Saturday, September 22, 2012

တိုက်ခိုက်သူတွေကြောင့်၊ကိုယ့်ဘ၀ကိုယ်၊စိတ်ပျက်စရာအဖြစ်မခံနိုင်ဘူးလို့ ရဲရဲဝံ့ဝံ့ပြောလိုက်တဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးအမျိုးသမီး



(ဒေးလီးမေး) သီရီမင်းထွန်း ဘာသာပြန်သည်။

သူကတော့ လမ်းထွက်တိုင်း အလှောင် ပြောင်ခံရ၊ လူတကာရဲ့ တအံ့ တဩ စူးစိုက်ကြည့်ကြတာကို ခံရတဲ့အပြင် အွန်လိုင်းပေါ်က စာနာ စိတ်မရှိတဲ့သူ တွေကလည်း 'ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုး သမီး'လို့ ကင်ပွန်းတပ်တာကို ခံရရှာသူလေးပါ။

စိတ်ဆင်းရဲမှုတွေနဲ့ သူ့ကိုယ်သူစိတ် ပျက်စရာပဲလို့ တွေးခဲ့တာတွေကို နှစ်ရှည်လများခံစားခဲ့ရပြီးနောက်ဆုံးမှာတော့ သူ့ကိုစိတ်ထိခိုက်စေတဲ့ စကား လုံးတွေနဲ့ အကြည့်တွေကို လျစ်လျူရှု သွားနိုင်ပါပြီလို့ Lizzie Velasque က ပြောပါတယ်။

တက္ကဆက်ပြည်နယ်က အော်စတင် မြို့ဇာတိဖြစ်တဲ့ Miss Velasquez ဟာ မွေးကတည်းက အဆီဖွဲ့ကလာပ်စည်း မပါလာတာကြောင့် သူ့ခန္ဓာကိုယ်မှာ အဆီပြင်မရှိပါဘူး။

ဒါကြောင့် တစ်ရက် ကို အကြိမ် ၆၀ လောက် နည်းနည်းစီ စားပေမယ့် လည်း သူ့ရဲ့ပေါင်ချိန်က ၄ ဒသမ ၄ စတုန် ( ၅၈ ပေါင်)ပဲ ရှိပါတယ်။

ဒီလိုထူးခြားဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆရာဝန်တွေဟာ အခုအချိန်အထိ နားမလည်နိုင်အောင် ဖြစ်နေကြပါ တယ်။ ဒီလိုအခြေအနေမျိုး ဖြစ်နေတဲ့သူ မျိုး ကမ္ဘာပေါ်မှာ နောက်ထပ်နှစ်ဦးရှိနေ ပါသေးတယ်။

Miss Velasquez ဟာ ပတ်ဝန်းကျင် ကလူတွေ သူ့အပေါ်ဆက်ဆံကြ တဲ့ အနေအထားကို လက်ခံနိုင်အောင် ကြိုးစားခဲ့ပုံတွေကို ဒုတိယ မြောက်စာအုပ် အဖြစ်ရေးသားခဲ့ပြီး ဒီစာအုပ်ဟာ သူ့လို ဘ၀တူတွေကို အကူအညီပေးနိုင်လိမ့် မယ်လို့ မျှော်လင့်နေပါတယ်။

အသက်၂၃ နှစ်ရှိပြီဖြစ်တဲ့ ကောလိပ် ကျောင်းသူ Velasquez ဟာ သူ့လို အများနဲ့မတူဘဲ ကွဲပြားနေတဲ့သူတွေ မိတ်ဆွေကောင်း ဘယ်လို ရှာရမလဲ၊ အနိုင်ကျင့်တတ်တဲ့သူ၊ အပျက်သဘော ပြောတတ်တဲ့သူတွေ နဲ့ ကြုံရတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲ စတာတွေကို "Be Beautiful, Be You" ဆိုတဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အကြံပြုထားပါတယ်။

