Monday, September 17, 2012

အပါယ်တံခါးပိတ် တရားတော် (အပိုင်း ၂) -(နဝမ) ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ



အပါယ်တံခါးပိတ် တရားတော် (အပိုင်း ၁ ) မှ အဆက် ....

ဟို ဘုန်းဘုန်းတို့ ငယ်ငယ်ကမန္တလေး နဲ့ ရန်ကုန်၊ရန်ကုန်နဲ့ မန္တလေး ရက်မှန်သဘောင်္ဆိုတာရှိတယ်။ ရက်အမှန် (၇)ရက်တစ်ပတ် မန္တလေးနဲ့ ရန်ကုန် (၇)ကြာတယ်နော်။ မန္တလေးကနေ သွားလိုက်မြင်းခြံကျ တစ်ညအိပ်၊မြင်းခြံကနေ တစ်ခါထွက်လိုက်၊ နောက်တစ်နေ့ မကွေးလောက်ကျတစ်ညအိပ်။ အဲဒီလိုနဲ့ တစ်ညအိပ် တစ်ညအိပ် မန္တလေး ကနေရန်ကုန်ကို (၇) ရက်ကြာတော့ ခုနဦးဇင်းကြီး ရန်ကုန် ဆိပ်ကမ်းရောက် ။ ရန်ကုန် ဆိပ်ကမ်းရောက်တော့ သူ့ကို ဒါယကာတွေ၊ဒါယကာမတွေ ကြိုနေကြတာအများကြီး၊ ဓမ္မာစကြာ အဖွဲ့ တွေကလဲ ဓမ္မာစကြာတွေ ၊အနတ္တလက္ခဏ သုတ်တွေ ရွတ်ဖတ်လို့။သူကတော့ သူ့ကြိုတယ်လို့မထင်ဘူး။ ဒီနေ့တော့ ဘုရင်ခံ ထွက်လို့နဲ့ တူတယ်။ ဒါမှမဟုတ် ဝန်ကြီးတစ်ပါး ထွက်လို့်နဲ့တူတယ်။ ငါလဲ ဘယ်သူ့ဆီမှ စာမပေးဘူး။ ဒီပြင်လူတွေကတော့ လူတွေကတော့ လာကြိုတဲ့ သူတွေနဲ့ အလျှိုအလျှိုသွားကြ ။ သူနောက်ဆုံးပိတ်ကျန်တော့ သူဌေးကြီး ၄ ဦး ခေါင်းဆောင်ပြီးတော့ ဒါယကာ၊ဒါယကာမ တွေသင်္ဘောပေါ်တက်လာတာ ဆရာတော်ဘုရား ဆရာတော်ဘုရား ကြွပါဘုရား။ ပစ္စည်းတွေ ထမ်းကြပိုးကြတာ တချို့က သေတ္တာ ထမ်း ။တချို့က အိပ်ယာလိပ်တွေ ထမ်း၊ဟေ့ ဒါယကာတွေ နေဦး မင်းတို့ဘုန်းကြီးလွဲနေပြီလား ။ မလွဲပါဘူးဘုရား။ လာပါဆရာတော်ကလဲ အတင်းဆင်းသွား လိုက်သွား ကားကြီးပေါ် အစိုတွေနဲ့ ဓမ္မာစကြာ အဖွဲတွေနဲ့ သွားပြီး ဟိုကျ ၃ ထပ်တိုက်ကြီးပေါ် ဆွမ်းပွဲကြီး ၂ ပွဲပြင်လို့ တစ်ပွဲကဆွမ်းတွေ ဆွမ်းရံတွေ၊တစ်ပွဲက မုန့်တွေနဲ့ပေါ့။ ပြင်ပြီးတော့ သူ့ဆွမ်းကပ် ပြီးပြီဆိုတော သူက ဒီလိုကြည့်တယ်။ဒါယကာ၊ဒါယကာမတို့ ခင်ဗျားတို့ ဘုန်းကြီးလွဲပြီ ထင်တယ်နော်။ဘာလို့တုန်းဘုရား။ ခင်ဗျားတို့ကြည့်ရတာ ကျုပ်တစ်ယောက်မှ မသိဘူးဗျာ။ ခင်ဗျားတို့ကကော ကျုပ်ကိုသိလို့လား။သိပါတယ်ဘုရား။ အရှင်ဘုရားက မသိလို့။ တပည့်တော်တို့က သိတယ်ဘုရား။ ဘယ်မှာ သိတာလဲ ပြောစမ်းပါအုံး။ ဒီလိုပါဘုရား သူဌေးကြီး လေးဦး ခေါင်းပေါင်းတွေ တလူလူနဲ့ ။ဟောဒီ သူဌေကြီးလေးဦး လွန်ခဲ့တဲ့ (၇) ရက်က စပြီး အိမ်မက်တာ အရှင်ဘုရားကို အိမ်မက်မက်တာ ။ အိမ်မက်ထဲ မယ် လူသူတော်ကြီးတစ်ယောက်ပေါ်လာပြီး တော့ မင်းတို့မန္တလေးကနေ ရန်ကုန် ရက်မှန်ကသင်္ဘောကြီး တစ်စင်းဘယ်နေ့ဆိုက်လိမ့်မယ်။ အဲဒီသင်္ဘောပေါ်မယ် ရဟန္တာတစ်ပါး ပါတယ်။ အဲ့ဒီ ရဟန္တာကြီး ကိုကျောင်းဆောက်ကိုးကွယ်လိုက်လို့ အိမ်မက်ပေးတယ်။ တစ်ရက်လဲ မကဘူး ရက်ဆက်ပေးလို့ တပည့်တော်တို့က အရှင်ဘုရားမျှော်နေတာ အိမ်မက်ထဲမှာလဲ အဲဒီရဟန္တာပုံက ဒီပုံဘဲကွာ လို့ပြတာ။ အဲဒါကြောင့် အရှင်ဘုရားကို တပည့်တော် တို့ကသိတယ် ။ အရှင်ဘုရားကိုကျောင်းဆောက် ကိုးကွယ်မှာလို့ ပြောသတဲ့။ မဖြစ်ပါဘူးဗျာ လို့သူက အဲလိုပြောသတဲ့။ ဘာလို့ မဖြစ်တာတုန်း ။ဒီလိုဗျ ကျုပ်ကဦးရန်ကုန်ကျောင်းက ရန်ကုန်သား မဟုတ်ဘူး။ တိုးကြောင်ကြီးသား။ တိုးကြောင်ကြီး ဘုန်းကြီး ပျံလွန်တော် မူပြီ။ ပျံလွန်တော် မူလို့ ကျုပ်ကိုကျောင်းထိုင်မြှောက်မှာ အဲဒါကြောင့် တိုးကြောင်ကြီးမယ် ကျုပ်က ကျောင်းထိုင်ရမှာ။ ခင်ဗျားတို့ ရန်ကုန်မှာ မထိုင်နိုင်ဘူးလို့ ပြောကတဲ့။ အဲဒါဆိုရင် တိုးကြောင်ကြီးရွာ လိုက်ပြီး တပည့်တော်တို့ လေးယောက်ကျောင်းဆောက်မယ် ဘုရား။ ဒါနဲ့ကျောင်းဆောက်လိုက်တာနော်။

