Wednesday, February 22, 2012

မေတ္တာ ပြန်ပေးပါ



တစ်ခုသော စနေနေ့လေး……..



ကျွန်မ နှင့် အခန်းဖော်သူငယ်ချင်းတို့ နေ့လယ်စာ စားဖို့ တိုက်အောက်က စားသောက်ဆိုင်တန်းကို သွားခဲ့ကြတယ်။ စနေ တနင်္ဂနွေနေ့တိုင်း ကျွန်မတို့ သွားစားနေကျ နေရာလေးပါ။ အဲဒီက အလုပ်သမားတွေ ဆိုင်ရှင်တွေကလည်း ကျွန်မတို့ကို မျက်မှန်းတမ်းမိနေပြီး ကျွန်မတို့လာရင် အားလုံးလိုလို ပြုံးပြီးနှုတ်ဆက်တတ်ကြတယ်။ အဲဒီနေရာလေးက အစားအသောက်အတော်များများ ကျွန်မတို့ ထပ်ခါတလဲလဲ စားဖူးတယ်။ ပြီးတော့ ကျွန်မကိုယ်တိုင်လည်း အဲဒီအစားအသောက်တွေကို ငြီးငွေ့နေပြီ။ ဒါပေမယ့် အပျင်းကြီးသူပီပီ တစ်ခြားနေရာပြောင်းစားဖို့ ကျွန်မ စိတ်မပါခဲ့ဘူး။



ကျွန်မနဲ့ ကျွန်မ သူငယ်ချင်း မှာထားသော အစားအစာကို စောင့်ပြီး ဟိုဟိုဒီဒီပြောရင်း ရယ်မောနေကြသည်။ ရုတ်တစ်ရက် ဝေါ့ကနဲ အသံကြောင့် ကျွန်မ မျက်နှာချင်းဆိုင် စားပွဲကို အကြည့်ရောက်မိတယ်။ မြင်ရတဲ့ မြင်ကွင်းက ကျွန်မကို ဖမ်းစားထားခဲ့သည်။



အဘိုးအိုတစ်ဦး နဲ့ အန်တီကြီးနှစ်ယောက်။ အဘိုးအိုက အန်တီကြီး နှစ်ယောက်ရဲ့ အလယ်မှာ ဝှီးချဲလ်နဲ့ ထိုင်နေတယ်။ အန်တီကြီးနှစ်ယောက်ရဲ့ ရှေ့မှာတော့ လောလောလတ်လတ်စားပြီးသွားတဲ့ ထမင်းပန်းကန်တွေ အဘိုးကြီးရဲ့ ရှေ့မျာတော့ မပြီးပြတ်သေးတဲ့ အန်ဖတ်တွေနဲ့ ရောနေတဲ့ ထမင်းပန်းကန်။ အဘိုးအိုက အန်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးသည်။အန်တီကြီးတစ်ယောက်က ဖုန်းပေါ်မှ ခလုတ်များကို အနှိပ်မပျက် ဘေးမှအဖော်ကို စကားတတွတ်တွတ်ပြောပြီး အဘိုးအို၏ ကျောပြင်ကို တဘုန်းဘုန်းထုနေတော့သည်။ ခံနေရမည့် အဘိုးအိုတော့ ကျွန်မ မသိ။ ကျွန်မကိုယ်တိုင်တော့ မြင်ရသည့် မြင်ကွင်းအပေါ် မသက်မသာ စိတ်ဝင်စားစွာ ကြည့်နေမိသည်။ တစ်ခြားအန်တီတစ်ယောက်က ပန်းကန်မှ ကျိချွဲချွဲအန်ဖတ်တွေကို အမှိုက်ပုံးထဲထည့်ပစ်ပြီး ကြက်သားဖတ်တွေကို တစ်ဖက်မှာပုံရင်း ထိုပန်းကန်ကိုပဲ အဘိုးအိုရှေ့ထိုးပေးကာ “စား…အဖေ…ကုန်အောင်စား” ဟု ပြောသည်။




