာလုပ်လို့မရဘူး။ မင်းအခု ကောက်ရထားတဲ့ ဗူးတွေ အကုန်ထားခဲ့ပြီး မင်းထွက်သွားတော့ …”
“ဟေ့ကောင် .. ဒါတော့ မတရားဘူးကွ … ဒါငါ့အတွက် ငါအပင်ပန်းခံပြီး ရှာထားလို့ရခဲ့တာပဲ။ မင်းတို့ကို အလကားမပေးနိုင်ဘူး …”
“ပြောနေကြာတရ်ကွာ … ဟေ့ကောင်တွေ … ငါတို့နယ်ချဲ့လာတဲ့ မိတ်ဆွေအသစ်လေးကို လက်ဆောင်နည်းနည်းပြန်ပေးလိုက်ရအောင် .ဟဲဟဲ …”
သူ့နောက်တွင်ရှိသော ကျန်၂ယောက်က မိုက်ကန်းကန်းပုံစံဖြင့် ဒုတ်များကိုင်ပြီး ရှေ့တိုးလာသည်။
“အိုကေ ဟေ့ကောင် .. ငါတောင်းပန်ပါတရ်။ ငါရှာထားတဲ့ ဗူးတွေ အိတ်တွေအကုန်မင်းတို့ ယူလိုက်ဟုတ်ပြီလား။ ငါ့ကိုတော့ ဘာမှမလုပ်ပါနဲ့ကွာ … ငါအခုသွားပါ့မရ် …” ပြောပြီး ကောင်လေး လှည့်ထွက်လာခဲ့သည်။
“သူတောင်းစားက ဘိုဆန်နေသေးတရ် .. အိုကေ တွေဘာတွေနဲ့ … ဆိုးတော့မဆိုးဘူးကွ … ဒီကောင်ရှာထားတာ ပုလင်းတွေ ဗူးတွေပဲကွ …”
ကော်လေး စိတ်ပျက်နေသည်။ တစ်နေကုန် ကောက်ရထားသမျှ ရေသန့်ဗူးတွေ ပုလင်းတွေကတ်ထူစက္ကူတွေ အကုန်ကုန်ပြီ။ အဟောင်းဆိုင်မှာ ဒိုင်ပြန်သွင်းရင်း ညနေစာအတွက် စီစဉ်ခဲ့သမျှ အခုတော့ ….. ….။
******************
“၅၅ ကျပ်ပဲရမရ် …”
“ဗျာ .. ၅၅ကျပ်ပဲရတရ်? ဦးလေးရယ် ပိုပေးပါဦး။ ကျနော် တစ်ညနေလုံး စုဆောင်းခဲ့ရတဲ့ သံဗူးတွေ ရေသန့်ဗူးတွေ …”
“အေးလေ … ရေသန့်ဗူး ၁၀ ခု ကို ၁ခု ၂ကျပ်ပဲရတရ်လေ။ သံဗူးက ၉ခုဆိုတော့ .. ငါက ၃ကျပ်နှုန်းနဲ့ပေးထားတာလေ … ပြီးတော့ မင်းစက္ကူကတ်ထူတွေနဲ့ သတင်းစာအဟောင်းတွေက ပြန်ရောင်းတောင်မရဘူး။ ဒါတောင်ငါက ၈ကျပ်ပေးလိုက်တာ … မင်းက မကျေနပ်သေးဘူးလား”
“ကဲဗျာ … ပေးပါတော့ဗျာ … ကျနော် ဗိုက်ဆာနေပြီ …”
ဈေးကလဲနှိမ်လိုက်တာ။ စမူဆာကြော် တစ်ခု ၅၀ ပေးနေရတဲ့ ခေတ်မှာ ဒီပိုက်ဆံနဲ့ ဗိုက်ပြည့်ဖို့ ဘာသွားစားရမလဲဗျာ …???
ကောင်လေးလက်ထဲတွင် ၆၅ ကျပ်ကို ကျစ်ကျစ်ကို ဆုပ်ကိုင်လျက် … ခေါင်းငုံ့လျက် …  စိတ်ပျက်စွာ …. …. …။
**************
အင်မတန်ခမ်းနား ထည်ဝါသော အိမ်ကြီးတစ်လုံးအတွင်း … ထမင်းစားဝိုင်း တစ်ခုတွင် သားအဖ နှစ်ယောက်မျက်နှာချင်းဆိုင်ရှိနေကြသည်။ အရသာ အင်မတန်ကောင်းမွန်ပုံ ရှိသော အစားသောက်များ ပြည့်နေသော ဟင်းလျာများ နှင့် စားသောက်နေကြသည်။ သားဖြစ်သူက စားပွဲဝိုင်းပေါ်ရှိ ဟင်းလျာများကို တစ်ခုချင်းကြည့်နေရင်း ဖြည်းညင်းစွာ စားသောက်နေသည်ကို ဖခင်ဖြစ်သူက မြင်သောအခါ …
“စားလေသား … စားမကောင်းလို့လား”
“မဟုတ်ပါဘူး ဖေဖေ … အရသာကောင်းမွန်ပါတရ်”