ဆရာတော်ဆိုလိုရင်းက ဒီကိုယ်တော်ကြီးအကြောင်းလိုရင်း မဟုတ်ပါဘူး။ စိတ္တာဝိသုဒ္ဓိဖြစ်အောင်လုပ်နည်း။စိတ်စင်ကြယ်အောင်လုပ်နည်း။ ဘာလုပ်ရမတုန်း။ ဘုရားဂုဏ်တော်စိတ်၊ မေတ္တာပွား။ဟုတ်လား။ ဘုရားဂုဏ်တော်ကို ပုတီးဘယ်လောက်စိတ်ရမလဲ။ မနက်မှာ (၁၀) ပါတ် ၊နေလည်မှာ (၁၀) ပါတ်၊ ည (၁၀)ပါတ် ပုတီးစိတ်။ မေတ္တာသုတ်လဲ အဲဒီလိုရွတ် ။ အဲဒါဆိုစိတ္တာ ဝိသုဒ္ဓိ စိတ်စင်ကြယ်ပြီတဲ့။ဘုန်းကြီးပြီ။ ဘုန်းကြီးပြီ ဆိုရင် ဘုန်းလျော့တဲ့နည်းလဲ သင်ရအုံးမယ်။ ဟုတ်လား။ အေး..ဒါယကာကြီးတစ်ယောက်က ဘုန်းလျော့တဲ့ နည်းတော့ မသင်ပါနဲ့ဘုရား။ တပည့်တော်တို့က ဘုန်းကြီးချင်တာတဲ့။ဘုန်းလျော့တဲ့နည်းကလွယ်လွယ်လေးပါ။ ဒါဘာကြောင့် ဘုန်းကြီးတာတုန်းဆိုတော့ ပုတီးစိတ်လို့ ဘုန်းကြီးတာဆိုတော့ ပုတီးပတ် (၃၀) မစိတ်နဲ့တော့ အဲဒီကျတော (၂၀)ဘဲစိတ် ဟုတ်လား။ (၂၀)စိတ်လဲ များတယ်ထင်ရင် (၁၀)ပါတ်ဘဲ စိတ်။ (၁၀)ပါတ် ထက်တော့ မနည်းစေနဲ့ ။ ဟုတ်လား။ (၂၀) စိတ်လိုက်ရင် ဘုန်းနဲနဲလျော့သွားတယ်။ အေး..အဲဒါဘုန်းလျော့တဲ့နည်း။ ဘုန်းကြီးတဲ့နည်းလဲပြောပြီးပြီ။ ဘုန်းလျော့တဲ့ နည်းလဲပြောပြီးပြီ။ စိတ္တာ ဝိသုဒ္ဓိဖြစ်ပြီ။

အဲဒါဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က ရှင်နာဂသိန် တို့ မိလိန္ဒမင်းကြီးတို့ ဆိုတာ အိန္ဒိယပြည် ဒေလီနားလေးမယ် တိုင်းပြည်တစ်ခု ရှိတယ်။ အဲဒီ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းက မိလိန္ဒ ဘုရင်တဲ့။ အဲဒီမယ် သူကိုးကွယ်တဲ့ ဆရာက ရှင်နာဂသေန။ နာဂသေန၊ ရှင်နာဂသိန်လို့ ဗမာတွေက ခေါ်ကြတယ်။ အဲဒီ မိလိန္ဒ ဘုရင်မင်းမြတ်က ရှင်နာဂသိန် ရဟန္တာ ကိုမေးတယ်။ ဒီလိုဘုရား ဂုဏ်တော်ပုတီးစိတ်၊မေတ္တာပွားတာနဲ့ ဘယ်လိုလုပ် စိတ္တာယိသုဒ္ဓိဖြစ်တုန်း ဘုရား။ စိတ်က ဘယ်လိုစင်ကြယ်သွားတာတုန်း ဘယ်လိုဖြူသွားတာ တုန်း အရှင်ဘုရား။တပည့်တော် နားလည်အောင်၊သဘောပေါက်အောင်ပြောစမ်းပါလို့ မေးတယ်နော်။

အဲတော့ ဒါယကာကြီး ကျုပ်ဥပမာ ပြောမယ်။ အဲဒီ ရှင်နာဂသိန်က လည်း အလွန်ဥပမာပြောပြကောင်းတယ်နော်။ ပုံတို ပတ်စတွေလဲ ပြောတက်တယ်။ ဟုတ်လား။ ဘုန်းဘုန်းကလဲ အဲဒီရှင်နညဂသိန် နည်းလေးနဲ့ ပုံတိုလေးတွေ ပြောပြမယ်။ တင်ပါ့ အမိန့်ရှိပါဘုရား။

