Wednesday, September 5, 2012

အရှင်ဇနကာဘိဝံသ ၏ "အဆိုအမိန့်များ"

• သားသမီးလေးတွေ ဖျင်းလာတာဟာ မိခင်တွေ အလုပ်များလာလို့ပဲ။ အနာဂတ် သားသမီးတွေဟာ လူတော်လှူကောင်းများဖြစ်ဖို့ မိခင်လောင်း အမျိုးသမီးတွေက အလုပ်ကို ယောက်ျားများရဲ့  တစ်ဝက်လောက်သာ လုပ်သင့်တယ်။

• လောကကြီးမှာ ဒါနရှိမှ လူချစ်ခင်ကြတယ်၊ သီလရှိမှ ကြည်ညိုကြတယ်၊ ပညာရိှမှ လေးစားကြတယ်။

• လောကမှာ ဘယ်လောက် ကြီးကျယ် ကြီးကျယ် သေခါနီးမှာ မျက်ရည်လည်ရရင် မတော်ဘူး။


• အစားကောင်း၊ အနေကောင်း၊ အ၀တ်ကောင်းတိုင်း ချမ်းသာတာ မဟုတ်ပါဘူး။ တဏှာ၊ လောဘ၊ ဒေါသ နည်းရင် ချမ်းသာတာပဲ။

• သာသနာဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ်၊ ဘုရား အဆုံးအမဆိုတာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးပဲ။

• သံသရာကြီးနဲ့ စာရင် တစ်ဘ၀ဆိုတာ တစ်ခဏလေးပါ၊ တစ်ဘ၀ကိုသာ မကြည့်ပါနဲ့။ သံသရာအရှည်ကို မျှော်ပါ။

• “သေခြင်း”ဟာ အဆန်းမဟုတ်ပါ၊ “ကံ” တစ်ခုနဲ့ ပိုင်းခြားလိုက်တဲ့ ဘ၀တစ်ခု ကုန်ဆုံးသွားခြင်းပါပဲ။

• ဘုရားစကား နားမထောင်ဘဲ ဘုရားသာသနာ ၀င်ခိုရုံမျှဖြင့် ဘုရားမကယ်နိုင်။

• လူတွေဟာ အမှတ်မဲ့နေ၊ အမှတ်မဲ့ ကြီး ၊ အမှတ်မဲ့ သေကြတယ်။ တကယ်ဆိုတော့ စား-၀တ်-နေရေး ပြည့်စုံရင် အို-နာ-သေရေးအတွက် အသင့်ပြင်ထားဖို့ ကောင်းတယ်။

• မွေးနေ့ကုသိုလ်ပြုရင် အချိန်ရှိတိုင်း ပြုရမယ်၊ တရားသဘော အရ အချိန်ရှိတိုင်း (ဖြစ်ပျက်မှု) မွေး၊သေ နေကြတာပဲ မဟုတ်လား။

• အလကားလူတွေသာ ရှိသော အလကားလောကကြီး၌ အလကား နေရုံဖြင့် အလကား ကောင်းလာဦးမည် ထင်သလား။ လောကမှာ ကောင်းတယ်ဆိုတာ ကိုယ်ကျင့်ပါမှ ကောင်းတယ်။ ကိုယ်ကျင့်မပါက မကောင်းနိုင်။

• လူတိုင်းထဲက လွတ်ချင်ကြရင် လူတိုင်းလုပ်တဲ့ အလုပ် အပြောမျိုး မလုပ်ကြနဲ့။

• အရှိန်အ၀ါမဲ့တာထက် အလိမ္မာမဲ့တာက သာပြီး ခက်ပါတယ်။

• လူတွေဟာ ဒုက္ခရောက်တာကိုသာ ပြောနေကြတယ်။ သွားနေကြရတာက ဒုက္ခလမ်းမကြီးပေါ်မှာ ဒီတော့လေ ဒုက္ခကြားက ဒုက္ခကောင်ဟာ ဒုက္ခကိုပဲ တွေ့ရမှာပဲ။

