Friday, September 21, 2012

စီးဆင်းနေတဲ့ စမ်းရေလို...


ရေသေနဲ့ ရေရှင်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရေရှင်တွေဖြစ်တဲ့ မြစ်၊ စမ်းချောင်း… စတာတွေက ရေသေတွေဖြစ်တဲ့ ရေကန်၊ ရေအိုင် တို့ထက် ပိုကြည်လင်သန့်ရှင်းတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရှင်တွေက အမြဲမပြတ် တသွင်သွင် စီးဆင်းနေတာကြောင့်ပါ။ ရေသေတွေဖြစ်တဲ့ ကန်တွေ၊ အိုင်တွေမှာ အမှိုက်သရိုက်တွေ ပစ်လိုက်မယ်ဆိုရင် အဲဒီအမှိုက်တွေဟာ ဘယ်ကိုမှ မစီးဆင်းသွားတဲ့အတွက် အဲဒီနေရာမှာပဲ ၀ပ်နေပြီး ကြာလာတော့ ပုပ်သိုးကာ အနံ့ဆိုးတွေ ထွက်၊ အကောင်ပလောင်တွေ ပေါက်ဖွားပြီး ညစ်ပတ်ကုန်ပါတယ်။ အဲဒီအမှိုက်တွေကို ဆယ်ယူမပစ်မချင်း အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီးသာ အနံ့ဆိုးတွေထွက်ပြီး ညစ်ပတ်နံစော်နေမှာပါ။

ထိုနည်းလည်းကောင်းပဲ… လူတွေရဲ့စိတ် ဆိုတာကလည်း အမြဲမပြတ် စီးဆင်းနေဖို့ လိုအပ်ပါတယ်။ အပြင်ကနေ ၀င်လာတဲ့ အာရုံပေါင်း သောင်းခြောက်ထောင်ရဲ့ အညစ်အကြေးတွေကို မစွန့်ပစ်ဘဲ ဒီအတိုင်း စိတ်အာရုံထဲမှာ သိမ်းဆည်းလက်ခံထားမယ်ဆိုရင် ချက်ချင်းတော့ မသိသာပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရေသေထဲက အမှိုက်တွေလို ပုပ်သိုးဆွေးမြေ့ပြီး နံစော်လာမှာ အသေအချာပါပဲ။

လောကမှာ ဘယ်လောက်ကြီးပဲ အရာရာပြည့်စုံနေတဲ့သူဖြစ်ဖြစ် သူတပါး အထင်သေးတာ၊ ကဲ့ရဲ့တာ၊ ရှုံချတာ ခံရဖူးမှာပါပဲ။ ဘယ်လောက်ကြီးပဲ အရာရာနုံချာတဲ့သူဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် သူတပါး အထင်ကြီးတာ၊ ချီးကျူးတာ၊ ဂုဏ်ပြုတာ ခံရဖူးမှာပဲ။ ဘာကြောင့်လဲဆိုတော့ လောကဓံတွေက အကောင်း၊ အဆိုး တလှည့်စီ အမြဲတမ်း ဖြစ်နေကြလို့ပါပဲ။ အဲဒီတော့ လူတိုင်းလူတိုင်း ချီးကျူးတာလည်း ခံခဲ့ရဖူးမယ်၊ ကဲ့ရဲ့တာလည်း ခံခဲ့ရဖူးမှာပေါ့…