ရှေးတုန်းက ဟောဒီ တစ်ကမ္ဘာလုံး အစိုးရတဲ့ စကြာဝတေးမင်းကြီးဆိုတာ ရှိတယ်။ ဘာမင်းကြီးတုန်း။ (စကြာဝတေးမင်းကြီး ပါဘုရား) စက္က ဆိုတာ စကြာရတနာ စက်ကြီးပေါ့။ဝတေးဆိုတာ လည်နေတာ။မောင်းတက်တာ။ စကြာဝတေးမင်းကြီးဆိုတာ စကြာရတနာ ကြီးမောင်းတက်တဲ့ ပုဂ္ဂိုလ်။ အခုခေတ်မယ် ဂျက်လေယဉ်တွေ၊ ဒုံးပျံတွေ၊ အာကာသယဉ်တွေမောင်းတဲ့ ပုဂ္ဂိုလ်လိုပေါ့ ။ သူစကြာရတနာကြီးမောင်းလိုက်ရင် သူကအကြီးကြီး စစ်တပ်တွေ၊လူတွေထောင်ပေါင်း၊ သန်းပေါင်းချီပြီးတော့ ပါတယ်။အဲဒီဟာကြီးနဲ့ ကမ္ဘာပတ်လိုက်ရင် မနက်ခင်းပတ်လိုက်ရင် ထမင်းစားအမီ ပြန်ရောက်လာတယ်နော်။ အဲဒီ စကြာဝတေးမင်းကြီးက တစ်ခါတော့ အဲဒီရတနာကြီး မစီးဘဲ ဆင်နဲ့ မြင်းနဲ့ဘဲသွား။ ခရီးတိုတိုလေးပေါ့။ အဲဒီလိုသွားတော့ချောင်းလေးတစ်ချောင်းဖြတ်လိုက်တော့ ဆင်တွေ၊မြင်းတွေ၊ရထားတွေ၊လူတွေဖြတ်လိုက်တော့ ချောင်းက နောက်ကျိသွားတာပေါ့။ ဟိုဘက်ကမ်းကြတော ရေဆာတယ်ကွာ ရေခပ်စမ်းဟေ့ လို့သူ့တပည့်တွေခိုင်း မှန်လှပါရေတွေနောက်ကျိနေပါတယ်ဘုရား။ မကောင်းပါဘူးဘုရား။ ဟေ့ကောင် ဘုရင်ဆိုတာ ပြန်မပြောရဘူး။ မင်းရေခပ်ခိုင်းတာ မင်းဘာတွေပြန်ပြောနေတာတုန်း သွား ကြောက်လို့သူကသွား ဖြစ်ချင်ရာ ဖြစ်ကွာ ဆိုပြီး ရေပုံကြီးနဲ့ နောက်ကျိနေတဲရေတွေ ဆွဲလာ တာ ဟေယဒါပါဘဲဘုရား။ ရေတွေနောက်ကျိနေတာ မင်းနှယ်ရေအခပ်ခိုင်းတာ ရေနောက်တာနဲ့ဘာဆိုင်တုန်း။ ယူခဲ့ ပတ္တမြားရတနာကြီးယူခဲ့ ။စကြာဝတေးမင်းရဲ့ပတ္တမြားရတနာက အကြီးကြီး။ဟောဒီလောက် အလုံးကြီး။ပတ္တမြား ရတနာကြီးထည့်လိုက်စမ်းကွာ။ ပတ္တမြားကြီးနဲ့ရေနဲ့ ထိလိုက်ရော အဲဒီရေတွေ အကုန်းလုံး ကြည်စိမ်း သွားတာနော်။ ယူခဲ့ဆိုသောက်လိုက်တာနော်။

မိလိန္ဒဘုရင်ကြီး ဒါယကာကြီး အဲဒီဥပမာ အတိုင်းပါဘဲ။ အဲဒီခန္ဒာ ကိုယ်ကြီးက ၁၅၀၀ ကိလေသာတွေနဲ့ နောက်ကြည့်နေတာ ။၁၅၀၀ ကိလေတာ လောဘ၊ဒေါသတွေ၊မောဟတွေ၊ မာန်မာနတွေ နောက်ကျိနေတဲ့ ရေနောက်ထဲကို ဘုရား ဂုဏ်တော်၊မေတ္တာ ပတ္တမြားရတနာ ထည့်လိုက်ရင် ပတ္တမြားရတနာကြီး ၂ လုံး။ ဘုရားဂုဏ်တော် ပတ္တမြားကြီးက တစ်လုံး၊မေတ္တာ ပတ္တမြားကြီးက တစ်လုံ ထိလိုက်တာ နဲ့တပြိုင်နက် ထဲ အကုန်လုံး ကိလေသာတွေ စင်ပြီးဖြူသွားပြီ။ ဖြူသွားပြီ ဒါယကာကြီး။ အေး..အဲဒါကြောင့် စိတ္တာဝိသုဒ္ဓိဖြစ်တာ။ အေး..ဘုရားဂုဏ်တော်ပုတီးစိတ်တာနဲ့ စိတ်စင်ကြယ်ပါ့မလား လို့ မိလိန္ဒမင်းကြီးက အဲဒီလိုထင်တာ တဲ့နော်။ခု သဘောကြပြီနော်။ စိတ္တာဝိသုဒ္ဓိ စိတ်စင်ကြယ်အောင်လုပ်နည်းရပြီ အဖိုးတန်တယ်မဟုတ်လား။အေး..ဘုန်းဘုန်းတို့ ငယ်ဆရာတော်က ပြောတယ်နော် အဲဒါတခုခုပြောပြီးရင် မင်းသေချာမှတ်ထား ဒီနည်းလူတိုင်းသိတာ မဟုတ်ဘူး တစ်ထောင်တန်တယ်။ ဟုတ်လား။ ဒါတစ်ထောင်မကတန်တယ်နော်။ စိတ္တာဝိသုဒ္ဓိ စိတ်စင်ကြယ်အောင်လုပ်နည်း။ ဘာလုပ်ရမတုန်း။ဘုရားဂုဏ်တော်ကို ပုတီးစိတ်ပြီးတော မေတ္တာပွား။ ဒီပြင်လဲဘဲနည်းတွေ (၄၀)ရှိပါတယ်။ ဒီပြင်နည်းတွေနဲ့ လုပ်ရင်လဲ စိတ္တာဝိသုဒ္ဓိ ဖြစ်ပါတယ်နော်။ ဒါမလွယ်ဆုံး၊အကောင်းဆုံး။လွယ်လဲလွယ်တယ် အဖိုးလဲတန်တယ်နော်။