အဘိုးအိုမှာ ပန်းကန်ကို ကြည့်ရင်း ငိုင်ငိုင်လေး ငေးနေသည်။ အဘိုးအို၏ မျက်နှာပြင်မှာတော့ ဝမ်းနည်းခြင်း အရိပ်အယောင်များ လွှမ်းမိုးနေသည်။ ဖုန်းပေါ်မှ ခလုတ်တွေကို နှိပ်နေသော အန်တီကြီးက “အာ…အဖေ မြန်မြန်စားလေ…အချိန်မရှိဘူး တုန့်နှေးတုန့်နှေးနဲ့”ဟု တစ်ချက်ခပ်မာမာပြောလိုက်သည်။ အဘိုးအို၏ မျက်ဝန်းအိမ်မှ လှိမ့်တက်လာတဲ့ မျက်ရည်ဥတွေကို ဘေးမှ သမီးနှစ်ယောက်တော့ မြင်မမြင်မသိ ကျွန်မ ကွက်ကွက်ကွင်းကွင်း မြင်လိုက်သည်။အဘိုးအိုက တုန်တုန်ယင်ယင်လက်ဖြင့် ခရင်းကို ကိုင်ကာ ကြက်သားဖတ်တစ်ဖတ်ကို ခက်ခက်ခဲခဲ ပါးစပ်ထဲထည့်သည်။ သွားများမရှိတော့လို့ ထင်သည် သွားဖုံးနှင့် အသာ ကြက်သားဖတ်ကို အသည်းအသန် ကြိတ်သည်။ ပါးစပ်မှ သားရည်များ စီးကျလာသောအခါ အဘိုက တအီးအီးအော်သည်။ ဘေးနားမှ သမီးနှစ်ယောက်ကတော့ စကားပြောမပျက် တုတ်တုတ်မှ မလှုပ်။



“ဟဲ့ ဘာလို့ အဲလောက်ထိ စိုက်ကြည့်နေတာလဲ တစ်ဖက်ဝိုင်းက လူတွေကို အားနာစရာ” ဘေးမှ အဖော်သူငယ်ချင်းက စကား စ လာမှ ကျွန်မ ကပျာကယာ အကြည့်ဖယ်လိုက်သည်။ အစားအသောက်တွေ လာချတော့ ကျွန်မ တိတ်ဆိတ်စွာပင် စားနေမိသည်။ အတွေးများကတော့ ဟိုး တစ်နှစ်အကြာက သွားရောက်ခဲ့ဖူးသော နေရာလေးသို့ ဖြန့်ကျက်လျက်xxxxxxxx



ကျောင်းသားအများအပြားက စတိတ်ခ်ျစင် အတွက် ပြင်ဆင်နေကြသည်။ တစ်ချို့ကတော့ ပူဖောင်းများမှုတ်နေကြသည်။ ကျောင်းသူများအပါအဝင် ကျွန်မတို့ကတော့ စက္ကူ အရုပ်ခေါက်နည်းများ တစ်ဦးနှင့် တစ်ဦးလက်ဆင့်ကမ်းသင်နေကြသည်။ ကျောင်းသားများအပါအဝင် ကျွန်မတို့ ကျောင်းသူများအားလုံး ပျော်ရွှင်တက်ကြွလန်းဆန်းနေကြသည်။



ထိုအထဲတွင် ဘာခံစားချက်မှ ရှိပုံမရသော ငိုင်ငိုင်ကြီးထိုင်နေသူတွေလည်း ရှိနေသေးသည်။ ထိုသူတွေအများစုကတော့ မစွမ်းတော့သော ခြေထောက်ကို အထောက်အပံ့အလို့ငှာ ဝှီးချဲလ်များဖြင့် တစ်ချို့ကတော့ တောင်ဝှေးများဖြင့်…တစ်ချို့ကတော့ မျက်မှန်ထူထူများနှင့်…..သူတို့အားလုံး တက်ကြွမနေကြတာတော့ သေချာသည်။ ကျွန်မတို့ကတော့ အစွမ်းကုန်ပွင့်တော့မယ့် ပန်းများအသွင် သူတို့ကတော့ ညှိုးနွမ်းစပြုကာ ကြွေဖို့တာဆူနေသော ပန်းလေးများအသွင် ဖြစ်မည်ထင်သည်။



ကျွန်မတို့ကျောင်းမှ ကျောင်းသားကျောင်းသူအချို့ကို ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အဘိုးအဘွားများအတွက် ပျော်ပွဲရွှင်ပွဲလုပ်ပေးဖို့ လွှတ်တဲ့ ပရဟိတအစီအစဉ်အတွက် ကျွန်မတို့အားလုံး ဘိုးဘွားရိပ်သာသို့ရောက်ရှိနေကြခြင်းဖြစ်သည်။ အစီအစဉ်ရဲ့ပထမအပိုင်းကတော့ ကျွန်မတို့ မိန်းကလေးအများစုက စက္ကူရုပ်ခေါက်နည်းလေးတွေကို ဘိုးဘွားတွေကို သင်ပြမည်။ သူတို့က လိုက်လုပ်လို့ရလာသော စက္ကူ အရုပ်ကလေးတွေကို ကြည့်ရင်း ပျော်ရွှင်နိုင်အောင်ဖြစ်သည်။ စက္ကူအရုပ်လေးတွေ လိုက်မလုပ်နိုင်ရင်းလည်း ကျွန်မတို့ လုပ်ပေးသော စက္ကူရုပ်ရောင်စုံလေးတွေ ကြည့်ရင်း ကြည်နူးနိုင်အောင်ဖြစ်သည်။



