Sunday, September 9, 2012

ဥပုသ်ချ၍ ညစာစားမှု

“အချို့သောပုဂ္ဂိုလ်များဟာ နံနက်အချိန်အခါမှာ ဥပုသ်သီလခံယူဆောက်တည်ပြီး ညနေကျတော့ ထမင်းဆာတယ်ရယ်လို့ ဥပုသ်ကိုချပြီး ညစာစားတက် ကြပါတယ်တဲ့၊ အဲဒါမျိုးကတော့ ဘယ်လိုဆုံးဖြတ်မှာလဲ ဘုရား”
“အဲသည် ဥပုသ်သည်မျိုးကျတော့ အလွန်အားနည်းသော ဥပုသ်သည်လို့ ဆိုရမှာပေါ့ကွယ်၊ ဥပုသ်ဆိုတာ ခံယူခြင်းနှင့် ဆောက်တည်ကျင့်သုံးခြင်းရယ်လို့ အပိုင်းနှစ်ပိုင်းရှိတယ်
ကွယ့်၊ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ- ဆိုတာ သီလခံယူတဲ့အပိုင်း၊ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ- ဆိုတာက ဆောက်တည်ကျင့်သုံးတဲ့အပိုင်း ဖြစ်တယ်၊ သီလကို ခံယူရုံသာခံယူပြီး မကျင့်သုံးမဆောက်တည်လျှင် ဘာမျှ အဓိပ္ပာယ်မရှိဘူးကွယ့်၊ သည်နေရာမှာ သမာဒိယာမိ-ဆိုတဲ့စကားရပ်ဟာ အလွန်နက်နဲတယ်၊ အလွန်နက်နဲတဲ့အတွက် မြန်မာပြန်တဲ့အခါ ‘ကျင့်သုံးဆောက်တည်ပါ၏’ လို့ ပြန်ဆိုရတယ်၊ သည်ပြန်ဆိုချက်ရဲ့ အနက်အဓိပ္ပာယ်ကို သေသေချာချာ လေ့လာကြည့်မယ်ဆိုလျှင် ကျင့်-သုံး-ဆောက်-တည်’ ရယ်လို့ အက္ခရာလေးလုံးပါသလို အနက်ကလည်း လေးမျိုးထွက်တယ်”
“ဘယ်လိုထွက်ပါသလဲ ဘုရား”
“သီလခံယူတဲ့ပုဂ္ဂိုလ်ဟာ ရတနာသုံးပါးထံမှာ ဝိကာလဘောဇနာ ဝေရမဏီသိက္ခာပဒံ သမာဓိယာမိ- တပည့်တော်သည် နေ့လွဲညစာစားခြင်းမှ ရှောင်ကြဉ်ခြင်း သိက္ခာပုဒ်ကို ကောင်စွာကျင့်သုံးဆောက်တည်ပါ၏ လို့ နှုတ်မြွတ်ခံယူထားတယ်၊ သည်ခံယူချက်ထဲမှာ -
(၁) ယခုတောင်းခံသောတရားကို ကျင့်ပါ့မယ်၊
(၂) ကျင့်ပြီး သီတင်းသုံးနေထိုင်ပါ့မယ်၊
(၃) ဤတရားကို လုံ့လပြု၍ရှောင်ကြဉ်ပါ့မယ်၊
(၄) ရှောင်ကြဉ်ရန် လေးလေးနက်နက် အဓိဋ္ဌာန်ချထားပါတယ် -
တဲ့၊ သည်အနက်လေးပါးကိုပေါင်းပြီး သမာဒိယာမိ-ကောင်းမွန်စွာ ကျင့်သုံး ဆောက်တည်ပါ၏ လို့ မြန်မာပြန်ထားတယ်၊ မလေးနက်ဘူးလားကွယ့်”
“မှန်ပါ - လေးနက်ပါတယ်၊ သို့သော်လည်း သမာဒိယာမိဆိုတဲ့ ပါဠိက သည်အနက်လေးမျိုး ထွက်ပေါ်လာနိုင်ပါသလား ဘုရား”
“ပါဠိတစ်ချက် အနက်ဆယ်ထွေဆိုပဲကွယ့်၊ ထွက်ပေါ်လာနိုင်တာပေါ့၊ အမှန်တော့ သမာဒိယာမိဆိုတဲ့ ပုဒ်ကလည်း စပ်ထားလို့သာ တစ်ပုဒ်တည်းဆိုရတာကိုး၊ တစ်ပုဒ်စီခွဲလိုက်လျှင် သံ-တစ်ပုဒ်၊ အာ-တစ်ပုဒ်၊ ဒါ-ဓာတ်ကတစ်ပုဒ်၊ ယ-ပစ္စည်းကတစ်ပုဒ်၊ မိ-ဝိဘက်ကတစ်ပုဒ်၊ အဲလိုပုဒ်တွေ အများကြီး ပြားလာတယ်၊ ဒါ-ဓာတ်ဟာ သူ့ချည်းသီးသန့်ဆိုလျှင် များသောအားဖြင့် ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ အနက်ကို ဟောတယ်၊ ဓာတ်နက်ရသလောက် ထုတ်မယ်ဆိုလျှင်တော့ ‘ဒါ-ဒါန, သောဓန, သုဒ, ဆေဒ, ရက္ခာ, ပလာယနော, မတာပေသု’ ဆိုတဲ့အတိုင်း ပေးခြင်း, သုတ်သင်ခြင်း, စင်ကြယ်ခြင်း, ဖြတ်ခြင်း, စောင့်ရှောက်ခြင်း, ပြေးသွားခြင်း, ပူပန်ခြင်း စသော အနက်များကို ဟောတယ်၊ ဒါ-ဓာတ်ရဲ့ ရှေ့မှာ အာဆိုတဲ့ ဥပသာရပုဒ် ရှိခဲ့လျှင် အာဒါနံ - ယူခြင်းအနက်ကို ဟောတယ်၊ သမာဒိယာမိ - ဆိုတဲ့ ပုဒ်ကျတော့ အာချည်း ရှေးရှိတာ မဟုတ်ဘူး၊ သံ - ရော အာ-ရော ရှေးရှိနေတယ်၊ ဒါကြောင့် ဒါဓာတ်ဟာ သူ့ရဲ့ အနက်ကို မဟောနိုင်တော့ဘဲ ‘ကောင်းမွန်စွာ ကျင့်သုံးဆောက်တည်’ ဆိုတဲ့ ဝိသေသနက်ကို ဟောရတယ် ကွယ့်”