အဲဒီလို အကောင်း၊ အဆိုး နှစ်မျိုးမှာ အဆိုးဖြစ်တဲ့ သူတပါး ကဲ့ရဲ့ခံရတာ၊ ပြစ်တင်ရှုံချခံရတာ စတဲ့အကြောင်းတွေကို စပြီးစဉ်းစားကြည့်ပါ။ လူတစ်ယောက်ချင်းစီမှာ စိတ်နေစိတ်ထားတွေ ကွဲပြားခြားနားတဲ့အတွက် သူတပါးကဲ့ရဲ့တဲ့အပေါ်မှာ တုံ့ပြန်မှုတွေ မတူကြပါဘူး။ စကားတွေကို အမျိုးအစားခွဲလိုက်ရင်….. အပြင်ဘက်က ပြောနေကြတဲ့ စကားတွေနဲ့ အတွင်းစကား ဆိုပြီး နှစ်မျိုးရပါတယ်။ အပြင်ဘက်က ပြောနေကြတဲ့ စကားတွေဆိုတာ ဥပမာအနေနဲ့ ပြောရရင် “မင်းက ညံ့လိုက်တာ၊ ဒါလေးတောင် မတတ်ဘူး၊ အသုံးမကျလိုက်တာ” စတဲ့ ကဲ့ရဲ့စကားတွေဖြစ်တယ်။ အဲဒီလို အများက ကိုယ့်ကို ကဲ့ရဲ့ရှုံ့ချတဲ့ စကားတွေကို ဘယ်လောက်ပဲ နိစ္စဒူဝ ကြားရကြားရ ကိုယ်က ဂရုမစိုက်ဘူး၊ သူတို့ပြောတာကိုလည်း လက်မခံဘူးဆိုရင် တလောကလုံးက ပြောနေကြပါစေ… အဲဒီလို စကားမျိုးတွေဟာ အပြင်ဘက်မှာပဲ ရှိနေတဲ့အတွက်၊ (ကိုယ့်ရင်ထဲကို ၀င်လာနိုင်စွမ်း မရှိတဲ့အတွက်) အပြင်စကားလို့ပဲ ဆိုရပါမယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီလို အပြင်ဘက်ကနေ ပြောနေ၊ ဆိုနေ၊ ကဲ့ရဲ့နေကြတဲ့ မကောင်းတဲ့စကားတွေဟာ ကိုယ့်ရင်ထဲ၊ အတွင်းထဲကို ၀င်လာပြီဆိုရင်တော့ အန္တရာယ်က အစပြုလာပါပြီ။ ဘာကြောင့်လဲဆိုတော့ အပြင်စကားတွေကနေ အတွင်းစကားဖြစ်လာတဲ့အခါ… “မင်း” ကနေ “ငါ” ဆိုပြီး ပြောင်းသွားမှာမို့လို့ပါပဲ..… “သူတို့ပြောတာဟုတ်တယ်… ငါက ညံ့လိုက်တာ၊ ဒါလေးတောင် မလုပ်တတ်ပါလား၊ ငါတော်တော် အသုံးမကျတာပဲ” … တဲ့။ တချို့လူတွေမှာ… စိတ်ထား ပျော့ပျောင်းတဲ့အတွက် ကိုယ့်အပေါ် သူတပါးမကောင်းပြောတဲ့ စကားတွေကို စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ခုခံနိုင်စွမ်း သိပ်မရှိပါဘူး။ တစ်ယောက်ယောက်က၊ တစ်ယောက်တည်းက ပြောလိုက်ရင်တောင် စိတ်ပျက်အားငယ်ပြီး သူတို့ပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယုံသွား၊ လက်ခံသွားတတ်ပါတယ်။ Quote ထဲကအတိုင်းဆိုရင်… ကိုယ်ဟာ ကိုယ့်ကိုယ်ကို ဘယ်လိုထင်လဲ။ ကိုယ်ထင်နေတဲ့အတိုင်း ကိုယ်ဟာ အနာဂတ်မှာ ဖြစ်လာမှာပါပဲ… တဲ့။ အဲဒီစကားဟာ တကယ်မှန်ပါတယ်။ အပြင်ဘက်က စကားတွေဟာ ရင်ထဲကို အတွင်းစကားအနေနဲ့ ပြောင်းလဲနေရာယူလာပြီဆိုရင် ဒီအန္တရာယ်က အမြဲရှိနေပါတယ်။ သူတပါးက ကိုယ့်ကို ညံတယ်လို့ထင်တာ၊ တလောကလုံးကလူတွေ ထင်ကြတာဟာ ကိုယ်ကသာ လက်မခံရင် ဘာမှမဖြစ်ပါဘူး။ ကိုယ့်လမ်းကိုယ် သွားနေလိုက်ရုံပါပဲ။ ဒါပေမယ့် တလောကလုံးကပြောတဲ့ စကားဖြစ်စေ၊ လူတစ်ယောက်တည်းက ပြောတဲ့စကားပင်ဖြစ်စေ ကိုယ့်ရင်ထဲ၊ စိတ်ထဲ ရောက်လာပြီဆိုရင် ကိုယ်ဟာ ကိုယ်ထင်တဲ့အတိုင်း ဖြစ်လာတော့မှာပါပဲ။

