အသက်တဆယ့်နှစ်နှစ်က ကျော်၍ တဆယ့်သုံးနှစ်အတွင်း စာရင်းဝင်သော ဆံရစ်သိမ်းစ ဆံထောက်ချချိန် ဆံကျစ်နှင့်နေတုန်း အရွယ်များကို ( အပျိုဖြန်း ) ၀ါ-အပျိုပေါက်-ဟူ၍ ခေါ်ဆိုရလေသည်။
အပျိုဖြန်ကလေး-ဟူ၍၄င်း၊ အပျိုပေါက်ကလေး-ဟူ၍၄င်း ခေါ်ဆိုရသော ဤအရွယ်မျိုးသည်ကား ကလေးစိတ်ကလည်း မကုန့်တကုန်၊ အပျိုစိတ်သို့လည်း မရောက်တရောက်၊ အသား အေ
သွး အရေတို့မှာ ဒီရေတိုးသကဲ့သို့ တနေ့တခြား တောင့်တင်းပြည့်ဖြိုးစပြုကာ အရွယ်မှာ-ကြီးသည်လည်း မမည်၊ ငယ်သည်လည်း မဆိုရ၊ နဂိုရင်းအသံမှစ၍ အစစအရာရာ ထူးခြားစွာပြောင်းလဲချိန် ဖြစ်သဖြင့် ကိုယ်ရောစိတ်ပါ ဂနာမငြိမ်သော အရွယ်မျိုး ဖြစ်လေသည်။
အာရုံထွေပြား စိတ်ကစားသော အရွယ်မျိုးဖြစ်သည့်အတိုင်း ဆိုင်းသံကြားလျှင် သွားချင်၏၊ ပွဲသံကြားလျှင် ကြည့်ချင်၏၊ တီးသံ မှုတ်သံကြားလျှင် စည်းဝါးလိုက်ချင်၏၊ လက်ဝတ်လက်စားနှင့် အထည်ဆန်းများကို ကန်ထရိုက်ခံကာ ၀တ်လိုက်ချင်၏၊ သနပ်ခါး အရောင်တင် ရေမွှေး ပေါင်ဒါ နံ့သာများကို ပိုမိုနှစ်သက်၏၊ လူကြီးများစကားပြောရာ၌ နားထောင်ချင်၏၊ စာတွေ့လျှင် ကောက်၍ဆွဲ၍ ဖတ်ချင်၏၊ အရုပ်ကားကိုမြင်လျှင် နမူးရှူးထိုး ကြည့်ချင်၏၊ ပုတီးကလေး အရုပ်ကလေးများကို မြင်လျှင် လိုချင်၏၊ ပန်းကလေး မှန်ကလေးများကို ရလျှင် ပျော်ရွှင်၏၊ ဘီးကလေး နားတောင်းကလေးများကို ပြလျှင် အားရတတ်ကုန်၏။
အပျိုဖြန်းတို့၏ သွေးတိုးမြန်သော ဓမ္မတာအလျောက် ဟိုသင်းက ကောင်းနိုးနိုး၊ သည်ဟာက ကောင်းနိုးနိုးနှင့် အမျိုးမျိုးအဖုံဖုံ အာရုံမြူး၍ စိတ်ရူးပေါက်ချိန်ဖြစ်ခြင်းကြောင့် မကြာမကြာ စိတ်ကောက်တတ်၏၊ နေရာတကာ၌ သိချင် မြင်ချင် ကြားချင် လိုချင်စိတ်များ၏၊ လည်ချင် ပတ်ချင်စိတ်ရှိ၏၊ လူကြီးများသွားလျှင် လိုက်ချင်၏၊ တဦးတယောက်မြှောက်လျှင် မြောက်၏၊ ခြောက်လျှင် ကြောက်၏၊ ချော့လျှင် ပျော့၏၊ ပြောလျှင် ယုံလွယ်၏၊ သွားသင့် မသွားသင့် မစဉ်းစားတတ်၊ မပြောသင့်သည့်စကားကို ပြောတတ်၏၊ အရေးကြီး၍ ပြောရမည့် စကားကို မပြောဘဲ မြုံ၍ ထားတတ်၏၊ ယောက်ျားပျိုကိုမြင်လျှင် ရှက်ချင် ကြောက်ချင်သလို ဖြစ်တတ်၏၊ တယောက်တည်း စကားပြော၍ နေတတ်၏၊ မှန်ရိပ်မှာဟန်ပြင်၍ ကချင်လျှင်က၊ ငိုချင်လျှင် ချက်ချင်း ရယ်ချင်လျှင် ခဏ၊ ထို့ကြောင့် ၄င်းတို့အရွယ်ကို ( ရူးတုန်း မိုက်တုန်း အရွယ် ) ဟု ခေါ်စမှတ်ပြုကြလေသည်။