“မှန်ပါ - မိန့်တော်မူပါဦးဘုရား”
“ဥပုသ်သီလ ခံယူသူဟာ သည်မျှလောက် လေးနက်တဲ့ စကားလုံးနှင့် ရတနာသုံးပါးအထံမှာ ဝန်ခံထားပြီးတော့ ဝန်ခံတဲ့အတိုင်း မလိုက်နာဘူးဆိုလျှင် ဘယ်မှာ သင့်လျှော်ပါ့မလဲ၊ ဥပုသ် ကျင့်သုံးတယ်ဆိုတာ မိမိကိုယ်မှာ ဖြစ်ပွားနေတဲ့ ကိလေသာ အညစ်အကြေးတွေကို တက်နိုင်သလောက်ကို ပယ်သတ်တာပဲကွယ့်၊ ပါးစပ်က လူကြားကောင်းအောင် ပယ်ခွါပါ့မယ် ဝန်ခံပြီး လွန်ကျူး ဖွယ်ဝတ္ထုနှင့် တွေ့တော့ ဝန်ခံသလို မပယ်ခွာဘဲ ပြုကျင့်တယ်ဆိုလျှင် လောကအမြင်နှင့်ပင် အလွန် အောက်တန်းကျတဲ့သူ ဖြစ်သွားပြီ၊ ယုံကြည်ထိုက်သူ မဟုတ်တော့ဘူး၊ သစ္စာရေသောက်ရင်း သေးပေါက်ရင်းဆိုသလို ဖြစ်နေပြီ”
“မအောင့်နိုင်လို့ ညစာလေး စားမိရုံနှင့် သည်လောက် မဆိုသင့်ဘူး ထင်ပါရဲ့ ဘုရား”
“ဆိုသင့်တာပေါ့ကွယ်၊ ဘယ်မှာ မဆိုသင့်ဘဲရှိပါ့မလဲ၊ ဦးပဉ္စင်း စဉ်းစားကြည့်၊ သူဟာ မအောင့်နိုင်လို့ ညစာကို စားပါသတဲ့၊ ညစာလေးကိုတောင်သည်းခံပြီး အောင့်မထားနိုင်လျှင် သူဟာ သတ်ချင်စိတ် ပေါ်လာလျှင်လည်း သတ်မှာပဲ၊ ခိုးချင်စိတ် ပေါ်လာလျှင်လည်း ခိုးမှာပဲ၊ မေထုန်မှီဝဲချင်စိတ် ပေါ်လာလျှင်လည်း မှီဝဲမှာပဲ၊ လိမ်ချင်လည်း လိမ်မှာပဲ၊ အရက်သောက်ချင်းလည်း သောက်မှာပဲ၊ ဘိန်းရှူချင်းလည်း ရှူမှာပဲ၊ သည်တော့ သူစောင့်ရှောက်ကျင့်သုံးတာဟာ ဘာကျန်ပါ့မလဲ၊ ဘာမျှကျန်မှာမဟုတ်ပါဘူး၊ ဒါကြောင့် သည်လို ဥပုသ်မျိုးကျတော့ အလွန်ပေါ့သော သစ်ကျုတ်ဥပုသ်လို့ ဘုရားရှင် ဟောတော်မူတယ်ကွယ့်”
“ဘယ်မှာဟောပါသလဲ ဘုရား၊ အမိန့်ရှိပါဦး”
“နာချင်လည်း ပြောရသေးတာပေါ့ကွယ်၊ သစ်ကျုတ်ဥပုသ်က သည်လိုတဲ့"

***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) မှ ကောက်နုတ်ပူဇော်ပါသည်။
ဤနေရာတွက် ဆက်လက်လေ့လာနိုင်ပါသည်။
https://www.facebook.com/notes/ye-win-tun/%E1%80%9A%E1%80%B1%E1%80%94%E1%82%94%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%9D%E1%80%AB%E1%80%92%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%A1%E1%80%B1%E1%80%99%E1%80%B8%E1%80%A1%E1%80%B1%E1%80%BB%E1%80%96%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%85%E1%80%A5%E1%80%B9%E1%81%82%E1%81%81-%E1%80%A5%E1%80%95%E1%80%AF%E1%80%9E%E1%80%B9%E1%80%81%E1%80%BA-%E1%80%8A%E1%80%85%E1%80%AC%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%82%88-%E1%80%9E%E1%80%85%E1%80%B9%E1%80%80%E1%80%BA%E1%80%B3%E1%80%90%E1%80%B9%E1%80%A5%E1%80%95%E1%80%AF%E1%80%9E%E1%80%B9-%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%95%E1%80%AB/375181069216651

Shared from Ko Ye Win Tun (FB)

No comments:

Post a Comment