စာဖတ်သူအများစုလည်း ကြားဖူးနေကျဖြစ်တဲ့ ဖားကလေးပုံပြင်လိုပါပဲ။ တွင်းနက်ထဲကို ကျနေတဲ့ ဖားကလေးတွေကို တွင်းအပေါ်နှုတ်ခမ်းဝက ဖားတွေက “မင်းတို့တွေ တွင်းပေါ်ကို ခုန်ခုန်ပြီး တက်ဖို့ကြိုးစားနေလည်း အပိုပါပဲ။ ဒီတွင်းကြီးက မင်းတို့ခုန်နိုင်တဲ့ စွမ်းရည်ထက် အများကြီးပိုမြင့်နေတာ အပေါ်ပြန်ရောက်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မောရုံသာရှိမယ်။ မဖြစ်နိုင်တာကို ဒုက္ခခံကြိုးစားနေမယ့်အတူတူ သက်သက်သာသာပဲ သေပွဲဝင်လိုက်ကြပါလား… ခုန်မနေပါနဲ့တော့…” ဆိုပြီး အပေါ်ကနေ လှမ်းအော်ပြောနေတာတွေကို တွင်းထဲကနေ လွတ်မြောက်အောင် ကြိုးစားပမ်းစား ခုန်နေရှာတဲ့ ဖားကလေးတွေက မောကလည်းမော၊ ကြားရဖန်ကလည်း များလာတော့… “သူတို့ပြောတာ ဟုတ်တော့လည်း ဟုတ်သားပဲ။ ဒီတွင်းကြီးက ဒီလောက်တောင်မှနက်လှတာ… ငါတို့ဘယ်လောက်ခုန်ခုန် သေသာသွားမယ်၊ ဘယ်တော့မှ အပေါ်ကို ပြန်ရောက်တော့မှာ မဟုတ်ပါဘူး။ ခုန်နေလည်း အမောစို့ပြီး မြန်မြန်သေရုံသာ အဖတ်တင်တော့မယ်၊ သေမယ့်အတူတူ သက်သက်သာသာပဲ နေလိုက်ပါတော့မယ်” ဆိုပြီး ဆက်မခုန်ကြတော့ဘူး တဲ့။ ဒီအချိန်မှာ တွင်းထဲက ဖားကလေးတွေအားလုံး ခုန်တာရပ်လိုက်ကြပေမယ့် ဖားကလေးတစ်ကောင်ကတော့ လုံးဝကိုဇွဲမလျော့ဘဲ ဆက်တိုက်ခုန်နေတယ် တဲ့။ တွင်းပေါ်ကဖားတွေ ဘယ်လောက်ပဲ ခုန်နေတာ ရပ်လိုက်ဖို့ပြောပြော လုံးဝမရပ်မနားဘဲ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုမြင့်အောင်သာ ခုန်နေတော့တယ်။ မရပ်မနား ခုန်တဲ့အကြိမ်ရေများလာတော့ အလေ့အကျင့်တွေဖြစ်ပြီး ပိုပိုမြင့်အောင် ခုန်လာနိုင်ရင်းကနေ တစ်ကြိမ်မှာတော့ တွင်းအပေါ်ကိုရောက်အောင် တစ်ချက်တည်းနဲ့ ခုန်လိုက်နိုင်တယ် တဲ့။ အဲဒါကြောင့်ပဲ အဲဒီဖားကလေးဟာ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ အဲဒီဖားကလေးဟာ တကယ်တော့ နားမကြားပါဘူးတဲ့။ ဒါကြောင့် သူများပြောတာမကြားတော့တဲ့အခါ… ပြင်ပအနှောင့်အယှက် လုံးဝမ၀င်ရောက်တော့ဘဲ ကိုယ်တစ်ကိုယ်တည်းရဲ့ လုပ်နိုင်စွမ်းအားနဲ့ အောင်မြင်မှုကို ရခဲ့တာပါ။ ဒါကြောင့် ဘ၀မှာ အောင်မြင်ချင်တယ်ဆိုရင် နားပင်းနေတဲ့သူလို ကျင့်ရမယ်လို့ ပြောထားတာနေမယ်။ သူများပြောတာ နားယောင်၊ အပြင်စကားကနေ အတွင်းစကားတွေအဖြစ် ပြောင်းလဲယူလိုက်ကြတဲ့ တွင်းထဲက ဖားကလေးတွေကတော့ နောက်ဆုံးမှာ သူတို့ကိုယ်သူတို့ ထင်နေတဲ့အတိုင်း အပေါ်ရောက်အောင် မခုန်နိုင်ဘဲ သေပွဲဝင်သွားကြရပါတယ် တဲ့။ ဒီဥပမာကို ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့အရည်အချင်းအပေါ် ဝေဖန်တဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အပြင်စကားဟာ ဘယ်လောက်ပဲပြောပြော၊ ဘယ်နှကြိမ်ပဲပြောပြော အရေးမကြီးလှပေမယ့် အဲဒီအပြင်စကားတွေ ကိုယ့်ရင်ထဲကို အတွင်းစကားအဖြစ် ၀င်ရောက်လာပြီဆိုရင်တော့ ဘယ်လောက်ဆိုးရွားတဲ့ အခြေအနေတစ်ခုအထိ အန္တရာယ်ကြီးသွားနိုင်တယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဖားကလေးပုံပြင်ထဲက ကိစ္စ၊ အခြေအနေမျိုးတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိကို ဒုက္ခပေးသွားနိုင်ပါတယ်။

