Tuesday, February 28, 2012

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၉) (ဆရာတော်ဦးဇောတိက)

…အခုလက်ရှိရထားတဲ့ အခြေအနေကို တန်ဖိုးရှိရှိ သုံးပါ။ အချိန်ဟာ ရွှေထက်တန်ဖိုးရှိတယ်။ ရွှေကျင်ဖို့သွားတဲ့လူတွေဟာ ရွှေအတုံးလိုက် အခဲလိုက် မတွေ့ရဘူး။ သဲတွေ နုံးတွေကို ဆေးရင်း ဆေးရင်းနဲ့ နဲနဲချင်း နဲနဲချင်းရွှေကိုရတာ…၊ အင်မတန် အဖိုးတန်တယ်။ အဲဒီလိုပဲ ကိုယ့်ဘ၀မှာ ရှိသမျှအချိန်ကလေးတွေကို တစ်ချက်ပဲဖြစ်ဖြစ်၊ တစ်ကြိမ်ပဲဖြစ်ဖြစ် အသက်ရှုတာ လေးကို သတိကပ်လိုက်ခြင်းအားဖြင့် ရလိုက်တဲ့ ဒီတည်ငြိမ်အေးချမ်းတဲ့ ပစ္စပ္ပုန်တည့်နေတဲ့ စိတ်ကလေးကို ရွှေလေးတွေ လိုပဲတန်ဖိုးထားလိုက်ပါ။

…သတိပဋ္ဌာန်တရားကို နေ့စဉ်စွဲစွဲမြဲမြဲ အချိန်မရွေး နေရာမရွေး ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာကို သိပြီးတော့ ကြည့်ပြီးတော့

လုပ်သွားမယ်ဆိုရင် ပိုပြီးတော့ သတ္တိရှိတဲ့လူ၊ ပိုပြီးတော့ ယုံကြည်မှုရှိတဲ့လူ၊ သူ့ကိုယ်ပိုင်ဥာဏ်နဲ့ အမှား အမှန်၊ အကောင်းအဆိုးကို

ဝေဖန်နိုင်တဲ့လူ၊ ဘယ်ဟာ တန်ဖိုးရှိတယ်၊ ဘယ်ဟာ တန်ဖိုးမရှိဘူးဆိုတာကို ကိုယ့်ကိုယ်ပိုင် ဥာဏ်နဲ့ ကိုယ့်ဟာကိုယ် အတည်ပြုနိုင်တဲ့လူ ဖြစ်လာမှာပဲ။



…တကယ်ရေရှည် စိတ်ပါလက်ပါ ရိုးရိုးသားသား ကြိုးစားသွားမယ်ဆိုရင် အသိဥာဏ်တွေဟာ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ ဖြစ်လာပြီး စိတ်ပိုင်း၊ နာမ်ပိုင်း၊ အသိဥာဏ်ပိုင်းမှာ အထွတ်အထိပ် ရောက်တဲ့သူ ဖြစ်နိုင်ပါတယ်။



…လူအများဟာ ဘ၀ကို Doing နဲ့ပဲ တိုင်းတာလေ့ရှိတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကလည်း ဒီ Doing ကို ကြည့်ပြီးတော့ပဲ လူကို

အသိအမှတ်ပြုတယ်။ သူက ဘာလုပ်နေတာ၊ သူက ဘယ်သူ၊ သူက ဆရာဝန်၊ သူက အင်ဂျင်နီယာ၊ သူက တရားသူကြီး၊ သူက ကျောင်းဆရာ စသည်ဖြင့် ရာထူးအဆင့်အတန်းကို ကြည့်ပြီးတော့ လူကို တိုင်းတာတယ်။ အသိအမှတ်ပြုတယ်။



…ဒီ Doing တစ်ခုတည်းနဲ့ ဘ၀ကို တိုင်းတာတဲ့သူဟာ Doing ကို မလုပ်နိုင်တဲ့အခါမှာ သူ့ဘ၀ကို တိုင်းတာစရာ ဘာမှ မရှိတော့ဘူး။ သူ့ဘ၀ဟာ အသုံးမ၀င်တော့ဘူး။ အဓိပ္ပါယ်မရှိတော့ဘူးလို့ ခံစားရမယ်။



…Being ဆိုတဲ့ တရားအားထုတ်မှုကို လုပ်သွားရင်းနဲ့ Doing ဆိုတဲ့ စားဝတ်နေရေး၊ လူမှုရေးအလုပ်တွေပါ လုပ်သွား နေရမယ်။ ဒီနှစ်ခုကို ခွဲပြီးတော့ မထားသင့်ဘူး။ အဲဒီလို Being နဲ့ နေသွားရင်းနဲ့ကို Doing လုပ်သွားတဲ့လူဟာ သူလုပ်တဲ့ ကိစ္စတွေဟာ သူ့အတွက် ပိုပြီးတော့ အကျိုးရှိမယ်။ သူတစ်ပါးအတွက်လည်း ပိုပြီး အကျိုးရှိမယ်။ သူတစ်ပါးကို ထိခိုက်မယ့်ကိစ္စကို ဘယ်တော့မှ မလုပ်ဘူး။