ဘုန်းဘုန်းတို့မြတ်စွာဘုရာရှင်လက်ထက်က အနာထပိဏ် သူဌေးကြီးဆိုတာကြားဘူးကြရဲ့လား။ အနာသပိဏ်သူဌေးကြီး ဘုရားကျောင်း ဒါယကာ။ အနာသပိဏ်သူဌေးရဲ့ညီက နောက်ပိုင်းကျ သူက ရဟန်းဝတ်လို့ရဟန္တာဖြစ်သွားတယ်။ သူ့အကြောင်း ပြန်ပြောင်းပြီးပြောပြတဲ့ အခါ သူကလွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းထက်တုန်းက ရသေ့ကြီးဖြစ်တာ၊ရသေ့ကြီးဖြစ်တော့ မြတ်စွာဘုရားသခင်က ပဒုမုတ္တရ ဘုရားတဲ့ ပဒုမဆိုတာ ပဒုမာကြာပန်းပေါ့ ။ဥတ္တရဆိုတာ ကြီးတယ်။ ပဒုမာကြာပန်းတွေ ပေါ်ထွက်ပေါ်ထွက်လာတာ ဘုရားရှင်ကြွတယ်ဆိုရင် ဥပမာ ဒီဘက်ညာ ဘက်ကတစ်လှမ်း၊ ဘယ်ဘက်ကတစ်လှမ်း ၊ညာဘက်တစ်လှမ်း လှမ်းလိုက်တယ်ဆို အောက်က လှည်းဘီးကြီးလောက် ကြာပန်းကြီးတွေပေါ်ထွက်လာတာ။ နောက်တစ်ခါ ဘယ်ဘက်ကတစ်လှမ်းလှမ်းတယ်ဆို နောက်ကြာပန်းကြီးလှည်းဘီးလောက်ကြီး ထွက်လာတာ။ အဲဒီလိုလှည်းဘီးလောက်ကြာပန်းကြီးတွေ ကြာပန်းကြီးတွေ အောက်ကခြေလှမ်းတိုင်းခံလို့ သူ့ကိုဘာဘုရားလို့ခေါ်တုန်းပဒုမုတ္တရ ဘုရားလို့ ခေါ်တယ်။ အဲဒီဘုရားက ရသေ့ကြီးဆီသွားပြီး ကောင်းကင်မယ် လမ်းလျောက်ပြတာ ပဒုမုတ္တဘုရားက ကောင်းကင်လမ်းလျောက်၊စင်္ကြန်လျောက် ။ဟာ..ဒါဘုရားဘဲ ပန်းမွေ့ယာကြီးတန်ခိုးနဲ့ သူက(ရသေ့ကြီးကလဲ တန်းခိုးရှိတယ်) ဖန်ဆင်းပြီးတော့ မြတ်စွာဘုရား ဟော့ဒီပန်းမွေ့ယာကြီးပေါ်ကြွပါဘုရား။သီတင်းသုံးခိုင်း ၊ရှိခိုး၊သစ်သီးတွေ နဲ့ သူ့ရှိတဲ့ သစ်သီးတွေနဲ့ဆက်ကပ် ။ တပည့်တော် တသက်လုံးပွားရမယ့် တရားလေး၊ ကမ္မဋ္ဌာန်းတရားလေးဟောပါဘုရား။ အဲတော့ ပဒုမုတ္တဘုရားက ရသေ့ကြီးကို အေး မင်းနိဗ္ဗာန်ရတဲ့ အထိချမ်းသာတဲ့နည်းက မင်းဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းပွားကွာလို့ အမိန်ရှိသတဲ့။ ဘယ်လိုအမိန်ရှိသလဲ (ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းပွား) အေး.. ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းပွား ရသေ့ကြီးကလည်း တသက်လုံးဗုဒ္ဓနုဿတိဘုရားဂုဏ်တော် ပုတီးစိတ် ပွား။ ဒီကမ္ဘာအထိ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ကမ္ဘာပေါင်းတစ်သိန်းကာလအတွင်းမယ် တစ်ခါမှ အပယ်ဘေးကြီးမကြဘူး။ ဒီဘဝမယ် သူဌေးသားဖြစ်ပြီးတော့ ရဟန္တာဖြစ်တယ်။ အဲဒီတော့ သီလဝိသုဒ္ဓိ၊စိတ္တာ ဝိသုဒ္ဓိဖြစ်အောင် ဘုရားဂုဏ်တော် ပုတီးစိတ် မေတ္တာပွား။စိတ္တာ ဝိသုဒ္ဓိဖြစ်ရင်ကိုဘဲ တော်တော်တန်ဖိုးရှိနေပြီ။ကြားလား။ အေး..အဲတော့စိတ္တာဝိသုဒ္ဓိဖြစ်အောင်လုပ်နည်း ဆရာတော်ပြောပြီးပြီ။ ဝတ္ထုကြောင်းပုံပြင်တွေလည်းဘဲပြောပြီးပြီးနော်။ နောက်ဝိသုဒ္ဓိက ဘာတုန်း ဒိဋ္ဌိဝိသုဒ္ဓိ။နောက်ထပ် ဘုန်းဘုန်းဟောရမယ့် အချိန်က ၁၀ မိနစ်ဘဲ ကျန်ပါတော့တယ်။ဒိဋ္ဌိ ဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏိသုဒ္ဓိပြီးမှပြီးပါ့မလား။နောက်ဆရာတော်ကလဲ သူဖို့အချိန်မကျန်ဘဲနေမှာ ဆိုးရသေးတယ်။ ကဲနောက်ဝိသုဒ္ဓိက ဘာတဲ့လဲ ။(ဒိဋ္ဌိဝိသုဒ္ဓိပါဘုရား)။ ဒိဋ္ဌိဝိသုဒ္ဓိ ဒိဋ္ဌိဆိုတာ အယူ၊ဝိသုဒ္ဓိ ဆိုတာ စင်ကြယ်ရမယ်။အယူစင်ကြယ်ရမယ်။ ဘာဖြစ်ရမှာတုန်း။ အယူစင်ကြယ်ရမယ်။ မြတ်စွာ ဘုရားသခင် အယူဝါဒက ဒီခန္ဓာကိုယ်ကြီးထဲမယ်နှစ်မျိုးဘဲရှိတယ်။ဒီခန္ဓာကိုယ်ထဲမှာ ဘာနဲ့ဘာရှိတုန်း။ရုပ်တရား၊နာမ်တရား။ ဘယ်နှစ်မျိုးရှိတုန်း။( ၂ မျိုး)။ ဘာတဲ့တုန်း( ရုပ်တရား နဲ့နာမ်တရား) ရုပ်တရားဆိုတာ ဆံပင်၊အမွှေး၊ခြေသဲ၊လက်သဲ၊သွား၊အရေ၊ ဒီရုပ်ခန္ဓာကိုယ်ကြီးကို ရုပ်တရားလို့ခေါ်တယ်။လူတစ်ယောက်မယ် ရုပ်(၂၇) ပါးရှိတယ်။ မိန်းမဆိုရင် (?) ဘဝဆိုတဲ့ ယောက်ျား ရုပ်မရှိဘူး။ ယောက်ျား ဆိုရင် ဣတိဘဝ ဆိုတဲ့ မိန်းမရုပ်မရှိဘူး။အဲတော့ မိန်းမလဲ ၂၇ ပါး၊ယောက်ျားလဲ ၂၇ ပါးလူတစ်ယောက် အများဆုံး ၂၇ ပါးဘဲရှိတယ်နော်။ လူတစ်ယောက် တစ်ယောက် မယ်ရုပ် ဘယ်လောက်ရှိတုန်း။( ၂၇ ပါးပါဘုရား) နာမ်တရားဆိုတာ အကျဉ်းအားဖြင့် မြင်စိတ်၊ကြားစိတ်၊နံစိတ်၊လျက်စိတ်၊ထိစိတ်၊စိတ်ကူးစိတ်။ စိတ်ဘယ်နှစ်မျိုးတုန်း။(၆မျိုး)။ ဆိုလိုက်စမ်းပါ။ (မြင်စိတ်၊ကြားစိတ်၊နံစိတ်၊လျက်စိတ်၊ထိစိတ်၊စိတ်ကူးစိတ်) အေး အဲဒီ ရုပ်တရား၊ နာမ်တရား ကိုယ်ထဲမှာ နှစ်ပါးဘဲရှိတယ်။ ဒီ့ပြင် ဘာသာအယူဝါဒတွေက သုံးမျိုး၊ ရုပ်တရား၊ နာမ်တရား၊ အတ္တ ဆိုတဲ့ အသက်ကောင်လေးတရား။ ဘာလေးတဲ့တုန်း။ အတ္တဆိုတဲ့ အသက်ကောင်လေး၊ English လို soul လို့ခေါ်တယ်။ Soul ဆိုတာ အတ္တ၊ အတ္တကောင်လေးတစ်ကောင်၊ အဲဒီ အတ္တလေးက ခေါင်းထဲမယ် တစ်ထွာလောက်ရှိတယ်။ ဘယ်မှာရှိတာတုန်း။ (ခေါင်းထဲမယ် တစ်ထွာလောက်ရှိတယ်။) တချို့ကျမ်းအလိုက အတ္တဆိုတာ လူတစ်ယောက်ကို လက်သီးဆုပ်ကြည့်လိုက်။ ကိုယ်ဟာကိုယ်ဆုပ်ကြည့်။ ကိုယ့်လက်သီးဆုပ်လောက် ဟောဒီထဲမယ် နှလုံးသား နှလုံးအိမ် heart ဆိုတာရှိတယ်။ ဘယ်လောက်ရှိတုန်း။ လက်သီးဆုပ်လောက်။ ကိုယ့်လက်သီးဆုပ်လောက်ရှိတယ်။ အဲဒီလက်သီးဆုပ်လောက်ရှိတဲ့ နှလုံးသားရဲ့အလယ်ကောင် အတ္တဆိုတဲ့ အကောင်လေးတစ်ကောင်ရှိတယ်။ ဟုတ်လား။ ဒီပြင့် ဘာသာတွေရဲ့ အလိုအရ။ တချို့ကျမ်းကတော့ အတ္တက ဒီနားလေးရှိတာတဲ့။ ဟောဒါလေးကို ဘာခေါ်တုန်း၊ ဇလုတ်လို့ခေါ်တယ်နော်။ ကြက်တွေမယ် ဇလုတ်လေးတွေ မြင်ဖူးလား၊ ကြက်တွေစားတယ်ဆို ဆန်လေးတွေ၊ ပဲလေးတွေစား ဇလုတ်ထဲစုထားတာ။ ပြီးတော့မှ တဖြည်းဖြည်းအောက်ထဲထည့်တာနော်။ အဲဒီ ဇလုတ်ထဲမယ် လူတွေလဲဘဲ ယောက်ျားတွေက ပိုကြီးတယ်။ မိန်းကလေးတွေကျတော့ ဒီဇလုတ်လေး သိပ်မကြီးဘူး။ ဇလုတ်ထဲ အတ္တဆိုတဲ့ အကောင်လေးက လက်မလောက်ရှိတယ်။ ဘယ်လောက်ရှိတုန်း။ (လက်မလောက်ရှိတယ်)။ အဲဒီလို ရုပ်တရား၊ နာမ်တရား၊ အတ္တတရား။ ဘယ်နှစ်မျိုးရှိတုန်း။ (သုံးမျိုး)။ သုံးမျိုးရှိတယ်လို့ ဒီပြင့်ဘာသာတွေက ခရစ်ယာန်ကရော၊ မူဆလင်ကရော၊ ဟိန္ဒူကရော၊ နတ်တွေကရော သူတို့က ဒီထဲမယ် ဒီထဲ၊ ခေါင်းထဲ၊ နှလုံးထဲ၊ ဇလုတ်ထဲမှာ အတ္တဆိုတဲ့အကောင်လေးတစ်ကောင်ရှိတယ် အဲဒီလိုရှိတယ်လို့ ယူဆတယ်။ မြတ်စွာဘုရားရဲ့အယူ ဘုန်းဘုန်းတို့ထေရ၀ါဒကြတော့ အနတ္တ၊ အနတ္တဆိုတာ၊ န အတ္တ။ ဟုတ်လား။ အတ္တဆိုတဲ့ soul အသက်ကောင်၊ လိပ်ပြာကောင်၊ ၀ိညာဉ်ကောင်လေးသည် `န` မရှိ။ အသက်ကောင်၊ လိပ်ပြာကောင်၊ ၀ိညာဉ်ကောင်ဆိုတာကိုယ်ထဲမယ်မရှိဘူး။ သူတို့ရှိတယ် ထင်နေလို့။ ဟုတ်ရဲ့လား။ အနတ္တ အဓိပ္ပာယ်သိပြီလား။ အနတ္တ။ န အတ္တ၊ အတ္တဆိုတာ ဘာတုန်း။ အသက်ကောင်၊ လိပ်ပြာကောင်၊ ၀ိညာဉ်ကောင်လေးသည် `န`မရှိ။ ကိုယ်ထဲမှာ အသက်ကောင်၊ လိပ်ပြာကောင်၊ ၀ိညာဉ်ကောင်လေးမရှိဘူး။ ရုပ်တရား၊ နာမ်တရား နှစ်မျိုးထဲရှိတယ်။ ပရိသတ်တွေ ယုန်မြင်ဖူးကြလား။ ယုန်ရဲ့ချိုက ဘယ်လောက်ရှိတုန်း။ အေး အရင်တုန်းက လူတစ်ယောက်ရှိတယ်။ ယုန်ချိုမမြင်ဖူးဘူး။ မမြင်ဖူးတော့ သူ့သူငယ်ချင်းကို မေးတယ်။ သူငယ်ချင်း မင်းယုန်မြင်ဖူးလား။ မြင်ဖူးတာပေါ့ကွာ။ တို့ဆီ ပေါလွန်လွန်းလို့ ယုန်တွေ ဒို့ ထောင်ပြီးသတ်စားနေတာ။ ယုန်ချိုက ဘယ်လောက်ရှိတုန်း။ ယုန်ချိုကကွာ ဟောလောက်ရှိတယ်။ ယုန်ချိုက တစ်ထွာလောက် ရှိတယ်ကွာ။ သူကမှတ်ထားတာ၊ ယုန်ချိုက တစ်ထွာလောက်ရှိတယ်။ နောက်တစ်ယောက်ကိုမေး။ သူငယ်ချင်း မင်းယုန်မြင်ဖူးလား။ ပေါတယ် ဒို့ဆီမယ်။ မြင်ဖူးရုံဘယ်ကမလဲ။ ဒို့က ယုန်တွေသတ်စားနေတာ။ ယုန်ချိုက ဘယ်လောက်ရှိတုန်း။ ဟောလောက် ငယ်ငယ်လေးပါ။ တစ်မိုက်လောက်ရှိတယ်။ ဟိုကောင်က တစ်ထွာလောက်ပြောတယ်။ ဟိုကောင်က တစ်မိုက်လောက်ပြောတယ်။ နောက်တစ်ယောက်ကို သူကမေးကြည့်တယ်။ သူငယ်ချင်း မင်းယုန်မြင်ဖူးလား။ မြင်ဖူးတယ်။ ပေါတယ်။ ယုန်ချိုက ဘယ်လောက်ရှိတုန်း။ ယုန်ချိုက လက်မလောက်လေးပါကွာ။ ဟိုကောင်က တစ်ထွာပြောတယ်။ နောက် ဒုတိယကောင်က တစ်မိုက်ပြောတယ်။ မင်းကတော့ လက်မလောက်ကလေးပြောတယ်။ အဲဒီကောင်တွေ ပြောတာမယုံပါနဲ့ကွာ။ ငါပြောတာသာယုံ၊ ဒါနဲ့ အဲဒီလူက စဉ်းစားတယ်။ နောက်တစ်ယောက်မေးရင် တစ်မျိုးပြောဦးမှာ။ ငါကိုယ်တိုင် သိအောင်လုပ်မှဖြစ်မယ်။ ဒါနဲ့ အဲဒီလူက သူငယ်ချင်း သုံး လေးယောက်ကို တိုင်ပင် ယုန်ထောင်တဲ့ ပိုက်တွေဌား၊ တောထဲသွားပြီး ယုန်ထောင်ကြတယ်။ အကောင် သုံးဆယ်မိတော့ အဲဒီ သုံးဆယ်ကို မသတ်ဘူး။ ဒီအတိုင်း ယူလာခဲ့တယ်။ ယူလာခဲ့ပြီးတော့ ဆံပင်ညှပ်ဆိုင်က စက်ကတ်ကြေးတစ်လက်ဌား ဌားပြီးတော့ အဲဒီယုန်တစ်ကောင်ယူခဲ့၊ ယုန်ခေါင်းကို စက်ကတ်ကြေးနဲ့ညှပ်၊ အမွှေးတွေ ဘာတွေကြည့်။ ဟာ ဒီယုန်မှာ ချိုမပါဘူးဟေ့။ နောက်တစ်ကောင် ယူခဲ့။ စက်ကတ်ကြေးနဲ့ ညှပ်ကြည့်ပြန်ရော။ ဟာ ဒီယုန်လဲ ချိုမပါဘူးဟေ့။ အကောင်သုံးဆယ်သာ ကုန်သွားတယ်။ တစ်ကောင်မှချို မပါဘူး။ ယုန်ချိုမြင်ဖူးကြလား။ မမြင်ဖူးသာ ထောက်လို့ရှိရဲ့လား။ (မရှိပါဖူးဘုရား)။ ယုန်မယ် ချိုမရှိပါဘူးနော်။ မရှိပေမဲ့ သူတို့စိတ်ထင် တချို့က တစ်ထွာလောက်ရှိတယ်။ တချို့က တစ်မိုက်လောက်ရှိတယ်။ တချို့က လက်မလောက်ရှိတယ်။ အေး အဲဒီလိုဘဲ ဒီ့ပြင်ဘာသာတွေက အတ္တဆိုတဲ့ အကောင်လေးက ခေါင်းထဲမှာ တစ်ထွာလောက်ရှိတယ်။ နှလုံးအိမ်ထဲမှာ တစ်မိုက်လောက်ရှိတယ်။ ဒီဇလုတ်လေးထဲမှာ လက်မလောက်ရှိတယ်။ ပြောတာ တကယ်ဟုတ်ရဲ့လား။ မဟုတ်ဘူး။ မဟုတ်ဘူးလို့ သဘောပေါက်လိုက်တာနဲ့ တပြိုင်နက် ဒိဋ္ဌိ ၀ိသုဒ္ဓိ အယူစင်ကြယ်ပြီတဲ့။ ဟုတ်ရဲ့လား။ အနတ္တ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ သဘောပေါက်လား။ အေး အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ ဆိုစမ်းပါ။ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)။ အေး ဒီပြင့်ဘာသာတွေက အနတ္တ။ သူတို့က မယုံဘူး။ အတ္တလေး ရှိတယ်။ ခေါင်းထဲမယ်ရှိတယ်။ ရှိတယ်ဆိုရင် ဘုန်းဘုန်းတို့က ဆေးတက္ကသိုလ်က ကျောင်းသားတွေ၊ ဆေးဆရာဝန်ကြီးတွေ ခင်ဗျားတို့ခေါင်းခွဲဖူးလား။ ခွဲဖူးတယ်။ ဦးနှောက်တွေ တွေ့သလား။ တွေ့တယ်။ အဲဒီထဲမယ် တစ်ထွာလောက် အတ္တကောင်လေးများ မတွေ့ဘူးလား။ မရှိပါဘူးတဲ့။ ဒီခေါင်းထဲမယ် တစ်ထွာလောက် အတ္တကောင်လေး မရှိဘူး။ ဦးနှောက်ပဲရှိတယ်။ တွေ့ဖူးကြလား ဒို့ပရိသတ်တွေ။ ဘယ်သူမှ မတွေ့ဖူးဘူး။ ကဲ နှလုံးသားခွဲစိတ်ကုသတဲ့ ဆရာဝန်တွေလဲ ဘုန်းဘုန်းတို့က မေးကြည့်တယ်။ ခင်ဗျားတို့ နှလုံးခွဲဖူးလား။ ခွဲဖူးတယ်။ နှလုံးထဲမယ် အခန်းလေးခန်း ပဲရှိတယ်။ နှစ်ခန်းက သွေးလွှတ်ကြော၊ နှစ်ခန်းက သွေးပြန်ကြော၊ ဒီအကြောလေးကြော နှင့် အခန်းလေးခန်းနှင့်ကပ်ပြီးသွေးလည်ပတ်နေတာ။ အတ္တဆိုတဲ့ အကောင်လေးမရှိဘူး။ တစ်ကောင်မှမရှိဘူး။ ရှိပ့ါမလား။ အေး မရှိဘူး။ ဇလုတ်၊ လည်ချောင်းခွဲစိတ်ကုသတဲ့ဆရာဝန်တွေမေးလဲ ဒီနားလေးက လက်မလောက်အတ္တကောင်လေး ခင်ဗျားတို့တွေ့လားဆို မရှိဘူး၊ ဟုတ်လား။ မရှိတာ ထောက်သောအားဖြင့် အတ္တဆိုတဲ့ အကောင်လေးတစ်ကောင် ဒီကိုယ်ထဲမှာ ရှိရဲ့လား။ (မရှိပါဘူးဘုရား)။ သဘောပေါက်ပြီနော်။ အေး ဒီကိုယ်ထဲမှာ ရုပ်တရား၊ နာမ်တရား နှစ်မျိုးထဲ နှစ်ပါးထဲရှိတယ်။ အတ္တဆိုတဲ့အကောင်လေး အပိုမရှိဘူးလို့ သဘောကြလိုက်တာနဲ့ တပြိုင်နက် ဒိဋ္ဌိ ၀ိသုဒ္ဓိအယူစင်ကြယ်ပြီ။ စင်ကြယ်ပြီလား။ (စင်ကြယ်ပါပြီ ဘုရား)။ အေး ရှေ့သွားကြစို့။ သီလ ၀ိသုဒ္ဓိ၊ စိတ္တာ ၀ိသုဒ္ဓိ၊ ဒိဋ္ဌိ ၀ိသုဒ္ဓိ (၃) ခုပြီးပြီနော်။ အချိန်ကလဲ စေ့နေပြီ။ ဆက်တော့ ဆက်အုန်းမှဖြစ်မှာ။ ဘာကျန်သေးတုန်း။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ယုံမှားသံသယ။ ခုနတုန်းက ဒိဋ္ဌိကွာသွားပြီ။ ဒိဋ္ဌိကွာရင် ၀ိစိကိစ္ဆာကွာဖို့ လိုသေးတယ်နော်။ ဒီခန္ဓာကိုယ်ထဲကပဲ ဒိဋ္ဌိဆိုတဲ့အကောင်မရှိတော့ဘူး။ အတ္တအကောင်လေး မရှိဘူးဆိုရင် ဒိဋ္ဌိကွာပြီ။ ၀ိစိကိစ္ဆာကွာဖို့လိုတယ်။ (၁၅)မိနစ်အတွင်း ၀ိစိကိစ္ဆာကွာအောင် ဘုန်းဘုန်းဟောပါ့မယ်။ ၀ိစိကိစ္ဆာကွာအောင် ဘာလုပ်ရသလဲ။ ယုံမှားသံသယကွာအောင် ဘာလုပ်ရသလဲဆိုရင် အကြောင်းအကျိုးစဉ်းစားရတယ်။ ဘာလုပ်ရတုန်း။ (အကြောင်းအကျိုး စဉ်းစားရတယ်)။ အေး သူတို့ ဒီပြင့် ဘာသာတွေက သတ္တ၀ါတွေကို ထာဝရဘုရားသခင်က ဖန်ဆင်းတာ။ သူတို့က ဘယ်သူက ဖန်ဆင်းတာတဲ့တုန်း။ (ထာဝရဘုရားသခင်က ဖန်ဆင်းတာ)။ ခရစ်ယာန်တွေဆို God ကဖန်ဆင်းတာ။ မူစလင်တွေဆိုရင် အလ္လာအရှင်မြတ်က ဖန်ဆင်းတာ။ ဟိန္ဒူတွေဆိုရင့်  ဗိဿနိုးက ဖန်ဆင်းတာ။ နတ်တွေယူတဲ့သူတွေလဲ သူတို့နတ်မင်းကြီးက ဖန်ဆင်းတာ။ ဖန်ဆင်းလို့ဖြစ်နေတာ။ ဘုန်းဘုန်းတို့ ဘုရားက ဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာမရှိဘူး။ ဘယ်သူမှမဖန်ဆင်းနိုင်ဘူး။ ဖန်ဆင်းတဲ့တရားက ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား (၄)ပါးက ဖန်ဆင်းတာ။ ဘယ်သူက ဖန်ဆင်းတာတုန်း။ (ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား (၄)ပါးက ဖန်ဆင်းတာ)။ ဆိုစမ်းပါ။ (ကံ၊ စိတ်၊ ဥတု၊ အာဟာရ)။