နောက်ထပ်ဥပမာတစ်ခုကို ထပ်ကြည့်မယ်ဆိုရင် ခိုင်တို့တွေအားလုံး ဘယ်သူမှ မွေးကတည်းက လမ်းလျှောက်တတ်လာကြတာ မဟုတ်ပါဘူး။ အကြိမ်ပေါင်း မြောက်များစွာ လဲကျလိုက်၊ ပြန်ထလိုက်၊ ပြန်လဲကျသွားလိုက်၊ ပြန်ထလာလိုက်နဲ့ ကြိုးစားရင်းကမှ လေးဘက်ထောက်၊ လေးဘက်ထောက်ကနေ တဖြည်းဖြည်းချင်း ခြေထောက်နှစ်ချောင်းပေါ်မှာ မြဲမြဲရပ်တည်လာနိုင်ကြတာပါ။ ပြန်စဉ်းစားကြည့်ပါ….. အဲဒီလို ကလေးဘ၀တုန်းက… ဘယ်ကလေးကများ တစ်ခါ၊ နှစ်ခါလေး လဲကျရုံနဲ့သူတို့စိတ်ထဲမှာ… “ဟာကွာ… ဒီလောက်တောင် ခဏခဏ လဲကျနေတာ… ငါ့ခြေထောက်တွေက မသန်လို့ထင်တယ်။ ထပ်ထလျှောက်ဖို့ ကြိုးစားလည်း ထပ်လဲကျဦးမှာပဲ။ စိတ်ညစ်လိုက်တာ… ငါတော်တော် ညံ့တာပဲ။ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်။ လက်လျှော့လိုက်တာပဲ ကောင်းပါတယ်” ဆိုပြီး… အကြိမ်ပေါင်း ရာထောင်ချီ လဲကျနေပေမယ့် ဘယ်ကလေးကများ စိတ်ဓာတ်တွေကျပြီး “တော်ပါပြီ။ ဒီတစ်သက် လမ်းလျှောက်တတ်ဖို့ မမြင်တော့ပါဘူး” ဆိုပြီး စဉ်းစားဖူးမယ် ထင်ပါသလဲ။ ဘယ်ကလေးကမှ အဲဒီလို အားမလျှော့ဖူး၊ စိတ်ဓာတ်မကျဖူးလို့သာ ဒီအချိန်မှာ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေနိုင်ကြတာပါ။ လွယ်လွယ်ကူကူနဲ့ လမ်းလျှောက်တတ်ခဲ့ကြတာတော့ မဟုတ်ပါဘူးနော်… အကြိမ်ပေါင်းမြောက်များစွာ လဲကျခဲ့ဖူးပါတယ်။ 