ဒေါက်တာ ဒရူးပင်စကီက Velas-quez ကို သူတွေ့ကြုံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အွန်လိုင်း ပေါ်ကနေ သူ့ကို မစာမနာ ပြောဆိုတာ တွေ စတင်ကြုံရစဉ်အချိန်တုန်းကဆိုရင် အရမ်းကို စိတ်ဆင်းရဲခဲ့ရပါတယ်လို့ ပြောပြပါတယ်။

"ကျွန်မက လူသားပဲလေ။ ဒါပေမယ့် သူတို့ရေးသားဝေဖန်ချက်တွေက ကျွန်မ ကို စိတ်ထိခိုက်ခံစားစေပေမယ့် ဒီလို အပြောမျိုးတွေ၊ အကြည့် မျိုးတွေကြောင့် ကျွန်မ ကိုယ့်ဘ၀ကိုယ် စိတ်ပျက်စရာ ကြီးပါလားလို့ အဖြစ်မခံပါဘူး"လို့ သူက ဒေါက်တာဒရူးကို ပြောပြပါတယ်။

နောက်တော့ Miss Velasquez ဟာ အွန်လိုင်းပေါ်ကနေ သူ့ကို မစာမနာ ပြောနေကြတဲ့သူတွေဟာ ကွန်ပျူတာ မျက်နှာပြင် နောက်ကွယ်ကနေ လူလုံး မပြရဲဘဲ ပြောနေကြတဲ့၊ သွေးကြောင်တဲ့ သူတွေဆိုတာကို သဘောပေါက်သွားပါ တော့တယ်။

"တကယ်လို့ ဒီလိုလုပ်ရတာ သူတို့ အတွက် ဂုဏ်ယူစရာဆိုရင် သူတို့မျက်နှာ ကိုလည်း ပြသင့်တာပေါ့ရှင်"လို့ သူက ဒေါက်တာဒရူးကို ပြောပါတယ်။

အပြင်ထွက်တဲ့အခါ လူတွေရဲ့စူးစိုက် ကြည့်မှုကို ခံရတဲ့အခါ ဖြေရှင်းပုံနဲ့ ပတ်သက်ပြီးတော့လည်း Velasquez က "ကျွန်မကို ကြည့်နေတဲ့ သူတွေဆီနား သွားပြီး မိတ်ဆက်လိုက်ရင်း၊ ဒါမှမဟုတ် ကျွန်မရဲ့ လိပ်စာကတ်လေး ပေးလိုက်ပြီး 'ဟိုင်း - ကျွန်မကတော့ လစ်ဇီပါ။ ရှင် ကျွန်မကို ခုလိုလိုက်ကြည့်နေတာကို ရပ်လိုက်ပြီး ဘယ်လိုလုပ်သင့်တယ်ဆို တာ သင်ယူလေ့လာလိုက်ပါဦးလို့ ပြောဖို့ စဉ်းစားထားပါတယ်"လို့ ပြောပါတယ်။

သူက အခွင့်အရေးရမယ်ဆိုရင် တောင် လှပကြော့ရှင်းတဲ့ နာမည်ကျော် မင်းသမီးတွေနဲ့တော့ မတူချင်ပါဘူးလို့ လည်း ဆိုပါတယ်။ "လှပချောမောတဲ့ မိန်းကလေးတစ် ယောက်ကိုတွေ့ရင် လူတွေက 'ဒီမိန်း ကလေးက တော်တော်လှတယ်။ ပြီးတော့ တော်တော် လည်း ထုံအမိုက်မဲ မယ့်ပုံပဲ'လို့ တွေးကြမယ်။ မင်းသမီးတစ် ယောက်ယောက်နဲ့ မတူတာ ကောင်းပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ကျွန်မကိုယ် ကျွန်မအဖြစ် သတ်သတ် မှတ်မှတ် မြင်ကြမှာပေါ့"လို့ ပြောပါ တယ်။