အေး ကံကဖန်ဆင်းလိုက်တော့ မျက်လုံးတို့ နားတို့ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တွေ ဖြစ်လာတာ။ ကုလားထိုင်တွေ၊ microphone တွေဆိုရင် မျက်စိ၊ နား၊ နှာခေါင်း ရှိရဲ့လား။ သူတို့က ကံမှမရှိဘဲ။ သူတို့က ဥတုကြောင့်ဖြစ်တာ။ သတ္တ၀ါတွေ ဖြစ်တာ ကံကဖန်ဆင်းလို့။ ခု ဘုန်းဘုန်း အသံတွေ ထွက်နေတာက စိတ်ဖန်ဆင်းလို့။ ဟောချင်တဲ့စိတ်ကြောင့် ဖြစ်နေတာနော်။ ဥတုကဖန်ဆင်းလိုက်တော့ လူတွေ ချွေးတွေ ဘာတွေထွက်လာတယ်မို့လား။ အာဟာရက ဖန်ဆင်းတယ်။ အာဟာရ မတည့်တာတွေ စားလိုက် အော့အန်ကုန်တယ်မို့လား။ အေး ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား (၄)ပါးကြောင့် သတ္တ၀ါတွေ၊ သစ်ပင် တော တောင်တွေ ဖြစ်ပျက်နေတာ။ တန်ခိုးရှင်ဆိုတာ မရှိဘူး။ ဖန်ဆင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာမရှိဘူး။ ဖန်ဆင်းနိုင်တဲ့ creator လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ကို ပယ်လိုက်ရင် အဲဒါ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ။ ၀ိစိကိစ္ဆာာစင်ကြယ်ပြီ ဟုတ်လား။