မဖြစ်နိုင်လောက်တော့ပါဘူး ဆိုတဲ့ အားလျှော့တတ်တဲ့ အတွင်းစကားမျိုး ကလေးဘ၀မှာ မရှိခဲ့လို့ပါပဲ။ အစောပိုင်းက ပြောခဲ့သလိုပဲ တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ မတူကြပေမယ့်လို့ အခုလို အသက်ကြီးလာတဲ့အချိန်မှာ တစ်ခုခုလုပ်ကိုင်လို့ အဆင်မပြေ၊ ကျရှုံးတာတွေ အကြိမ်ပေါင်း များလာမယ်ဆိုရင် အနည်းနဲ့အများဆိုသလို မဖြစ်နိုင်လောက်တော့ပါဘူး လို့တွေးမိဖူးကြမှာပါ။ အဲဒါ ဘာကြောင့် အဲဒီလို တွေးဖြစ်လာရတာလဲဆိုတော့ ခိုင်တို့တွေ အသက်ကြီးလာတာနဲ့အမျှ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘဲ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင် စတဲ့ (ကိုယ်ကိုယ်တိုင်ကလွဲလို့) အပြင်ဘက် လူမှုဘ၀ထဲက တွေ့ကြုံဆက်ဆံနေခဲ့ရတဲ့၊ နေရဆဲ လူအမျိုးအစားပေါင်း မြောက်များစွာက အကြောင်းအမျိုးမျိုးကြောင့်… အခြေအနေအမျိုးမျိုးမှာ… ကိုယ့်ကို ပြောခဲ့ကြတဲ့ စကားတွေကို နာကြား၊ မှတ်သားရပါများလာတာ ကျင့်သားရသွားလို့ပါ။ ကလေးဘ၀ကိုပဲ ကြည့်ပါဦး။ ဥပမာ… သိတတ်ခါစ ကလေးတစ်ယောက် ပန်းကန်သယ်ရင်း လွတ်ကျကွဲသွားတယ်ဆိုရင် မိဘ (သို့) တစ်ယောက်ယောက်က “ဟယ် ပန်းကန်လေး ကွဲသွားပြီ။ ဒီကလေးက သေသေချာချာမှ မသယ်တာ၊ နမော်နမဲ့နဲ့” ဆိုပြီး အပြောခံလိုက်ရတယ်။ ကလေးဆိုတော့လည်း လက်မခိုင်သေးတော့ ဘာရယ်မဟုတ် နောက်တစ်ခါလောက်လေး ပန်းကန်ထပ်ကွဲပြန်တယ်။ “နမော်နမဲ့နဲ့၊ လက်ကိုမခိုင်ဘူး။ နောက်ဆို ပန်းကန်တွေ မသယ်နဲ့တော့။ နင်သယ်ရင် ဖြစ်မှာမဟုတ်ဘူး၊ ကျကွဲမှာ သေချာနေတယ်…” စသဖြင့် အပြောခံရပြန်ရော။ ဒီလို စကားတွေပေါင်း မြောက်များစွာ… အကြိမ်ပေါင်းများစွာ အပြောခံလာရဖူးသွားတဲ့အခါ… “နင် ဖြစ်မှာ မဟုတ်ပါဘူး။ မလုပ်နဲ့တော့… ကွဲလိမ့်မယ်။ ထားခဲ့တော့ နမော်နမဲ့နဲ့…” စတဲ့ စကားတွေက ကိုယ့်ကိုယ်ကို တကယ် နမော်နမဲ့ လုပ်တတ်တဲ့သူပါလား လို့ ထင်သွားတတ်တယ်။ အဲဒီလို အတွင်းစကားအနေနဲ့ ထင်သွားတာနဲ့ တပြိုင်နက် နောက်ပိုင်းလဲ စိတ်ထဲစွဲသွားပြီး “ငါက နမော်နမဲ့သမား၊ ငါလုပ်ရင် ဖြစ်မှာ မဟုတ်ပါဘူး။ ကွဲကုန်လိမ့်မယ်ထင်တယ်။ မသယ်ရဲတော့ပါဘူး” စသဖြင့် ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလဲဆိုတာ သူများစကားတွေအရ သတ်မှတ်လာတယ်၊ မဖြစ်နိုင်ပါဘူး၊ ဖြစ်မှာ မဟုတ်ပါဘူး ဆိုတဲ့ စကားတွေကို ကြားဖူးလာတာ များလာတော့၊ အပြောခံရပေါင်း များလာတော့ အပြင်ကနေ အတွင်းထဲ ရောက်လာတော့ ကလေးလေးဘ၀တုန်းကလို “လဲကျလိုက်၊ ပြန်ထလိုက်၊ ပြန်လဲကျလိုက်၊ ပြန်ထလာလိုက်” ဆိုတဲ့ စိတ်မလျှော့ဘဲ မရမချင်း ကြိုးပမ်းနေတဲ့ စိတ်ဓာတ်မျိုးတွေ ပါးပါးလာတယ်။ အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်သော်လည်း ဘာမှစိတ်ထဲမရှိဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး စိတ်မပျက်၊ အားမငယ်ဘဲ ထပ်စမ်းကြည့်ဖို့ဆိုတာ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေ နည်းနည်းလာတယ်။ ဘာကြောင့်လဲဆိုတော့ “မဖြစ်နိုင်ဘူး” ဆိုတဲ့စကားကို ကြားဖူးသွားလို့၊ ကြားဖူးပြီးတဲ့နောက် နားလည်သွားလို့၊ နားလည်ပြီးတဲ့နောက် လက်ခံသွားလို့ပါပဲ။