“ကဲ … ဒါဖြင့် ဘာကြောင့်မှိုင်တွေနေတာလဲ .. ပြောပါဦး မင်းရဲ့ မဟာလုပ်ငန်းအတွေ့အကြုံကြီး အကြောင်း”
“အာာ … တကရ့်လုပ်ငန်းအကြီးစားပဲ ဖေဖေ။ ကျွန်တော်ဖြင့် အခုထမင်းစားချင်စိတ်တောင် ကုန်နေတရ်”
“ဘရ်လိုကြောင့်လဲသား … ဒါသားဆန္ဒပဲလေ။ ဖေဖေ အတင်းကြပ်ခိုင်းစေခဲ့တာမှ မဟုတ်တာ”
“ဟုတ်ပါတရ် ဖေဖေ။ ဒီလိုအကြံပေးခဲ့တဲ့ ဖေဖေ့ကိုလဲ ကျေးဇူးတင်ပါတရ်။ ကျွန်တော် ဖေ့ဖေ့လုပ်ငန်းအကြောင်း နားလည်သွားပါပြီဖေဖေ”
“ဒီလိုပဲပေါ့ သားရယ်။ တကရ်တော့ သားအသက်ရွယ်နဲ့ ဒီအကြောင်းတွေ စိတ်ဝင်စားတရ် ကိုယ်တိုင်ခံစားကြည့်ရင်ဘယ်လိုနေမလဲလို့ သားပြောတော့ ဖေဖေဖြင့် အံ့သြမဆုံးနိုင်ဘူး တကရ် …”
“ဟုတ်တရ် ဖေဖေ။ ဒါတောင် ကျွန်တော် ဒီနေ့တစ်ရက်ပဲ တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေက အပေါ်ယံလောက်ပဲရှိသေးတရ်လို့ ထင်ပါတရ်။ ကျွန်တော်သိလိုက်ရတရ်။ တစ်နေကုန်လဲ ဗိုက်ဆာလိုက်တာ။ ခြေထောက်ကလဲ ညောင်း နေကလဲပူ။ တကိုယ်လုံးလဲ ချွေးတွေနဲ့ နံစော်နေတော့တာပဲ။ ဒါတောင် ညထိမနေလိုက်ရလို့ပေါ့ဗျာ။ မဟုတ်ရင်တော့ ကျွန်တော် ဘရ်မှ ခေါင်းချရမှန်းမသိမှာ မဟုတ်ဘူး …”
“အင်း …. ငါ့သားက အသက်၁၂နှစ်ပဲရှိသေးတာ။ ဒီအကြောင်းတွေကို စိတ်ဝင်စားပြီး ကိုယ်တိုင် လက်တွေ့ဝင်ခံစားပြီးပြီ။ အခုလဲ ဖေဖေလုပ်နေတဲ့ “လမ်းဘေးလေလွင့် ကလေးငယ်များ ပြုစုပျိုးထောင်ရေး” စီမံကိန်းမှာ ပါဝင်လေ့လာချင်တရ်ဆိုတော့ ဖေဖေ ၀မ်းသာပါတရ် သား .. သားအတွက် ဖေဖေ သိပ်ပြီး ဂုဏ်ယူပါတရ် သား …”
***********
သူငယ်ချင်းတို့ ရင်ထဲ တွေးစရာ တစ်ခုခုကျန်ခဲ့ဖို့ မျှော်လင့်ပါတရ်။ ကျွန်မ မယ်ဆိုင်-တာချီလိတ် နယ်စပ်မှာ နေတုန်းက Ban-Na-Na ဆိုတဲ့ ထိုင်းNGO လေးတစ်ခုကို သွားရောက်လေ့လာခွင့်ရခဲ့ပါတရ်။ လမ်းဘေး လေလွင့် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းကို စိတ်ဝင်စားလို့ နယ်စပ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးလုပ်ငန်းကို လေ့လာခဲ့ပါတရ်။ အဲ့ဒါတွေ နဲ့စပ်ဆက်ပြီး ကျွန်မရလာတဲ့ အတွေးတစ်ချို့ပေါင်းစပ်ပြီး ဒီအကြောင်းလေးကို ပြန်ရေးပြီး ဝေမျှပေးချင်လို့ ဖြစ်ပါတရ်။ နောက်ပိုင်းကျရင် ဒီအကြောင်းနဲ့ စပ်ဆက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတရ်။ ကျွန်မကို အားပေးပြီး အကြံဥာဏ်ပြုတဲ့ သူငယ်ချင်များ အားလုံးကို ကျေးဇူးတင်ပါတရ်။

(ATM)
[Reference: Myanmar Friends Group Website]

No comments:

Post a Comment