Tuesday, September 25, 2012

ကံမကုန်ရင် ပြန်ဆုံမယ်(ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ “ဓမ္မလမ်းပေါ်မှာ”)

7Day News Journal
အတွဲ (၁၁)၊ အမှတ်(၂၅)
သံသရာက ထွက်မြောက်တဲ့ အလုပ်ကို မလုပ်မချင်း၊ သံသရာဘ၀တွေကို အလည်မရပ်စေတဲ့ ကံတွေကို ပြုနေသေးသမျှ ကာလပတ်လုံး၊ သံသရာထဲမှာနေ သံသရာထဲမှာ ပျော်နေတဲ့ ကာလပတ်လုံး နိဗ္ဗာန်ကို မရနိုင်ပါဘူး။ ဘယ်တော့မှ နိဗ္ဗာန်ရသလဲ၊ ဘယ်အချိန်ကျမှ နိဗ္ဗာန်ရသလဲဆိုရင် ပြုထားပြီး ဖြစ်ထားပြီးတဲ့ ကံတွေကုန်မှ နိဗ္ဗာန်ရတယ်။ ကံမကုန်ရင်တော့ သံသရာမှာ ပြန်လည်ဆုံကြမှာပဲ ဖြစ်တယ်။ ကံအကျိုးက ခံရတဲ့ကံနဲ့ စံရတဲ့ကံဆိုပြီး နှစ်မျိုးကွဲပြားတယ်။ ချမ်းချမ်းသာသာ၊ သက်သက်သာသာနဲ့ သံသရာလည်ရတယ်ဆိုရင် စံစားရတဲ့ ကံအကျိုးဖြစ်တယ်။ မသက်မသာ၊ ဒုက္ခတွေနဲ့ သံသရာလည်ရတယ်ဆိုရင် ခံစားရတဲ့ ကံအကျိုးပေါ့။ ခံရတဲ့ကံ၊ စံရတဲ့ကံ၊ ကောင်းကံဆိုးကံ၊ ကောင်းကျိုးဆိုးကျိုးလို့ ခွဲပေမယ့် သဘောကတော့ အတူတူပါပဲ။ ခံရတဲ့ကံလည်း သံသရာလည်တယ်။ စံရတဲ့ကံဟာလည်း သံသရာလည်စေတယ်။ တ၀ဲလည်လည် လည်တာချင်းတော့ အတူတူပါပဲ။

ခရီးတစ်ခုသွားကြရာမှာ ဘယ်ပုံစံနဲ့ပဲသွားသွား လမ်းလျှောက်သွားလည်း ရောက်တာပဲ။ ယာဉ်တစ်မျိုးမျိုး စီးသွားလည်း ရောက်တာပဲ။ သွားတဲ့ပုံသဏ္ဌာန် မတူကြပေမယ့် သွားတာချင်း၊ ရောက်တာချင်းတော့ အတူတူဖြစ်တယ်။ ကောင်းတဲ့ကံတွေပဲ လုပ်မယ်၊ ချမ်းချမ်းသာသာနေရတဲ့ ဘ၀တွေမှာပဲနေမယ်၊ ပြည့်ပြည့်စုံစုံ နေချင်တယ်ဆိုပြီး ကောင်းတဲ့အလုပ်တွေကိုချည်းပဲ ရွေးလုပ်တယ်။ ကောင်းတဲ့အလုပ်တွေ လုပ်တဲ့အတွက်ကြောင့် ကောင်းတဲ့အကျိုးတွေ ရတယ်။
အဲဒီလို ကောင်းကျိုးရလည်း ဒီကောင်းကျိုးဟာ သံသရာလည်တဲ့ အကျိုးကိုသာ ဖြစ်စေတယ်။

ရည်ညွှန်း- ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ “ဓမ္မလမ်းပေါ်မှာ”
(ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ အားခွင့်တောင်းပြီး ဆရာတော်၏ခွင့်ပြုချက်ဖြင့်ထပ်မံ ဝေမျှပါသည်..._()_.._()_.._()_..) 

Shared from Ma Tthaw Thaw

No comments:

Post a Comment