ဒါကြောင့် သူများပြောလာတဲ့ စေတနာနဲ့ အကြံပေးတဲ့စကားတွေ၊ အထင်သေးတဲ့စိတ်နဲ့ ကဲ့ရဲ့ရှုံ့ချတဲ့စကားတွေ… စသဖြင့် အကောင်းစေတနာနဲ့ပဲဖြစ်ဖြစ်၊ အဆိုးစေတနာနဲ့ပဲဖြစ်ဖြစ်… ကိုယ့်အသိဥာဏ်နဲ့ကိုယ် ဖယ်သင့်တာဖယ်၊ ယူသင့်တာယူပြီးရင်တော့ ကျန်တာ ဘာတွေပဲ ဘယ်လို ပြောနေပါစေ… ကိုယ်လျှောက်သင့်တဲ့လမ်းကို ဘေးပယောဂမပါဘဲ ကိုယ်ကိုယ်တိုင် တည့်တည့်မတ်မတ် ဆက်လျှောက်သွားရမှာပါပဲ။ ပြီးတော့ ဘယ်လောက်ပဲ အကြိမ်ပေါင်း သိန်း၊ သန်းမက မဖြစ်နိုင်ပါဘူး၊ ဖြစ်မှာ မဟုတ်ပါဘူး ဆိုတဲ့စကားကို ကြားဖူးနားလည်နေပါစေ… မွေးခါစ လမ်းလျှောက်သင်ခဲ့တဲ့အချိန်တုန်းက ကလေးလေးရဲ့ စိတ်ဓာတ်လိုမျိုး… တခါမှ မဖြစ်နိုင်ဘူး ဆိုတဲ့စကားကို မကြားဖူး၊ နားမလည်ဖူးတဲ့၊ တခါမှ စိတ်မညစ်၊ စိတ်ဓာတ်မကျဖူးတဲ့… တခါမှ မနာကျင်ဖူးတဲ့ စိတ်အကြည်ထည်လေးနဲ့ ကြိုးစားသွားရမှာပါ။ အဲဒီလို စိတ်ကို အကြည်ထည်လေး အမြဲတမ်း ပြန်ပြန်ဖြစ်နေဖို့အတွက်ကလည်း စိတ်ကို ရေသေလို မထားဘဲ ရေရှင်လိုမျိုး အမြဲတမ်း စီးဆင်းပေးနေရမှာ။