အမိအဘဖြစ်သူတို့က ( အရောင်တင် သနပ်ခါးကို ပါးပါးလိမ်းပါ သမီးရဲ့ ) ဟုဆိုလျှင် နှုတ်ခမ်းစူချင်၏၊
ပန်းတွေ ပန်ထားတာ များလှပါကလား သမီးရဲ့-ဟုဆိုလျှင် ဆောင့်ချင် အောင့်ချင်၏၊
ဒိုဘီကျ ထမီဆိုတာ ထသွား လာသွားရှိမှ ၀တ်ရတယ် သမီးရဲ့-ဟု ပြောလျှင် မျက်နှာ အောက်သိုးသိုး ဖြစ်တတ်ကုန်၏။
ထိုအချိန်အရွယ်မျိုး၌ ချော့၍ချည်း မရ၊ မြှောက်၍လည်း မဖြစ်၊ ခြောက်ပြန်လျှင်လည်း မနိုင်၊ ၄င်းတို့၏စိတ်ဓာတ် မခိုင်မြဲပုံကြောင့် ဆုံးမရခက်သဖြင့် အခါအခွင့်အားလျှော်စွာ မြှောက်တန်သည့်အလှည့်၌ မြှောက်၊ ခြောက်တန်သည့်အလှည့်၌ ခြောက်၊ ချော့တန်သည့်အချိန်၌ ချော့၍ သိဖို့ တတ်ဖို့ နပ်ဖို့ ပါးဖို့ လိမ္မာဖို့ သွန်သင်ဖျောင်းဖျ ဆုံးမရန် ၀တ္တရားမှာ မိဘနှင့် အုပ်ထိန်းသူတို့၏ အပေါ်၌ လွန်စွာကြီးလေးသော တာဝန်ဝတ္တရားကြီးတခု ဖြစ်လေသည်။
ဤကဲ့သို့ ဆုံးမခက်သောအကြောင်းရင်းမှာကား အခြားမဟုတ်၊ ထိုအပျိုဖြန်းကလေးများသည် ကလေးဘ၀နှင့် လွတ်လပ်ချောင်ချိစွာ စာေးသာက်နေထိုင်ရာမှ ဓမ္မတာအလျောက် အရွယ်ရောက်၍ လာသည့်နှင့်တပြိုင်နက် ကြောင့်ကြကြီးသော လူကြီးမိဘတို့က ဟိုလမ်းမသွားရ၊ သည်လိုမနေနှင့်၊ သည်အစာကို မစားရဘူး၊ သည်လိုမ၀တ်ထိုက်၊ သည်လိုမထိုင်အပ်-စသည်ဖြင့် သေ၀ပ်ပိပြား လိမ္မာရေးခြားရှိစေရန် ညွှန်ကြားဆုံးမသော လူကြီးမိဘတို့စကားသည် ၄င်းတို့၏နား၌ ခါးယောင်ယောင်ဖြစ်ခြင်းကြောင့်ပင်တည်း။
ငှက်ကလေးများ အပျံသင်စအခါ၌ ဘေးလွတ်မည့်နေရာ၊ ရန်သူရှိသည့် နေရာ-ဟူ၍ ခွဲခြားတတ်ခြင်းမရှိဘဲ ပျံမိပျံရာ ပျံသန်းသဖြင့် လူဖမ်းခံရခြင်း၊ ခွေးကိုက်ခံရခြင်း၊ ကြောင်ခုပ်ခံရခြင်း-စသော ဘေးအမျိုးမျိုးတို့နှင့် တွေ့ကြုံရဘိသကဲ့သို့ အပျိုဖြန်း အပျိုပေါက်တို့မှာလည်း စိတ်တို စိတ်ပြောင်း စိတ်ကစားသော အရွယ်မျိုးဖြစ်သဖြင့် ရှေ့နောက် နိုင်းချိန် စဉ်းစားနိုင်သောအရွယ် မဟုတ်သေးသောကြောင့် ပြောလိုက်လျှင် ယုံ၊ ဖမ်းလိုက်လျှင် မိ၊ ဆွဲလိုက်လျှင် ပါ၊ ထင်မိထင်ရာလုပ်တတ်သော အချိန်အခါမျိုး ဖြစ်ခြင်းကြောင့် အရွယ်နုနုကို အာရုံပြု၍ စောင့်ကြည့်နေကြသော ကြောင်သူတော်များ၏ ဘေးမှ ကင်းဝေးရန် အရေးကြီးစွာ စောင့်ရှောက် ထိမ်းသိမ်းရရှာသူ မိဘတို့၏စိတ်တွင် တထိတ်ထိတ် တလန့်လန့်နှင့် နေရသော အချိန်အခါမျိုး ဖြစ်လေသည်။
ဝါးလုံးနင်းမိတုံ ၀ါးခြမ်းနင်းမိတုံနှင့် စိတ်အာရုံရှုပ်ရှာသော အုပ်ထိန်းသူ မိဘတို့မှာ မိမိတို့၏ သားသမီးငယ်များ အပေါ်၌ အကြောင့်ကြကြီးရှာလွန်းသဖြင့် ပျက်စီးခြင်းဘေးမှ ကာကွယ်ရန် အိမ်တွင်းပုန်း နေစေခြင်း၊ ခြေသေးအောင် ပြုလုပ်ထားကြခြင်း၊ အရွယ်မရောက်မီက လက်ထပ်၍ ပေးခြင်း-စသော အမှုတို့ကို ပြုလုပ်ကြ ကုန်၏၊ သမီးမိန်းမမွေးလျှင် အရှက်တကွဲဖြစ်ရတော့မည်ဟု တထစ်ချ မှတ်ထင်ယုံကြည်သော အချို့မိဘတို့သည် မိမိတို့ရင်သွေးကို သူတပါးသို့ ပေး၍ပစ်ခြင်းနှင့် အချို့မှာ အရှင်လတ်လတ် မြေမြှုပ်သတ်ဖြတ်ခြင်း အမှုတို့ကို ပြုလုပ်တတ်ကြောင်းကို အာရပ်ရာဇ၀င်၌ ထင်ရှားပါရှိလေသည်။
နွားတရာကို ကျောင်းလိုက်ချင်၏၊ သမီးပျို တယောက်ကို မထိန်းချင်-ဟူသော ရှေးသူဟောင်းတို့စကားမှာလည်း သမီးမိန်းမအတွက် အခက်အခဲ အရှက်တကွဲဖြစ်မည့်အရေးကို တွေး၍တွေး၍ ပူပင်ကြောင့်ကြ အားကြီးခြင်းကြောင့် ညဉ်းညူပြောဆိုကြခြင်းပင် ဖြစ်လေသည်။
ဤကဲ့သို့ စိတ်ရှုပ်ဖွယ်အလုပ် ကြောင့်ကြဖွယ်ကိစ္စ အရှက်ရဖွယ်အမှုများကြောင့် ဖခင်လုပ်သူတို့မှာ သမီးမိန်းကလေးမွေးသည်ဟု ကြားလျှင် ငေးမှိုင်ကာ သက်ပြင်းချကြကုန်၏။
သမီးရှင်အမိအဖတို့သည် အသက်အရွယ်နုနယ်သော မိမိတို့ ရင်သွေးအတွက် ရှေ့ရေး နောင်ရေး တင်ရှိမည့်အပြစ်ဘေးတို့ကို မြင်၍ ဟိုအိမ်ကို ခဏခဏ မကူးနှင့်-ဟု တားလျှင် စိတ်ကောက်၏၊
ဒီအစာနှင့် မတဲ့ဘူး-ဟုဆိုလျှင် ဆောင့်ချင်၏၊
ဒီလိုလုပ်တာ မဟုတ်ဘူး-ဟုဆိုလျှင် ရန်တွေ့ချင်၏၊
ဤကဲ့သို့ စူလိုက် ဆောင့်လိုက် အောင့်လိုက် တိုးတိုး တိုးတိုး-နှင့် ရန်တွေ့လိုက်လုပ်ရာမှ သည်းခံသောမိဘတို့၏ နယ်ထဲသို့ တိုးဝင်ကာ တဖြည်းဖြည်း နယ်ချဲ့၍လာပြီးလျှင်--လုပ်ဟဲ့ဆိုလျှင် လုပ်ဘူး၊ သွားဟဲ့ဆိုလျှင် သွားဘူး၊ စားဟဲ့ဆိုလျှင် စားဘူး-ဟူ၍ အငေါ်တူးစွာ ပြန်၍ အာခံတတ်၏၊ (၀ါ) နှုတ်ခွန်းတုံ့လှန်ပြန်၍ ပြောဆိုတတ်ကုန်၏။
