Friday, February 17, 2012

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောကြားတော်မူသော ကာမခြောက်မျိုး တရားတော် (၈-၁၂-၁၉၅၉) တရားတော်မှ ကောက်နှုတ်ချက်များ...

(၁) ကာမကိုလည်းသိရမယ်။

(၂) ကာမဖြစ်ကြောင်းကိုလည်းသိရမယ်။

(၃) ကာမ၏ ထူးခြားပုံကိုလည်းသိရမယ်။

(၄) ကာမ၏ အကျိုးပေးကိုလည်းသိရမယ်။

(၅) ကာမ၏ ချုပ်ရာကိုလည်းသိရမယ်။

(၆) ကာမ၏ ချုပ်ရာချုပ်ကြောင်းအကျင့်ကိုလည်းသိရမယ်။



ဒီ ၆ ချက်အရေးကြီးတယ်.....



(၁) ကာမကိုလည်းသိရမယ်။



ကာမဆိုတာ မှတ်ထားစမ်းပါတဲ့.....မင်းတို့ သန္ဓာန်မှာ လိုချင်တတ်တဲ့ သဘောလေး၊ ခင်တတ်တဲ့ သဘောလေး၊ မင်တတ်တဲ့သဘောလေးဟာ ကာမလို့မှတ်စမ်းပါ။ ခင်မင်တဲ့ သဘောလေးဟာကာမ.....



(၂) ကာမဖြစ်ကြောင်းကိုလည်းသိရမယ်။



ကာမဖြစ်ကြောင်းကိုလည်းထိုးထွင်းသိရမယ်။ မတွေ့ခင်က ဖြစ်တဲ့ကာမလား၊ အာရုံ၊ အာရမဏိက ထိလိုက်မှဖြစ်တဲ့ ကာမလားမေးပါတဲ့...ဒါဖြင့် ထိလိုက်တာက ဖဿ၊ ဖဿကြောင့် ကာမဖြစ်တယ်။ သဘောကျပလား။ လောဘ(ကာမ) ဖြစ်ကြောင်းက ဖဿ၊ ခင်ဆိုတာ ဒကာ၊ဒကာမ စိတ်ထဲမှာတွေ့လို့ခင်တာလည်းရှိတယ်၊ လူကိုယ်တိုင်တွေ့လို့ ခင်တာလည်းရှိတယ်။ ဖဿက ရှေ့သွား၊ ခင်တာက နောက်လိုက်။ ဒါဖြင့် ကာမက ဘယ်သူ့ကြောင့်ဖြစ် တုန်း ဖဿကြောင့်။ ဒါကာ၊ ဒါကာမများဘုန်းကြီးကမေးချင်တယ်၊ နောက်ဘ၀ ဖြစ်ခဲ့တဲ့ သားသမီးတွေများ ခင်ကြရဲ့လား..(မခင်ပါဘုရား) ဖဿက ဆက်မပေးလို့။ ဆက်ပေးလို့ရှိရင်ခင်ဗျားတို့  အားတောင်မအားဘူး။ အ၀ိဇ္ဇာကဖုံးတော့ ဖဿက ဆက်သွယ်ချိန်မရတဲ့အတွက် ခင်ပါရဲ့လားလို့ မေးတော့ (မခင်ပါဘူးဘုရား) အခုတွေ့တဲ့ သားသမီးလေးတွေ ဆိုးလည်းမပြစ်နိုင်၊ ကောင်းလည်းမပြစ်နိုင် မလာကြဘူးလား၊ ဒါကြောင့် မပြစ်နိုင်တဲ့ တဏှာ (လောဘ) သည် ဖဿလက်ချက်ဘဲ.... ရှင်းပြီနော်..



(၃) ကာမ၏ ထူးခြားပုံကိုလည်းသိရမယ်။



ကာမထူးခြားပုံလေး ပြောပါအုံးမယ်။ ကာမထူးခြားသည်ကားဆိုလို့ရှိ ရင် တစ်ချို့က အဆင်းခင်တာက ကာမတစ်မျိုး၊ အသံကိုကြိုက်တဲ့ ကာမက တစ်မျိုး၊ အနံ့ကြိုက်နေတဲ့ ကာမကတစ်မျိုး၊ ရသာကြိုက်နေတဲ့ ကာမက တစ်မျိုး၊ အတွေ့ကြိုက်နေတဲ့ ကာမက တစ်မျိုး၊ အင်းဒါဖြင့် ကာမထူးခြားတာ ၅ မျိုး၊ ဒါဖြင့် အာရုံ ၅ ပါးဟာ ကာမ၏ ထူးခြားချက်ဘဲတဲ့... ရှင်းကြပါဘီလား။



