Monday, September 3, 2012

ဆရာတော်အရှင်ဆန္ဒာဓိက ၏ ဆုံးမစကားများ

မိဘကျေးဇူးဆပ်လေရှိသမျှအပေးထူးမြတ်လေ
ကျေးဇူးကျေတာ မကျေတာကို အဓိကမထားပဲ 'ကျေးဇူးဆပ်နေဖို့အဓိက'လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ မိဘကို အမြဲကျေးဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။ မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်းသမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်ခြင်းလက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ '၀င်လာမစဲ တ
သဲသဲ' ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာကတော့ သေချာပေါက်ပါပဲ။
(စိတ်အားဖြည့် ဓမ္မပန်းပွင့် မှ)

ချက်ချင်းထလုပ်ပါ
ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း
မြန်မြန်သွက်သွက်ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်
အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲနေမယ်ဆိုရင် မလုပ်ဖြစ်တော့ဘဲ
လွဲချော်သွားတက်ပါတယ် ။

စိတ်ညံ့ရင် သိပ်လန့်တယ်
စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓါတ်ပျော့ညံတဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့
ခပ်ညံညံ ပစ္စည်းတစ်ခုပါ စိတ်ချမ်းသာခြင်းကတော့ စိတ်ဓါတ်ခိုင်မာသူတွေရဲ့ 
မူပိုင်ရတနာထုပ်ကြီး တစ်ခုဖြစ်ပါတယ် ။

ယာယီကိုတာရှည်မထင်ပါနဲ့
ဘယ်လောက်ကောင်းတဲ့ အရသာကိုခံစားရခံစားရ တဒင်္ဂတစ်ခဏလေးပါ အိမ်မက်ထဲကအပျော်တွေဟာ ဘယ်လောက်မှမကြာသလိုပါပဲ အိမ်မက်ရဲ့ နောက်ကွယ်မှာ ဗလာတွေပဲပြည့်နေသလို သာယာမှုတွေရဲ့ နောက်ကွယ်မှာ
ဆင်းရဲပင်ပန်းမှုတွေပဲ ပြည့်နှက်နေပါတယ် ။

အားထုတ်ဖြစ်ဖို့က အဓိက
ရောဂါပျောက်ချင်လို့ တရားအားထုတ်တာလည်းကောင်းပါတယ်
စီးပွားရေး ၊ လူမှုရေးအဆင်ပြေချင်လို့ တရားအားထုတ်တာလည်းကောင်းပါတယ်
စိတ်ဓါတ်ခိုင်မာငြိမ်းချမ်းပြီး စိတ်နေသဘောထားကြီးကျယ် မြင့်မြတ်ချင်လို့
တရားအားထုတ်တာလည်း ကောင်းတာပါပဲ ဒါပေမယ့် အားလုံးထဲမှာ
ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းချင်လို့ တရားအားထုတ်တာကတော့ အကောင်းဆုံးပါပဲ ။

ချစ်လေပူလေ
သောကမှန်သမျှချစ်ခြင်းကြောင့်ဖြစ်ရတာပါ
ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်
ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်
ချစ်စရာ အများကြီးရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့
သောကငြိမ်းချင်ရင်တော့ ချစ်စရာတွေကို
လျှော့ပစ်နိုင်ရမယ်လေ
ချစ်ရမယ့်သူ ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ
သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ ။

ကြီးလေကဲလေ
နွားတစ်ကောင် အသက်ကြီးလေ သူရဲ့ ဦးချိုရှည်လာလေ ၊
လူတစ်ယောက်အသက်ကြီးလေ သူရဲ့ တဏှာကြီးလာလေ ၊
အသားတိုးသလောက်တရားမတိုးရင်မရသေးတဲ့ကာမဂုဏ်ရချင်တဲ့တဏှာရယ်
ရပြီးသားကာမဂုဏ်ခံစားချင်တဲ့တဏှာရယ် တဏှာတွေပဲ အတိုင်းထက်အလွန် တိုးပွားလာပါတယ် ။

လမ်းတစ်ဆုံးသွားရင် အားလုံးရောက်တယ်
နိဗ္ဗာန်ကို ရည်စူးတဲ့တောင်းဆုဟာ အမြင့်ဆုံးတောင်းဆုပါ ။
နိဗ္ဗ္ဗာန်ဘူတာအထိကုသိုလ်လက်မှတ် ဖြတ်ထားပြီးမှတော့လူချမ်းသာနတ်ချမ်းသာဆိုတဲ့
ကြားဘူတာတွေ ဖြတ်သန်းခွင့်မရမှာကို တွေးပူနေစရာမလိုတော့ပါဘူး ။
သေချာပေါက်ဖြတ်သန်းခွင့်ရမှာပါ ။

အမြင့်ဆုံးမှာထားစေချင်
ကိုယ့်ရဲ့ တောင်းဆုကို အမြင့်ဆုံးမှာထားတတ်ဖို့ ထားနိုင်ဖို့ ၊ ထားဖြစ်ဖို့ အထူးလိုအပ်လှပါတယ် အမြင့်ဆုံးတောင်းဆုကိုပြုထားရင် အမြင့်ဆုံးရဲ့ အောက်က
ကောင်းကျိုးဆုလာဘ်တွေကိုလည်း မလိုချင်အဆုံးရရှိသွားမှာပါ ။

Shared from Ma Sai Mon

No comments:

Post a Comment