Miss Velasquez ကို လမစေ့ဘဲ မွေးခဲ့တာပါ။ မွေးရက်ထက် လေးပတ် စော မွေးဖွားခဲ့တာဖြစ်ပြီး ကိုယ်အလေး ချိန်ကလည်း ၂ ပေါင် ၁၀အောင်စပဲ ရှိပါ တယ်။ ဒါ့ပြင် အမေ့ဝမ်းထဲမှာ ရှိနေစဉ် မှာလည်း သူ့ကို အကာအကွယ်ပေးတဲ့ ရေမြွာသေးငယ်နေတာကို ဆရာဝန်တွေ က တွေ့ရှိခဲ့ကြပါတယ်။

"ကလေးလေး ဘယ်လိုကြောင့် အသက်ရှင်နေနိုင်တယ် ဆိုတာကို ကျွန်တော်တို့တော့ မတွေးတတ်အောင် ပါပဲလို့ ဆရာဝန်တွေက ကျွန်မကို ပြောပါ တယ်" လို့ Miss Velasquez ရဲ့ မိခင် ရီတာ (၄၅ နှစ်)က ပြောပြပါတယ်။

"ပုံမှန်ကလေးအင်္ကျီတွေက သူနဲ့ကြီး နေလို့ အရုပ်ဆိုင်က အရုပ်မအင်္ကျီတွေ ၀ယ်ပြီး ၀တ်ပေးရပါတယ်"လို့လည်း ပြောပါတယ်။

ဆရာဝန်တွေဟာ ရောဂါအမျိုး အမည် မသတ်မှတ်ပေးနိုင်တာကြောင့် ကလေးအတွက် အဆိုးဆုံးကိုပဲ မျှော်လင့် ထားဖို့ မိဘတွေကို ပြောဆိုခဲ့ပါတယ်။

"ကလေးက သာမန်ကလေးလို လမ်း လျှောက်တာ၊ စကားပြောတာတွေ လုပ် နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက ပြောပါတယ်"လို့ ရီတာက ပြောပြပါ တယ်။

Miss Velasquez မှာ မွေးချင်း မောင်နှမ နှစ်ဦးရှိပြီး သူတို့တွေကတော့ ပုံမှန်အရပ်နဲ့ ပုံမှန်ကိုယ်အလေးချိန်တွေ ရှိကြပါတယ်။ ကလေးရဲ့ အခြေအနေက ဆိုးဆိုးဝါး ၀ါးတွေပဲ ဖြစ်လာနိုင်တယ်လို့ ဆရာဝန် တွေက ပြောခဲ့ပေမယ့် Velasquez ရဲ့ ဦးနှောက်၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေ က သာမန်လူတွေအတိုင်းပဲ ဖွံ့ဖြိုးလာခဲ့ ပါတယ်။

ဒါပေမယ့်လည်း အရမ်းကို ပိန်သေးနေပါတယ်။ သူ့အသက် နှစ်နှစ်အရွယ်မှာ ကိုယ် အလေးချိန် ၁၅ ပေါင်ပဲရှိပါတယ်။ ဒီ အလေးချိန် ဟာ သာမန်ကလေး၊ ငါးလ သားအရွယ်ရဲ့ ပုံမှန်အလေးချိန်ပဲ ဖြစ် ပါတယ်။ မွေးဖွားစဉ်က သူ့ရဲ့မျက်လုံးအရောင် က အညိုဖြစ်ပေမယ့် အသက်လေးနှစ် မှာ ညာဘက်မျက်လုံးရဲ့အရောင်ဟာ စပြီး မှုန်လာပြီး အသွေးအရောင်လည်း ပြောင်းသွားပါတယ်။ နောက်တော့ အဲဒီ မျက်လုံးဟာ မမြင်နိုင်တော့ဘူးဆိုတာကို ဆရာဝန်တွေက သိရှိခဲ့ပါတယ်။

"ဒါဘာကြောင့် ဖြစ်ရတယ်ဆိုတာကို သူတို့ အခုအချိန်အထိ အဖြေရှာမရသေး ပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်မ မျက်လုံးတွေ ရဲ့အရောင်က တစ်ဖက်က အပြာရောင်၊ တစ်ဖက်က အညိုရောင်ပါ" လို့ Velasquez က ပြောပါတယ်။