ဘုန်းဘုန်း ခုနတုန်းက ဆဋ္ဌသံဃာယတနာတင်ပြီးတော့ မန္တလေးပြန်တော့မယ် ရထားကြီးစီးပြန်။ ကိုယ်တော်ကြီးတစ်ပါးက ဦးရန်ကုန်အကြောင်းပြောပြတယ်။ နောက်တစ်ယောက်က ပြောတယ်။ နောက် ဒါယကာကြီးတစ်ယောက်ကတော့ ဘုန်းဘုန်းကို တရားဟောတယ်။ ဘုန်းဘုန်းက တရားနာတယ်။ သူက ဘယ်လို တရားဟောတုန်း ဆိုတော့ `အရှင်ဘုရား၊ အရှင်ဘုရားတို့ ဘုရားက လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ ဖန်ဆင်းနိုင်ရဲ့လား။မဖန်ဆင်းနိုင်ပါဘူး၊ တပည့်တော်တို့ ဘုရားက ဖန်ဆင်းတဲ့ဘုရား မဟုတ်ဘူး။ အကျိုးအကြောင်း ဟောပြတာ။တပည့်တော်တို့ဘုရားက ဖန်ဆင်းတာဘုရား။ လူတွေဘယ်လောက်ပဲ မကောင်းမှု အကုသိုလ်တွေလုပ်လာခဲ့ လာခဲ့ ပျောက်စေဆို အကုန်ပျောက်။` တော်တာပေါ့။ ပြီးတော့ကော သစ်ပင်၊ တောတောင်၊ ရေ၊ မြေတွေ ဒီနေရာမှာ သမုဒ္ဒရာဖြစ်စေ၊ ဒီနေရာ တောင်ကြီးဖြစ်စေ၊ ဒီနေရာ သစ်တောဖြစ်စေ၊ မြစ်ကြီးဖြစ်စေ အကုန်ဖြစ်တာ။ တပည့်တော်တို့ဘုရား တန်ခိုးရှိတယ်ဘုရား။ ကိုးကွယ်ဖို့ပြောတာပေါ့ဘုရား။ အရှင်ဘုရားတို့ ပြောင်းပေါ့တဲ့။ ပြောင်းကိုးကွယ်။