ကျွန်မက တာဝန်ယူပြီး သင်ပေးရသည်မှာ အနွေးထည်ခပ်နွမ်းနွမ်းနှင့် ဝှီးချဲလ်ကို အားကိုးနေရသော နားခပ်လေးလေးအဘွားအို ဖြစ်သည်။ အဘွားကို ကျွန်မ စကားပြောဖို့ ကြိုးစားသည်။ အဘွားက နားလေးနေသောကြောင့် သိပ်အဆင်မပြေ။ တစ်ခါတစ်ခါ အဘွားပါးစပ်က ပလုံးပထွေးထွက်လာသော အသံများကိုလည်း ကျွန်မ သိပ်နားမလည်။ ကျွန်မနှင့် အဘွားတော့ ဒီလိုဆို တစ်ယောက်နဲ့တစ်ယောက်ဘယ်လို ပြောဆိုဆက်သွယ်လို့ မဖြစ်နိုင်ပေ။ ကျွန်မလည်း အတတ်နိုင်ဆုံးပြုံးပြီး အဘွားလက်ကို ညင်ညင်သာသာ ကိုင်ကာ စက္ကူရုပ်ဘယ်လိုခေါက်ရမလဲ ကျွန်မ သင်ပေးသည်။ စက္ကူကြိုးကြာရုပ်လေးပေါ်လာသောအခါ ကျွန်မ အရုပ်လေးကို ငှက်လေး ပျံသန်းနေတဲ့သဏ္ဌာန်မျိုး လုပ်ပြသည်။ အဘွားက ကျိုးတို့ကျဲတဲသွားလေးများပေါ်အောင် ပြုံးပြတော့ ကျွန်မအလိုလိုလိုက်ရယ်မိသည်။ ကျွန်မ သတိထားလိုက်မိတဲ့အချက်တစ်ခုကတော့ အဘွားရဲ့ အပြုံးဟာ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်နေတာကိုပဲ။



ကျွန်မတို့နားကို ရိပ်သာမှ သူနာပြုတစ်ယောက်ရောက်လာသည်။ နာ့စ်မမက အဘွားရဲ့ ဆံပင်လေးတွေကို တယုတယ ပွတ်သပ်ရင်း ဖက်လိုက်သည်။ အဘွားက သူမကို မော့ကြည့်ရင်း ဗလုံးဗထွေးတစ်ခုခုပြောလိုက်သည်။ သူမက ပြုံးရင်း “သူ မလာဘူး အဘွားရဲ့ သူ မအားလို့ မလာတာပါ” ဟု ညင်ညင်သာသာပြန်ဖြေလိုက်သည်။ ကျွန်မ အံ့သြနေခိုက် သူမက ကျွန်မဘက်ကိုလှည့်ပြီး “ညီမရေ..ဒီအဘွားက သူ့သားကို မေးတာကွဲ့…အစ်မတို့ ရိပ်သာကို ဧည့်သည်လာတိုင်း သူ့သားလာတယ်မှတ်ပြီး အမြဲမေးတယ်….သနားပါတယ်ကွယ်…အစ်မ မလည်း သူမေးတိုင်းသင့်တော်သလို ဖြေပေးနေရတယ်” ဟု ရှင်းပြသည်။ ကျွန်မက အဘွားသားအကြောင်းမေးတော့ သူမက “အင်း အဲဒီအဘွားသားကို အဘွားကို ရိပ်သာလာအပ်တုန်း ခဏပဲ မြင်ဖူးလိုက်တယ်..နောက်ပိုင်း ဘဏ်ကနေပဲ အဘွားအတွက်ဆိုပြီး ပိုက်ဆံလွှဲပေးတယ်..ဒါပေမယ့် ညီမရယ် ဒီလိုအသက်အရွယ်မှာ ပိုက်ဆံက ဘာအရေးလဲ လိုအပ်တာက မေတ္တာလေ..”။ ကျွန်မ ခေါင်းတဆတ်ဆတ်ညိမ့်မိရင်း အဘွားကို ကြည့်လိုက်တော့ အဘွားက များပြားစွားသောကျောင်းအုပ်ကြီးထဲမှာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသလို ဟိုကြည့်ဒီကြည့်လုပ်နေသည်။ အဘွားက သူ့သားကို ရှာနေမှာပဲ ဟု ကျွန်မတွေးမိသောအခါ အဘွားကို တော်တော်သနားမိသည်။



