Wednesday, July 6, 2011

အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်

စိတ်ဆိုတာကလည်း သိတဲ့အတိုင်း မကောင်းတဲ့ဘက်မှာပဲ ပျော်မွေ့တတ်ပါတယ်။ ကောင်းတဲ့အလုပ်ကို လုပ်ဖို့ခက်သလောက် မကောင်းတဲ့အလုပ်ကျတော့ အချိန်မရွေး အလွယ်တကူ လုပ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ လုပ်ဖို့လွယ်၊ ဖြစ်ဖို့လွယ်တဲ့ အတွက် စပြီးမလုပ်မိအောင် ကြိုးစားဖို့နဲ့ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်ကတော့ လုပ်ဖို့ဖြစ်ဖို့ ခက်တဲ့အတွက် ချက်ချင်းထလုပ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့ အကျင့်ဟာ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး စမ်းသပ်တဲ့ သဘောနဲ့တောင် မလုပ်မိကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ သူများလုပ်တာတွေ့လို့ လုပ်ကြည့်တာမျိုး၊ သူမျိုးတိုက်တွန်းလို့ လုပ်ကြည့်တာမျိုးကအစ ဘယ်လိုသဘောမျိုးနဲ့မှကို မလုပ်မိကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို စမ်းသပ်တာ၊ စမ်းလုပ်တာကစပြီး နောက်ပိုင်းဖြတ်ဖို့ ခက်လာကာ ဘ၀ကို ဒုက္ခဖြစ်စေနိုင်တဲ့အထိ ဖြစ်သွားတတ်လို့ပဲ ဖြစ်ပါတယ်။

တစ်ချို့ရှိပါတယ်။ အစက ဆေးလိပ်လည်း မသောက်တတ်၊ အရက်လည်း မသောက်တတ်၊ ဖဲလည်းမရိုက်တတ်ပေမယ့် သူများကတိုက်တွန်းလို့ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က စမ်းသပ်ကြည့်ချင်လို့ လုပ်ကြည့်ရင်း ဖြတ်ဖို့ခက်အောင် စွဲကုန်တဲ့အထိ ဖြစ်ကုန်ပါတယ်။ ဆေးလိပ်မသောက်ရ မနေနိုင်အောင်၊ အရက်မသောက်ရ မနေနိုင်အောင်၊ ဖဲမရိုက်ရ မနေနိုင်အောင် ဖြစ်ကုန်ပါတော့တယ်။ အဲလို မနေနိုင်လို့ လုပ်ရင်းလုပ်ရင်း သူ့လုပ်ရပ်က သူ့ကိုပြန်ဒုက္ခ ရောက်စေတဲ့အထိ ဖြစ်လာပါတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆေးလိပ်အစား ကွမ်းလေးစားပြီး ဖြတ်ကြည့်ပါတယ်၊ ဆေးလိပ်လည်းမပြတ် ကွမ်းပါစွဲတဲ့သူတွေလည်း ရှိပါတယ်။ အရက်သောက်တာ မကောင်းမှန်းသိလို့ အရက်ဖြတ်ဖို့ ကြိုးစားပြန်တော့လည်း အချိန်တန် မသောက်ရမနေနိုင်ဖြစ်လို့ ဆေးရုံတက်ဖြတ်တဲ့အထိ လုပ်ကြည့်ပေမယ့် မရပြန်ပါဘူး။ အဲဒီလို ဆေးရုံတက်ဖြတ်ပြီးမှ အရက်ပြန်သောက်မိလို့ ရူးသလိုကြောင်သလိုဖြစ်ပြီး အရက်ကသတ်လို့ သေတဲ့သူတွေလည်း ရှိပါတယ်။ ဖဲရိုက်တာ မကောင်းမှန်းသိလို့ ဖြတ်ဖို့ကြိုးစားပေမယ့် ရှုံးထားတဲ့ ဖဲကြွေးတွေက ရှိနေသေးတော့ အကြွေးလေးတွေကျေအောင် ရိုက်ရင်းရိုက်ရင်း တစ်နှစ်လုံးလုပ်တဲ့ လစာ ကိုယ်မသုံးရဘဲ ဖဲကြွေးဆပ်နေရတဲ့ သူတွေလည်း ရှိပါတယ်။ ဒါတွေဟာ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး စမ်းသပ်အစလုပ်မိရာက အဆုံးမရှိဖြစ်ကာ ဘ၀ပျက်တဲ့အထိ ဖြစ်သွားတတ်တာလေးတွေပါ။

တစ်ခါတစ်လေ မကောင်းမှုအကုသိုလ်တွေဟာ အဆုံးမရှိရုံတင် မဟုတ်ပါဘူး။ နည်းနည်းစပြီး စမ်းသပ်ရာကနေ ကြတော့ မကောင်းမှုကို မကောင်းမှုလို့ကို မမြင်တော့တဲ့အထိ လက်ရဲဇက်ရဲ ဖြစ်လာတတ်တာတွေလည်း ရှိတယ်ပါတယ်။ တစ်ချို့ဆို မုသားပြောတဲ့အကျင့်ကို စသလိုလို နောက်သလိုလိုနဲ့ ပြောမိရကာ ကြာတော့ မဟာလူလိမ်ကြီးတွေ အထိဖြစ်သွားပြီး ဘယ်လိုအကုသိုလ်မဆို မလုပ်ရဲတာ မရှိလောက်တဲ့အထိ ဖြစ်တတ်ကြသလို၊ တစ်ချို့ ငါးရောင်းတဲ့ ငါးစိမ်းသည်တွေဆိုရင်လည်း ငါးအရှင်တွေကို အစကတော့ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းကိုထုသတ်ကြပေမယ့် ကြာတော့လက်ရင်လာပြီး သီးချင်းတကြော်ကြော်နဲ့ကို အကြောက်အလန့်မရှိ အားရပါးရ ထုသတ်နေကြတာလည်း ရှိတတ်ပါတယ်။ အဲဒီလို အကြောက်အလန့်မရှိ ပျော်ပျော်ပါပါး လုပ်မိတတ်ကြမယ်ဆိုရင်တော့ ခံရတဲ့အခါမှာလည်း အဆုံးမရှိအောင်ကို ခံရတတ်တယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အကျင့် ဆိုတာ အစမလုပ်တာကောင်းတယ်လို့ ဆိုတာဖြစ်ပါတယ်။ မကောင်းမှုရဲ့ သဘောက စမိရင်မဆုံးဘဲ ဖြစ်တတ်တဲ့အတွက် အစမလုပ်နဲ့ အဆုံးမရှိ ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

Ashin Vicitta

No comments:

Post a Comment