သူဟောတာ တစ်နာရီလောက်ရှိတော့ အေးဗျာ ဒါယကာကြီး ခင်ဗျားဟောတာ တစ်နာရီလောက်ရှိပြီ။ ကျုပ်ဟောဦးမယ်။ ဆရာတော်ကလဲ သူ့ကိုတလှည့် ပြန်ပြီးဟော။ အဲဒီ ဒါယကာကြီးကို ကျုပ်ဟောဦးမယ်။ ခင်ဗျားနားဦးလို့။ တင်ပါ့ဘုရား။ ခင်ဗျားတို့ ဘုရားဖန်ဆင်းနိုင်တယ်ဆိုရင် သိပ်ကောင်းတာပေါ့ဗျာ။ ကျုပ်ကလဲ ဖန်ဆင်းနိုင်တဲ့ဘုရားဆိ ကိုးကွယ်ချင်ပါတယ်။ ဒါပေမယ့် ကျုပ်ပြောအုန်းမယ်ဗျာ ခင်ဗျားအသားမဖြူဘူး၊ ခင်ဗျား အသားကမည်းတူးနေတာ။ အဲဒီတော့ မည်းတူးနေတာကို ခင်ဗျားတို့ဘုရားကို ကျွန်တော့်ကို အသားဖြူအောင် လုပ်ပေးပါ ပြောကြည့်စမ်းပါ။ ပြောလိုက်လဲဘဲ မရဘူး။ ရပါ့မလား။ ခင်ဗျား ပစ္စည်းလဲ သိပ်ချမ်းသာပုံ မပေါ်ဘူး။ အဲဒီတော့ ကျွန်တော့်ကို မီလျံနာသူဌေးကြီးဖြစ်အောင် လုပ်ပေးပါ။ ရပါ့မလား။ (မရပါဘူးဘုရား)။ အေး တကယ်လို့သာ ဖန်ဆင်းနိုင်တယ် တန်ခိုးရှိတယ်ဆို ပြောလိုက်ရင် ရမှာပေါ့။ ဟုတ်ရဲ့လား။ အဲဒါကြောင့် လောကမယ် ဖန်ဆင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာမရှိဘူး။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား (၄) ပါးကြောင့်ဖြစ်နေတာ။ ဟုတ်ရဲ့လား။