(၄) ကာမ၏ အကျိုးပေးကိုလည်းသိရမယ်။



ကောင်းဘီ..ကာမ၏ အကျိုးပေးလည်းသိရအုံးမယ်။ ကာမဆိုတဲ့ လောဘလေးရှိနေမှဖြင့် ကျုပ်တို့ လူပြန်ဖြစ်လည်းကျေနပ်ပါဘီ။ နတ်ပြန်ဖြစ်လည်း ကျေနပ်ပါဘီဆိုပြီးတကာလ လူဖြစ်ချင်တဲ့ ကံတွေကြိုးစားတာ၊ နတ်ဖြစ်ချင်တဲ့ ကံတွေ ကြိုးစားတာ ဆိုတာ ကာမကြောင့်ပေါ်လာတာ....ကာမ၏ အကျိုးပေးတဲ့..ဒီကံတွေလုပ်ဖြစ်တာ ကာမကြောင့်လုပ်ဖြစ်တာ...နိဗ္ဗာန်မရောက်မှစပ်ကြားမှာ အပယ်လေးပါးမှလွတ်ပြီးတကာလ ဖြစ်ချင်တဲ့ ဘုံဘ၀ရောက်အောင်လုပ်ဖြစ်တာ ကာမကြောင့်လုပ်ဖြစ်တာ။ ဒါဖြင့် ဒီကံတွေက အကျိုးပေးမနေဘူးလား...ကာမကြောင့်လုပ်တာကွ ဒီလိုသိထားပါ။



