Tuesday, September 25, 2012

အကုသိုလ်ပြုမိခဲ့၍ နောင်တ အဖန်ဖန် ရနေသလော

နောင်တ တစ်ဖန်ပူပန်ခြင်း သဘောသည် “ကုက္ကုစ္စ”တည်း။ ထို့ကြောင့် “ကုက္ကုစ္စ” နောင်တတစ်ဖန် ပူပန်ထန်ပြင်း”ဟုဆိုခဲ့သည်။ ချဲဦးအံ့။ ဤကုက္ကုစ္စ၏ နောင်တရမှုသည် “အကုသိုလ်ပြုပြီးမှ ပြုမိတာ မှားလေစွ “ဟုလည်းကောင်း၊ ကုသိုလ်မပြုမိ၍ “မပြုမိတာ မှားလေစွ” ဟုလည်းကောင်း နောင်တရခြင်း(၂)မျိုးရှိ၏။

နောင်တရပုံ

“ဒု-သ-န-သော”ဟု အများပြောကြသော အများပြောကြသော သူဌေးသားလေးယောက်သည် လူဘဝ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ရာ ပစ္စည်းအလုံအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမှု ပြုရမည့်အစား မိစ္ဆာစာရ ကာမမှု အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ထိုနောက် “လောဟကုမ္ဘီ”သံရည်ပူငရဲ၌ကျကာ အနှစ်ခြောက်သောင်းကြာမှပေါ်လာ၍

“ငါတို့သည် ပစ္စည်းဥစ္စာပေါများသော လူ့ဘဝတုန်းက မှီခိုအားထား ကိုးစားလောက်သော ကုသိုလ်များကို မပြုမိဘဲ မှားယွင်းစွာ အသက်မွေးခဲ့ကြတယ်နော်” ဟုပြောလိုသော စကားများကို စုံလင်စွာ မပြောနိုင်ဘဲ “ဒု” ဟူသော အသံနက်ကြီးကို ဟစ်အော်ကာ မြုပ်သွားရှာလေ၏။ ဤသူ၌ ကုသိုလ်ကောင်းမှု မပြုမိ၍ နောင်တ ရသော ကုက္ကုစ္စဖြစ်သည်။

အခြားတစ်ယောက်ကလည်း “ငါတို့၏ ငရဲခံနေရသော ဒုက္ခသည် ဆုံးတော့မှာမဟုတ်ပါဘူး၊လူ့ဘဝတုန်းက မကောင်းမှုကို ငါတို့ပြုခဲ့ကြတယ်နော်” ပြောလိုရင်းစကားဆုံးအောင်မဟနိုင်ဘဲ “န” ဟု အသံနက်ကြီးဖြင့် ဟစ်အော်ကာ မြုပ်သွားရှာလေသည်။ဤသူ၌ အကုသိုလ်ကို ပြုမိ၍ နောင်တရသော ကုက္ကုစ္စ ဖြစ်သည်။

ဤသို့ နောင်တရမှု နောက်တစ်ဖန်ပူပန်မှုသည် ဒု-သ-န-သောတို့ကဲ့သို့ နောက်ဘဝကျမှသာ ဖြစ်သည်မဟုတ်ပါ။ ယခု ဘဝမှာလည်း ထိုသို့ပူပန်တတ်သည်။ အလွန်အမင်း ပူပန်လာသောအခါ စိတ်ထဲ တွင်သာမက ချွေးကျလာအောင် ခန္ဓာကိုယ်ပါ ပူပန်တတ်လေသည်။

နောင်တမရသင့်ပုံ

အကုသိုလ်ကိုပြုလုပ်ပြီးမှ နောင်တတစ်ဖန် ပူပန်နေခြင်းကြောင့် ပြုပြီး အကုသိုလ် ကင်းပျောက်သွားမည် မဟုတ်။ကုက္ကုစ္စအကုသိုလ် အသစ်ပင် တိုးလာပါသေး၏။ ထို့ကြောင့် နောင်တတစ်ဖန် ပူပန်မနေဘဲ ပြုပြီး သမျှ အကုသိုလ်များ နောင်အခါ အကျိုးပေးခွင့် မရအောင် ထိုအကုသိုလ်မျိုးကို နောက်ထပ် မဖြစ်စေရန် သတိထားပြီး ရှောင်ကြဉ်ရမည်။ ထိုသို့လွန်ပြီးသော အကုသိုလ်မျိုး “ငါ့မှာ နောင်အခါမဖြစ်ရ” ဟု စိတ်ပါ လက်ပါ အဓိဋ္ဌာန်ပြု၍ စောင့်စည်းသူအတွက်မှာ ပြုပြီး အကုသိုလ်(သိပ်မကြီးကျယ်လျှင်) အကျိုးမပေးဘဲ ပပျောက်သွားတတ်ကြောင်းကို(မဟာဝဂ္ဂသံယုတ်) ၌ ဟောတော်မူသည်။