နောက်အစီအစဉ်တစ်ခုအနေနဲ့ အဘိုးအဘွားတွေအတွက် ပျော်ပွဲရွှင်ပွဲလေးတစ်ခုလုပ်ပေးသည်။ ပထမဆုံး ရှေးဟောင်းသီချင်းလေးတွေ ဖွင့်ပေးပြီး အတူတူ လိုက်ဆိုကြသည်။ တစ်ချို့အဘိုးအဘွားတွေကတော့ လိုက်ဆိုရင်း မျက်ရည်ဝဲနေကြသည်။ တစ်ချို့ကတော့ ကလေးများသဖွယ် ဟန်ပန်လေးတွေနဲ့ အားကြိုးမာန်တက်လိုက်ဆိုကြသည်။တစ်ချို့အဘိုးအဘွားများကတော့ လိုက်မဆိုဘဲ ပိတ်ကားကို ကြည့်ရင်း ငိုင်ငိုင်လေး ဖြစ်နေသည်။



ထို့နောက် ကျွန်မတို့အားလုံး အဘိုးအဘွားတစ်ယောက်စီကို တစ်ဦးကျ တာဝန်ယူပြီး ရိပ်သာ ဝန်းကျင်ကို တစ်ပတ်လှည့်သည်။ မှတ်မှတ်ရရ ထိုနေ့က လပြည့်နေ့ဖြစ်သည်။ ရိပ်သာမှ လူတွေက အဘိုးအဘွားတို့တွေအတွက် အလှမီးပုံလေးတစ်ခုစီ စီစဉ်ပေးသည်။ အဘိုးအဘွားတွေ၏မျက်နှာများက အပြုံးတွေနဲ့ မီးပုံးနှင့် အပြိုင်တောက်ပလျက်…။ တစ်ချို့ကျောင်းသားများက သီချင်းတစ်ပုဒ်ကို သံပြိုင်ညည်းကြသည်။ ထိုအချိန်လေးက ကျွန်မအတွက် ကြည်နူးစရာတွေ ပြည့်နေခဲ့သည်။ နာ့စ်မမက ကျွန်မနားကို ကပ်ပြီး “သူတို့တွေ တော်တော်ပျော်သွားကြမှာပဲ…ဧည့်သည်လာမှ သူတို့ ဒီလို အပြင်ကို ထွက်ရတာ..ပုံမှန်ဆို အခန်းထဲက အပြင်ကို မထွက်ဖြစ်ဘူးလေ…မစွမ်းမသန်တော့ဘူးဆိုတော့ တခြားအကူအညီလိုတယ်လေ..” ဟု လာပြောတော့ ကျွန်မ အတော်စိတ်မကောင်းဖြစ်သွားသည်။



ထိုရိပ်သာမှ အပြန် သူငယ်ချင်းတစ်ယောက်က “ငါတော့ အသက်ကြီးလာရင် သားသမီးတွေက စွန့်ပစ်ပြီး ဘိုးဘွားရိပ်သာရောက်နေရတဲ့ အဖြစ်ကို မလိုလားဘူးဟာ မြန်မြန်သေသွားတာမှ ကောင်းအုံးမယ် ဘယ်လောက်အထီးကျန်ဆန်လိုက်လဲ” ဟု ညည်းသည်။ “အင်း ဟုတ်တယ် ငါ့မိဘတွေလည်း တစ်နေ့နေ့ ငါသာ အဲလိုစွန့်ပစ်ထားခဲ့ရင် ဘယ်လောက်ခံစားလိုက်ရမလဲ” ဟု တခြားသူငယ်ချင်းတစ်ယောက်က ဆက်ပြောသာအခါ ကျွန်မ ခေါင်းတတွင်တွင် ငြိမ့်မိသည်။xxxxxxxx