(၅) ကာမ၏ ချုပ်ရာကိုလည်းသိရမယ်။



ကာမတို့၏ ချုပ်ရာ ဆိုတော့ အာရုံ ၅ ပါးတို့၏ ချုပ်ရာ နိဗ္ဗာန်ဘဲ။



(၆) ကာမ၏ ချုပ်ရာချုပ်ကြောင်းအကျင့်ကိုလည်းသိရမယ်။



ကာမ၏ ချုပ်ရာချုပ်ကြောင်းအကျင့် ကတော့ မဂ္ဂင်အလုပ်လုပ်ပါ။ ဒါဘဲ နိဂုံးချုပ်တယ်ဘုရားက... ဒါဖြင့် မဂ္ဂင်ဘယ်ဟာလုပ်ရမလဲဆိုတော့ ဒကာ၊ ဒကာမတို့ ကာမကိုလည်းရှုနိုင်တယ်၊ ကာမ၏ အကျိုးပေးတွေကိုလည်း ရှုနိုင်တယ်၊ ကာမကြောင့်ဖြစ်တဲ့ အထည်တွေကို လည်း ရှုနိုင်တယ်။ ကိုင်းဒါဖြင့် ၅ ပါးအာရုံ ကာမဂုဏ်ဆိုတာ ဒီခန္ဓာ ၅ပါးထဲ အပြည့်အစုံရှိတယ်။ အလိုရှိအပ်တာက ခန္ဓာ ၅ပါး၊ အလိုရှိတာက ကာမတဏှာ။ ခန္ဓာ ၅ပါးဆိုတဲ့ အထည်ဝတ္တုကြီးက ၀တ္တုကာမ၊ ကိုယ့်သန္ဓာန်မှာ ဒါလေးခင်တဲ့ မင်တဲ့ စိတ်ကလေးကတော့ ကိလေသာကာမ၊ အဲကွဲသွားပါဘီတဲ့ ဒကာ၊ ဒကာမတို့နော်။ အဲ့တော့ ကိလေသာကာမက ဘယ်ကိုတွယ်နေသတုန်းလို့မေးတော့ ၀တ္တုကာမကိုတွယ်နေတယ်။ ရှင်းဘီနော်...လောဘဆိုတဲ့ ကိလေသာကာမသည် ၀တ္တုကာမဆိုတဲ့ ခန္ဓာ ၅ပါး ပေါ်မှာ တွယ်ကပ်နေတယ်ဆိုတာတော့ မှန်ပါဘီ။ တစ်ချို့က ပုဂ္ဂိုလ်ခင်တယ်၊ တစ်ချို့က ကောင်းစားတာလေးကို ခင်တယ်၊ တစ်ချို့က သညာဆိုတဲ့ ကျောင်းသညာအမှတ်အသားလေးကို ခင်တယ်။ တစ်ချို့က စေတနာကောင်းလေးတွေကို ခင်တယ်။ စိတ်ကောင်းလေးတွေကို ခင်တယ်။ အလိုရှိတတ်သောကြောင့် ကာမ....ဒါတွေဘယ်မှာတွယ်တာနေ ပါသလဲလက်သည်ရှာ ၀တ္တုကာမဆိုတဲ့ ခန္ဓာ ၅ပါးပေါ်မှာ..ဒါကြောင့် ခင်ဗျားတို့ ခန္ဓာ ၅ပါးထဲက တစ်ပါးပါးကို ကြိုက်တာရှု့စမ်းပါ...လို့ ဆရာဘုန်းကြီးက တိုက်တွန်းနေရတာမှာ ၀တ္တုကာမပေါ်မှာ ကိလေသာကာမက ကပ်နေလို့.... ဒါကြောင့် ကိလေသာကာမတွေ မလာရအောင်လို့ ၀ိပဿနာမဂ်တွေနဲ့ ရှု့ရပေဘူးလားဗျာ... ဘယ်ဟာရှု့ရမှာလည်းဆိုတော့ ယနေ့တော့ ရှင်းပြီ ၀တ္တုကာမသာရှု့ဟေ့။ ခင်ဗျားတို့ အခင်ဆုံး၊ အချစ်ဆုံး ကိုရှာလိုက်တော့ရင်လည်း ကိုယ့်ကို ကိုယ်အချစ်ဆုံးကွဆိုတော့ ၀တ္တုကာမကို ကိလေသာကာမနဲ့ အတွယ်ဆုံးလို့ပြောတာ။ အညိဆုံး၊ အကပ်ဆုံးဘဲဆိုရင်လည်း မမှန်ဘူးလား။ အဲ့ဒါကြောင့် နိဗ္ဗာန်မရတာသည်တဲ့ ၀တ္တုကာမကို ကိလေသာကာမနဲ့ မခွဲနိုင်လို့ မရတာ....ရှင်းဘီလား...ဒါဖြင့် သမုဒယသစ္စာဆိုတဲ့ ကိလေသာကာမဟာ သေသေချာချာ မဂ်တားဖိုလ်တားဘဲဆိုတာ ပေါ်လာပါဘီ။ ကိုယ်းဒါဖြင့် သူဟာ တွယ်စရာရှိလို့ကပ်တာ။ တွယ်စရာဖြုတ်လိုက်ကြရင် ကပ်စရာမရှိပါဘူး။ ဖြစ်ပြီးပျက်သွားဘီလို့ မဂ္ဂင်လေးနဲ့ သိနေတော့ သူအလိုရှိတဲ့ အာရုံမဟုတ်တော့ဘူးတဲ့ ၀ိပဿနာအာရုံဖြစ်သွားဘီ။ သူအလိုရှိတဲ့ အစိုင်အခဲလည်းမဟုတ်တော့ပါဘူး၊ သူအလိုရှိတဲ့ အလှအပလည်း မဟုတ်တော့ပါဘူး၊ သူအလိုရှိတဲ့ သုဘလည်း မဟုတ်တော့ပါဘူး။ တဏှာအလိုရှိတဲ့ သုခတွေလည်းမဟုတ်တော့ပါဘူး။ သားသမီးဖြစ်နေတုန်းကတော့ ကိလေသာကာမက ရှိနေတယ်။ အခုတော့ဖြင့် မိမိခန္ဓာကိုယ်ကြီးကိုပင် ဖြစ်ပြီးပျက်တဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့ အနတ္တတွေ ဒါတွေကို ကြည့်ခိုင်းတဲ့ အခါကျတော့ ဒီဝတ္တုကာမတွေမရှိတော့ပါဘူး။ ၀တ္တုကာမမရှိတော့ရင်ဖြင့် ကိလေသာကာမ နင်သွားတော့လို့ နှင်ရသေးရဲ့လား..မနှင်၇တော့ပါဘူးတဲ့... ဘာဖြစ်လို့တုန်း..၀တ္တုကာမမရှိလို့ပါ...၀တ္တုကာမ ဘယ်ကလာသတုန်းဆိုတော့ ဒကာ၊ဒကာမတို့ ဒါတွေကို နိစ္စ (မြဲတယ်လို့) ထင်နေလို့ လာတာပါ။ နိစ္စ (ခိုင်တယ်၊ မြဲတယ်လို့) ထင်နေလို့ ၀တ္တုကာမဖြစ်နေတာ၊ ၀တ္တုကာမပြုတ်မှ ကိလေသာကာမပြုတ်မယ်လို့ ဒီနေ့တ၇ားမှာပြောပါတယ်။ ကိလေသာကာမ အထူးပယ်စရာလိုသေးလားလို့ မေးရင်တော့ တွယ်စရာမရှိလို့ပြုတ်ပါဘီ.....ကဲဒါဖြင့် အနိစ္စသည် နိဗ္ဗာန်ရတဲ့ အကြောင်းကလည်းရှင်းသွားပါဘီ.....


ဗုဒ္ဓဟောကြား မြတ်တရားမှ ရေးသားပူဇော်ပါသည်....

Shared from အရှင် သီရိဓမ္မာ

No comments:

Post a Comment