ဤကဲ့သို့ သားသမီးက အာခံ၍ နှုတ်ခွန်းတုံ့ပြန်သောအခါ ရိုက်ပုတ်ဆုံးမရမှာလည်းခက်၊ လူကြားသူကြား ဖြစ်မှာလည်းရှက်၊ သနားခြင်းကရုဏာတဘက်ကြောင့် အောင့်သက်သက်နှင့် ကြိတ်၍သည်းခံပါသော်လည်း အလိုလိုက်မိ၍ မိုက်လက်စ အားကြီးလာသော သားသမီးတို့၏ ပြုမူပြောဆိုပုံကို ခုခံတိုက်ဖျက်ခြင်းငှါ မတတ်သာသောအခါ -- လုပ်တော်မူပါ မယ်မင်းကြီးမဘုရား၊ စားတော်မူပါ၊ သွားတော်မူပါ၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ-ဟု လက်အုပ်ချီကာ ဆိုမြည်တတ်ကုန်၏။
ခင်ပွန်းသည် ယောက်ျားမရှိရှာသော မိန်းမများမှာ သွားလေသူကို တမ်းတ၍ - ကိုယ့်သမီးလုပ်ပုံ ပြောပုံတွေ မြင်လှည့်ဦး တော်ရေ့-ဟု အားငယ်စွာနှင့် အော်၍တိုင်တန်းခြင်း၊ ငိုယိုခြင်းတို့ကို ပြုခြင်းဖြင့် သားသမီးများအပေါ်၌ အရှုံးပေးရမှန်းမသိ အရှုံးပေးရကုန်၏။
ထို့ကြောင့် လူကြီးမိဘ အုပ်ထိန်းသူတို့ သတိထားရန် အချက်များမှာ မိမိတို့ သမီးငယ်များကို အကျင့်စာရိတ္တပျက်ပြားသော အပေါင်းအဖော်များနှင့် ကင်းဝေးစေရန် အဖျင်းအပျက်ပြောတတ်သူများနှင့် အရောမ၀င်စေရန်နှင့် မသိသင့်သောစကား၊ မသိသင့်သောအလုပ်ဟူသမျှကို ၄င်းတို့ရှေ့၌ သတိထား၍ ပြောဆိုပြုလုပ် ဆင်ခြင်ရှောင်ရှား၍ ထိန်းသိမ်းစောင့်ရှောက်ကြရာ၏။
ဤကဲ့သို့သော အချိန်အခါမျိုး၌ ၄င်းတို့စိတ်ကို တခုခုအပေါ်၌ မှီတွယ်၍နေစေရန် လိမ္မာဖွယ်စကား၊ အတုခိုးဖွယ်အကြောင်း၊ အားကျဖွယ်ဝတ္ထု၊ နည်းယူဖွယ်ဒဏ္ဍာရီနှင့် မှတ်သားဖွယ်များပါသည့် စာကောင်း ပေကောင်းများကို ဖတ်စေခြင်း၊ အတွက်အချက် သင်ကြားခြင်း၊ စသော အလုပ်တခုခုကို အစဉ်မပြတ်ပေး၍ ထားခြင်းဖြင့် ၄င်းတို့၏ ကာယိနြေ္ဒကို ထိန်းခြင်း စိတ်ကိုငြိမ်စေခြင်း အသိပညာတိုးစေခြင်းစသော အကျိုးများကို အလိုလို ပြီးစီးစေလေသတည်း။
ငှက်ငယ်ဘ၀၊ ပျံသင်စ၊ များလှ ဖမ်းချင်သူ။
ကြောင့်ကြသွယ်သွယ်၊ ပျိုဖြန်းရွယ်၊ ထို့နှယ် ပမာတူ။
( ရေးသူ-ဦးခ )
Shared from Sabishii Hana
No comments:
Post a Comment