…တရားနဲ့ ပတ်သက်ပြီးတော့ သိလို့ စိတ်အေးချမ်းမှုရတဲ့အခါကျတော့လောကီနဲ့ပတ်သက်ပြီးတော့ မသိရတာတွေ၊ မရတာတွေကို စိတ်က ဘယ်လိုမှ သဘောမထားတော့ဘူး။ အဲဒါတွေထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့အရာကို ရထားပြီဖြစ်လို့။



…တကယ် တရားရဲ့အေးချမ်းမှုကို သိလာတဲ့အခါ ငါ့ဘ၀ဟာ ပြည့်စုံနေပါတယ်လို့ ခံစားရပါလိမ့်မယ်။ တရားကို မသိရင် ရုပ်ပိုင်းက ဘယ်လောက်ပဲပြည့်စုံနေ၊ ပြည့်စုံနေ၊ ပြည့်စုံနေတယ်လို့ မခံစားရပါဘူး။ ချို့တဲ့နေတယ်လို့ပဲ ခံစားရမှာပဲ။ နောက်ထပ် လိုနေသေးတယ်လို့ပဲ ခံစားရမှာပဲ။

…တရားနဲ့နေပြီး စိတ်အေးအေးချမ်းချမ်းနေတဲ့သူဟာ စိတ်မအိုဘူး။ အသက်တော့ ကြီးလာနေတာမှန်တယ်။ ဒါပေမယ့် ငါ အများကြီး လုပ်နိုင်သေးတယ်။ ကောင်းတာတွေ အများကြီး လုပ်အုံးမယ်၊ အဲသလို ရည်ရွယ်ချက် ထားလိုက်တော့ စိတ်ထဲမှာတော်တော်အားရှိတယ်။ အဲဒီစိတ်ရဲ့အားကြောင့် ခန္ဓာကိုယ်လည်း အားရှိတယ်၊ ဒါကြောင့် ကောင်းတာတွေ အများကြီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးထားပါ။ စိတ်ချမ်းချမ်းသာသာ ကြည်ကြည်လင်လင်နဲ့ မဂ္ဂင်၇ှစ်ပါးတရားကို နှလုံးသွင်းပြီးတော့၊ အားထုတ်ပြီးတော့ နေပါ။ အဲသလိုဆိုရင် အိုတာပါ နှေးသွားလိမ့်မယ်နော်။

…သတိနဲ့ ကိုယ့်စိတ်ကိုယ်ကို သိနေတာ ဘယ်လောက်အကျိုးများတယ် ဆိုတာသိရတဲ့အတွက် ဒီအလုပ်ကိုဒီဘ၀မှာလည်း သေသည်အထိ လုပ်မယ်။ နောက်ဘ၀မှာလည်း ဆက်လုပ်မယ်။



…တစ်နေ့ထက်တစ်နေ့ ပိုပြီး သတိနဲ့နေတာ များလာဖို့ သတိလက်လွတ်နေတာ တစ်နေ့ထက်တစ်နေ့ နဲသွားဖို့၊ စိတ်ကို ပိုပြီးသိလာဖို့၊ စိတ်အေးချမ်းမှု ပိုရှိလာဖို့၊ ပိုပြီးတော့ လွတ်လပ်တဲ့သူ ဖြစ်လာဖို့ ရည်ရွယ်ချက်ထားပြီးတော့ နေ့စဉ် ကြိုးစားနေပါ။ တကယ်လုပ်ရင် တိုးတက်ပါတယ်။ မှန်မှန်တိုးတက်နေရင် တစ်နေ့မှာ ကိုယ်မှန်းထားတာ ဖြစ်မယ်။



…ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲ အရေးကြီးပါတယ်။ နှေးတာက အရေးမကြီးပါဘူး။



…လူ့ဘ၀မှာ အနှစ်သာရဟာ အသိဥာဏ်ပါ။ စားဝတ်နေရေးဆိုတာ မလုပ်မဖြစ်လို့ လုပ်ရတာပါ။ စားဝတ်နေရေးအတွက် အသက်ရှင်နေရ တာ မဟုတ်ပါဘူး။ စားဝတ်နေရေး အသင့်အတင့် ပြည့်စုံပြီဆိုရင် ဒီ့ထက် အရေးကြီးတဲ့အလုပ် ရှိသေးတယ်။



…လူ့ဘ၀ကိုလည်း ရတယ်။ တရားကိုလည်း နာခွင့်ရတယ်။ တရားအားထုတ်ဖို့ပဲ လိုတော့တယ်။ အဲဒီတော့ အချိန်မရှိ ဘူးလို့ မပြောပါနဲ့။ ရသမျှ အချိန်ကို ကုတ်ကတ်ယူပြီးတော့ သတိပဋ္ဌာန်တရားကို လုပ်ကြပါ။

…Don’t forget, “ Beginning is half done and half-won ”. Make a start today.



…စမိပြီးဆိုရင် တစ်ဝက်ပြီးသလိုပဲ၊ တစ်ဝက် အနိုင်ရသွားတယ်။ အဲဒါကို မမေ့ပါနဲ့၊ ဒီနေ့ စလုပ်လိုက်ပါ။

..အပိုင်း (၁၀) ဆက်လက် မျှဝေပေးပါမည်...



Shared from Ma Sai Mon

No comments:

Post a Comment