သူ့ထက် နည်းနည်းဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကျ ဘုရားက ပဋိစသမုပ္ပါဒ် ဟောတယ်။ အ၀ိဇ္ဇာ၊ သင်္ခါရ၊ ၀ိညာဏ်၊ နာမ်၊ ရုပ်၊ သဋ္ဌာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀၊ ဇာတိ ဇရာ၊ မရဏ အကြောင်းတရား (၁၂)ပါးကြောင့် အကျိုးတရား (၁၂)ပါး ဖြစ်ပျက်နေတာ။ ဖန်ဆင်းလို့ဖြစ်တာ မဟုတ်ဘူး။ ဟုတ်ကဲ့လား။ အေး အဲဒီလို သူ့ထက်ဥာဏ်တော်တော်ထက်တဲ့ ပုဂ္ဂိုလ်တွေကြတော့ ပဋ္ဌာန်းတရားဟောပါတယ်။ ဟေတုပစ္စည်းက ဟိတ် ၆ ပါးအမြစ်တရားကြောင့် ဒီပစ္စယုပ္ပန်တရားတွေဖြစ်နေတာ။ အာရမ္မဏပစ္စည်း အာရုံ ၆ ပါး အကြောင်းတရားကြောင့် အကျိုးတရားတွေဖြစ်နေတာ။ ၂၄ ပါးသော ပစ္စည်းတရားကြောင့် ၂၄ ပါးသောအကျိုးတရား ပစ္စယုပ္ပန်တရားတွေဖြစ်နေတာ။ အကြောင်းကြောင့် အကျိုးဖြစ်တာ။ ဖန်ဆင်းလို့ဖြစ်တာ မဟုတ်ဘူး။ သဘောပေါက်ပြီလား။ အေး တန်ခိုးရှင် creator ဖန်ဆင်းရှင်ကို ပယ်လိုက်တာနဲ့ တပြိုင်နက် ၀ိစိကိစ္ဆာပျောက်ရော။ ဟုတ်ကဲ့လား။ အေး ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာလဲ ကွာသွားရော။ အဲဒီပုဂ္ဂိုလ် စူဋ္ဌသောတပန်ဖြစ်ပါပြီ။ အပါယ်တံခါးပိတ်ပြီ။ ခု ဒီပရိသတ်တွေ ပိတ်လောက်လား။ (ပိတ်ပါတယ်ဘုရား)။ အဲ ဒီနေ့ အပါယ်တံခါးပိတ်ပြီး ညနေကျမှ နိဗ္ဗာန်တံခါးဖွင့်ကြစို့နော်။အပါယ်သွားမယ့်တံခါးကြီး ဘုန်းဘုန်းပိတ်ထားလိုက်ပြီ ဂျိန်းကနဲ။ ညနေကျမှ နိဗ္ဗာန်တံခါးဖွင့်အောင် ဘုန်းဘုန်း သော့လေးကောင်းကောင်း ၃ ချောင်းယူခဲ့ပါ့မယ်နော်။ သော့ ၃ ချောင်းဆိုတာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သော့ ၃ ချောင်းနဲ့ဖွင့်ပေးလိုက်မယ်နော်။ကဲ ဒို့ ပရိသတ်တွေ အချိန်ကစေ့သွားတဲ့အတွက် တော်ကြဦးစို့။

အားလုံး.. ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

(သာဓု.. သာဓု.. သာဓု..)

အားလုံး.. ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

(သာဓု.. သာဓု.. သာဓု..)

အားလုံး.. ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

(သာဓု.. သာဓု.. သာဓု..) ပါဘုရား။

( LOTUS FOUNDATION မှကြီးမှူးကျင်းပသော ဗန်မော်ဆရာတော်ကြီးတရားပွဲ(စင်္ကာပူ) အသံဖိုင်မှ ရေးသားပူဇော်ပါသည်)

အပါယ်တံခါးပိတ် တရားတော် (အပိုင်း ၁ ) ဖတ်ရန်

Shared from Ko Aung Pyi Sone Aye

No comments:

Post a Comment