“ဟဲ့  နင်က လုပ်ပြန်ပြီ ဘာတွေတွေးပြီး ဘာလို့ ခေါင်းတွေငြိမ့်နေတာလဲ မြန်မြန်စားလေဟာ ငါတောင် ပြီးတော့မယ်” ဟု ဘေးမှ သူငယ်ချင်းက သတိပေးမှပဲ ကျွန်မ ကိုယ့်အဖြစ်ကိုကိုယ် သတိထားမိသည်။ သူမကို တစ်ချက်ရယ်ပြရင်း ထမင်းကို အမြန်စားရသည်။

………………………………………………………………………………………………

ထိုနေ့က ကျွန်မ တွေးစရာလေးတစ်ခု ရခဲ့သည်။ ကျွန်မ သူငယ်ချင်းမ နှစ်ယောက်ပြောတဲ့အတိုင်း မိဘတွေ အသက်ကြီးလာရင် မိဘရိပ်သာမပို့ရုံ ကျွန်မတို့နဲ့အတူတူနေခိုင်းရုံ နဲ့တော့ မိဘတွေ ပျော်ရွှင်မည် အထီးကျန်ဆန်မှုခံစားရမည်မဟုတ် ဟု ကျွန်မ မထင်တော့ပါ။ စားသောက်ဆိုင်မှာတွေ့ခဲ့၇သည့် အဘိုးအိုနှင့် သူ့သမီးနှစ်ယောက်က သက်သေပင်ဖြစ်သည်။ သမီးနှစ်ယောက်၏ ဝတ်ကျေတန်းကျေ စိတ်မပါလက်မပါ အပြုအမူများကြားတွင် ထိုအဘိုးအို စိတ်ချမ်းသာမည်မဟုတ်မည်မှာ အထူးပင်ပြောစရာမလိုတော့။ သားသမီးတွေကလည်း သားသမီးတွေပင်။ အသက်ကြီးပြင်းအရွယ်ရောက်လာတော့ မိဘက ကိုယ့်အပေါ်ဘယ်လို ပြုစုပျိုးထောင်လာခဲ့သည်ကို မေ့ချင်ချင်ဖြစ်သွားကြသည်။ မေတ္တာတွင် အသွားအပြန်ရှိသည် ရောင်ပြန်ဟပ်သည် ဟူသောစကားက မိဘများအတွက် မှန်သင့်သလောက် မမှန်တော့ပေ။ ငယ်ရွယ်စဉ် ကျွန်မတို့ကို ထမင်းကျွေးတော့ မိဘများက ထမင်းပျော့ပျော့ကို အရသာရှိအောင် အာဟာရရှိအောင် နယ်ပယ်ပြီး ဂရုတစိုက်ကျွေးတတ်ကြသည်။ မိဘများအသက်ကြီးလာတော့ ထမင်းပန်းကန် သူတို့ရှေ့ရောက်သွားလျှင် တာဝန်ကျေပြီ ဟု ကျွန်မတို့ ယူဆတတ်ကြသည်။ သွားများမကောင်းတော့သော သူတို့အတွက် ထမင်းကို ပျော့အောင် စီမံပေးဖို့ ငါးပါလျှင် အရိုးထွင်ပေးဖို့ ဒါတွေကို ကျွန်မတို့ မေ့လျော့လျစ်လျူရှုထားတတ်ကြသည်။ မိဘများအတွက် သားသမီးများငယ်စဉ်က မေတ္တာနှင့် ယှဉ်ပြီး ပြုစုဂရုစိုက်ယုယကြင်နာမှုများအတွက် မိဘများအိုမင်းမစွမ်းဖြစ်လာတော့ သားသမီးများက ပြန်လည်ပေးအပ်သည်ကတော့ ညည်းညူမှုများ ငြူစူမှုများ အော်ငေါက်မာန်မဲမှုများ စွန့်ပစ်မှုများပင်ဖြစ်သည်။



မိဘတွေသာ ရှိမနေခဲ့ဘူးဆိုလျှင် ဖြစ်လာမည့် ကျွန်မတို့၏် ဘဝအခြေအနေများကို စဉ်းစားစိတ်ကူးယဉ်ကြည့်ကြပါ။ သူတို့ရင်ထဲက မေတ္တာ နဲ့ပြည့်နေတဲ့ နှလုံးသားကို မြင်တတ်ခဲ့မယ်ဆိုလျှင်ဖြင့် ကျွန်မတို့ ကလည်း မေတ္တာပြန်ပေး၍ ဆက်ဆံကြရအောင်လားရှင့်။ ။



ဝါလေး (PIC)

၁၁.၃၃ (နံနက်)

၂၄.၇.၂၀၁၁ (တနင်္ဂနွေ)


Reference: www.moba4all.org

No comments:

Post a Comment