နောက်ပြီးတော့… သူတပါးက ကိုယ့်ကို မနာလိုလို့ ပြောတဲ့စကား၊ မနှစ်သက်လို့ ပြောတဲ့စကား၊ မုန်းလို့ ပြောတဲ့စကား၊ အနိုင်လိုချင်လို့ ပြောတဲ့စကား… စတဲ့ နှစ်သက်စရာ မကောင်းတဲ့ စကားဆိုးတွေကိုလည်း ကိုယ့်ရဲ့ စိတ်ထဲမှာ အချိန်အတော်ကြာ နေရာယူမနေအောင် ရှင်းထုတ်ပစ်ရမှာပါ။ အဲဒါတွေက ရေသေထဲက အမှိုက်တွေလိုပဲ ကြာလာတဲ့အခါ ပုပ်သိုးဆွေးမြေ့ပြီး နံသထက်နံလာရုံသာ ရှိပါတယ်။ စကားဆိုးတွေ ကြားရတော့… ပြောတဲ့သူကို မကျေနပ်၊ မခေါ်နိုင် မပြောနိုင်တွေဖြစ်၊ ကြာလာတော့ အဲဒီပြောတဲ့သူ ဘယ်လောက်ပဲ ကောင်းနေနေ အကောင်းမမြင်နိုင်တော့ဘဲ မုန်းလာ၊ ရန်ငြိုးတွေဖွဲ့လာပြီး တဖြည်းဖြည်းနဲ့ ပိုဆိုးလာတတ်တယ်။ အကယ်၍ အဲဒီလို စကားဆိုးတွေကိုသာ ရေရှင်ထဲက အမှိုက်သရိုက်တွေလိုမျိုး စီးဆင်းနေတဲ့ရေနဲ့တူတဲ့ စိတ်ကိုလည်း မေ့ပျောက်ပြီး ခွင့်လွှတ်နားလည်ပေးလိုက်ရင် ကိုယ့်စိတ်ကလေးမှာက ကြည်မြဲအတိုင်းလေးပဲ ကြည်ပြီး ကျန်ခဲ့မှာပါ။ ဘယ်လောက်ပဲ ပုပ်သိုးနံစော်နေတဲ့ အမှိုက်သရိုက်တွေပဲ ရေရှင်ထဲမှာ လာပစ်ပစ်… ရေတွေက အမြဲတမ်း စီးဆင်းပြီး သွားနေတဲ့အတွက် ကြည်မြဲကြည်နေသလိုပဲ… ကိုယ့်စိတ်မှာ ပူလောင်စေမယ့်၊ ဒေါသပွားစေမယ့် နှိမ့်ချတဲ့စကားတွေ၊ စကားဆိုးတွေကိုလည်း ကိုယ့်စိတ်ထဲကို အ၀င်မခံဘဲ တားဆီးနိုင်ခဲ့မယ်ဆိုရင် ကိုယ့်စိတ်ကလေးဟာလည်း စမ်းချောင်းလေးအတိုင်း ကြည်မြဲကြည်နေတော့မှာ အမှန်ပါပဲ။

ရေးချင်နေတာ ကြာပေမယ့် အခုလို မအားလပ်တော့မှပဲ ရေးဖြစ်သွားတော့တယ်။ ရေးထားတာ စိတ်တိုင်းမကျပေမယ့်လည်း ပြန်မပြင်ချင်တော့လို့ ဒီအတိုင်းပဲ ရှယ်လိုက်ပါတယ်။ အနီးမှာရှိတဲ့ သူငယ်ချင်းတွေရော၊ အဝေးက သူငယ်ချင်းတွေရော… ဒီစာလေးဖတ်ပြီး စိတ်ညစ်နေတာလေးတွေ နည်းနည်းပါးပါးလောက်ဖြစ်ဖြစ် ပြန်ကြည်လင်သွားစေဖို့ ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။ အမှားများပါရင်လည်း ပြင်ဆင်ပေးနိုင်ပါတယ်။ သူငယ်ချင်းများအားလုံး ကိုယ်ရောစိတ်ပါ 
စမ်းရေကဲ့သို့ ကြည်လင်အေးမြကြပါစေ… 

http://www.youtube.com/watch?v=x0dO-lh7z1k&feature=player_embedded 

ခိုင်ခိုင်
(စက်တင်ဘာ ၂၁၊ ၂၀၁၂… သောကြာနေ့)

No comments:

Post a Comment