• အရှိန်အ၀ါမဲ့တာထက် အလိမ္မာမဲ့တာက သာပြီး ခက်ပါတယ်။

• လူသေပြီး လူပြန်ဖြစ်သူက နည်းတယ်၊ ဖြစ်ပြန်တော့လည်း ဗုဒ္ဓတရား (သာသနာ)နဲ့ တွေ့ဖို့ ခဲယဉ်းတယ်၊ တွေ့ပြန်တော့လည်း ဘာသာဝင်စစ် တကယ့်သဒ္ဓါတရား ဖြစ်ဖို့က ကြဲတယ်။

• ကိုယ့်ကိုပတ်ဝန်းကျင်က မချစ်ကြပေမယ့် မမှန်းမှ ကောင်းတယ်။

• အကျိုးမရှိတာကို လုပ်ကိုင်ပြောဆို နေခြင်းဖြင့် အကျိုးမရှိနိုင်။

• လောကကြီးမှာ ကြီးပွားတယ်ဆိုတာ ထီပေါက်မှ၊ စီးပွားရေးကောင်းမှလို့ ထင်နေကြတယ်။ ဟုတ်မှန်တဲ့ သဘာဝဓမ္မများကို လေ့လာပွားများနေရင် စိတ်နေစိတ်ထား ကြီးပွားတာပဲ။

• တို့ ခန္ဓာကိုယ်ကြီးဟာ ဇာတိ၊ဇရာ၊ ဗျာဓိ၊ မရဏ ၀ဋ်ဒုက္ခတို့ ပစ်တိုင်း အမှန်ခံနေရတဲ့ “မှတ်တိုင်း” စက်ဝိုင်း ခွက်ကြီးပဲ ဖြစ်တယ်။

• ၀ိပဿနာ ပွားရင် ပညာ တိုးပွားတယ်၊ ပညာတိုးပွားမှ အ၀ိဇ္ဇာကို ပယ်နိုင်တယ်။

• အမိုက်လောကကြီးထဲ့ အကန်းသတ္တ၀ါတွေ လမ်းမှန် လမ်းမှား မခွဲခြား၊ မဝေဖန်နိုင်ဘဲ လျှောက်သွားနေကြတယ်။

• အမှတ်တမဲ့နေသူရဲ့ စိတ်ဟာ အကုသိုလ်ဘက် သွားနေသလို အကုသိုလ်ကံ အကျိုးပေးခွင့်ကလည်း သူ့မှာ အမြဲရှိနေတယ်။

• လူတွေဟာ ဖြစ်လာတဲ့ အခြေအနေကို ရုန်းကန်မယ်တော့ မကြံဘဲ ကုန်းခံဖို့သာ စိတ်ကူးနေကြတယ်။

• လူတွေက ဒါနကိုသာ ရွှေအိုးလို့ ထင်နေကြတယ်။ သီလ၊သမာဓိ၊ပညာတို့လည်း ရွှေအိုးတွေပါပဲ။

• ဒီနေ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ လောဘ၊ဒေါသ တိုးပွားပြီး ဆင်းရဲပင်ပန်းတဲ့ လမ်းဆိုးကြီးကိုသာ ပျာယီးပျာယာ လိုက်နေကြတယ်၊ အေးချမ်းသာယာတဲ့ လမ်းကိုတော့ မမြင်နိုင်၊ မကြားနိုင်အောင် ဖြစ်နေကြရှာတယ်။

• အမှောင်ကလာပြီး အမှောင်သွားမယ့်လူ၊ အလင်းကလာပြီး အမှောင်သွားမယ့်လူ၊ အမှောင်ကလာပြီး အလင်းသွားမယ့်လူ၊ အလင်းကလာပြီး အလင်းသွားမယ့်လူလို့ လေးမျိုးရှိတယ်။ အလင်းကလာပြီး အလင်းသွားနိုင်တဲ့လူ ဖြစ်အောင် ကြိုးစားကြပါ။


ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ ၏ "အဆိုအမိန့်များ" မှ

Shared from Ma Monica Pyone

No comments:

Post a Comment