အချိန်ရှိခိုက်လုံးလစိုက်

ငယ်စဉ်အခါသည် ပညာ၊ဥစ္စာ၊ကုသိုလ် ဤသုံးမျိုးကို မိမိဥာဏ်ရှိသလောက် လိုချင်သလောက် ရှာရမည့် အခါ ရှာဖို့ရန် အခွင့်အလမ်းသာသော အခါဖြစ်၏။ ”မိုးကုန်မှထွန်ချ” လျှင် အကျိုးရ နည်းရုံသာမက လုံးလုံး မရဘဲလည်းရှိတတ်သည်။ သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ကုသိုလ်ကို မပြုမိတာ မှားပေါ့” ဟုနောင်တမဖြစ်သင့်။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံး သတိမရကြသူများစွာသော လူတို့ထက် အပုံကြီးသာပါသေးသည်။

တမ္ဗဒါဌိကမည်သော အဘိုးအိုကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်ကျသူများကို သတ်ဖြတ်ရသော အလုပ်ဖြင့် ဘုရင့်အမှုကိုထမ်းလာခဲ့၏။ ကောင်းစွာ သေခါနီးဆဲဆဲမှာ အရှင်သာရိပုတ္တရာနှင့်တွေ့၍ တရား နာရာတွင် သူလုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည်အလွန်ကွာခြား၍ နေသောကြောင့် တရားတော်၌ စိတ်မဝင်စားနိုင်ဘဲ ရှိလေသည်။

ထိုအခါ အရှင်သာရိပုတ္တရာက သိတော်မူ၍ “ဒါယကာ အသင်သတ်ချင်လို့ သတ်တာလား အသက်မွေးမှု အတွက် မလွှဲသာ၍ ဘုရင်ကသတ်ခိုင်းလို့ သတ်တာလား” ဟု မေးတော်မူလေရာ “တပည့်တော် သတ်ချင်လို့ မဟုတ်ပါ။ရှင်ဘုရင်က ခိုင်းလို့သတ်ရပါကြောင်း” ဟု လျှောက်လေလျှင် “သည်လိုဆိုလျှင် အပြစ်ရှိလေသလား”ဟု ပရိယာယ်ဖြင့် မေးတော်မူပြီး နောက်ဆက်လက်၍ တရားဟောတော်မူသောအခါ “ငါ့မှာ အပြစ်ရှိပုံ မရဘူး” ဟု စိတ်သက်သာပြီးလျှင် တရားကို စိတ်စိုက်နာရင်း “စူဠသောတာပန်(သောတာ ပန်အငယ်)” ဖြစ်ကာ မကြာခင် စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။

(ဤဝတ္ထု၌ ရှင်ဘုရာင်က ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။သို့သော် စိတ်သက်သာရာရအောင် ပရိယာယ်ဖြင့် မေးတော်မူခြင်းဖြစ်သည်။)

ထိုအဘိုးအိုကြီး၌ ပါဏာတိပါတ အပြစ်တွေ များစွာရှိနေသည်ကား မှန်၏။သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ ကုက္ကုစ္စ ငြိမ်းအေးသွားလေသည်။ ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့် နတ်ပြည့်သို့ ရောက်ရလေသည်။ အကယ်၍သာ သူတစ်ပါးအသက်သတ်ခဲ့တဲ့ အကုသိုလ်အပေါ်၌ နောင်တတစ်ဖန် ပူပန်မှုဆိုတဲ့ ကုက္ကုစ္စစွဲ၍ သေပါမူ အပါယ်လေးပါးသို့ ရောက်ရုံသာရှိတော့သည်။ ထို့ကြောင့် ကုက္ကုစ္စတရားကိုမစွဲလန်းသင့်ကြောင်းထင်ရှားလှ ပါသည်။ သေခါနီးအချိန်မှာပို၍ ပင်ဆင်ခြင်သင့်ပါသည်။ သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီးသော အကုသိုလ် အတွက်လည်းမပူပန်ရ။ကုသိုလ်ကို မပြုခဲ့ရသေး၍လည်း နောင်တမဖြစ်ကြစေဘဲ ပြခဲ့သောနည်းဖြင့် အကုသိုလ် အသစ်မဖြစ်အောင်သာ ကြိုးစားလျက် သတိရသော အရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့် လှကြောင်း အသိပေးရေးသားလိုက်ရပါသည်။

မှတ်ချက်။ ။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာစာအုပ်) မှကောက်နှုတ်ချက်ဖြစ်သည်။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Shared from Ma Moenge Aung

No comments:

Post a Comment