သူ့ရဲ့ရောဂါကို တစ်ကမ္ဘာလုံးက ဆရာဝန်တွေက စိတ်ဝင်စားနေကြပါ တယ်။ Dallas ရှိ တက္ကဆက်အနောက် တောင်ပိုင်းတက္ကသိုလ် မှာ ပါမောက္ခ Abhimanyu Garg ဦးစီးဆောင်ရွက် နေတဲ့ မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုအဖွဲ့ ဟာ သူ့ရဲ့ဖြစ်အင်ကို လေ့လာနေကြပါ တယ်။

အခုအချိန်မှာတော့ ပါမောက္ခ Abhimanyu Garg နဲ့ သူ့ရဲ့အဖွဲ့ဟာ Velasquez ရဲ့ဖြစ်စဉ်ကို မွေးကင်းစ ကလေး အချိန်မတန်ခင် အိုမင်းတဲ့ ရောဂါ (NPS) ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပါ တယ်။

ဒါကြောင့် သူ့ရဲ့မျက်နှာနဲ့ ခန္ဓာ ကိုယ်မှာ အဆီမတက်ဘဲ တစ်ရှူးတွေ လည်း ယိုယွင်းပျက်စီးပြီး အချိန်မတန်မီ အိုမင်းသွားရတာပါ။ ဒီလိုရောဂါလက္ခဏာမျိုးရှိတဲ့သူတွေ ဟာ ချွန်မြနေတဲ့ နှာခေါင်းမျိုးရှိပြီး မျက် နှာက တြိဂံပုံချွန်နေတတ်သလို လူပုံက လည်း အသက်ငယ်ငယ်နဲ့ အိုမင်းနေ တတ်ပါတယ်။

"သူ့လို အလားတူအခြေအနေမျိုးရှိတဲ့ သူတချို့ကို ကျွန်တော် တွေ့ဖူးပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖြစ်တဲ့ပုံစံက နည်းနည်းစီ ကွာခြားကြ တယ်"လို့ ပါမောက္ခွမေါ က ပြောပါ တယ်။

"Lizzie ရှေ့ဆက်ဘယ်လိုဖြစ်မယ် ဆိုတာကို ကျွန်တော်တို့ မခန့်မှန်းတတ် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးပညာ အသိုင်းအ၀ိုင်းမှာ ဒီလိုဖြစ်စဉ်မျိုးရှိတဲ့ သူမျိုး အရင်က မှတ်တမ်းတင်ထားတာ မျိုး မရှိသေးလို့ပါ"လို့ ပြောပါတယ်။

"ဒါပေမယ့် Lizzie ကံကောင်းပါ တယ်။ သူ့မှာ ကျန်းမာတဲ့သွားတွေ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ အရိုးတွေရှိပါ တယ်။ ဒါကြောင့် သူ့ရဲ့ အလားအလာက ကောင်းပါတယ်။ ကျွန်တော်တို့ သူ့ ဖြစ်စဉ်ကို ဆက်လက်လေ့လာကြရဦး မှာပါ"လို့လည်း ဆိုပါတယ်။

Miss Velasquez ဟာ ရောဂါကာကွယ် တဲ့ ဆေးဝါးတွေ သောက်စရာမလိုပေ မယ့် ဖြည့်စွက်ဗီတာမင်တွေနဲ့ သံဓာတ် အားဆေးတွေ ကိုတော့ မှီဝဲနေရပါတယ်။ သဘာဝအတိုင်း ကိုယ်ဝန်ဆောင်နိုင် ဖွယ်ရာရှိပြီး သူ့လိုဖြစ်စဉ်မျိုး သူ့မွေးဖွား လာမယ့်ကလေးမှာ မဖြစ်နိုင် ဘူးလို့ ကျွမ်းကျင်သူတွေက ထင်မြင်ယူဆထား ကြပါတယ်။

သူ့ရဲ့ဒုတိယစာအုပ်ဟာ စက်တင် ဘာ ၁၃ ရက်နေ့ကစပြီး ရောင်းချပေး နေတာဖြစ်ပါတယ်။

News from : The Myanmar Times
Post By : အေးချမ်းမွန်

No comments:

Post a Comment