Saturday, December 24, 2016

"ခင်ပွန်းကြီးဆယ်ပါး မပြစ်မှားနဲ့"


ကျေးဇူးရှိလို့ ဘုန်းကြီးတစ်ပါးကို ကျောင်းမှာ ခေါ်ထားဖူးတယ်။
သူ့မှာ အတင်းပြောတဲ့ ဝါသနာရှိတယ်။ ဘုန်းဘုန်းရဲ့ ကွယ်ရာဆို ဘုန်းဘုန်းမကောင်းကြောင်း ပြောတယ်။

ဒီလိုနဲ့ တစ်နေ့...သူ့အတွက် ကျောင်းဆောက်ပေးတယ်။ သူက သွပ်မိုးပြီး ပြူတင်းပေါက်မှန်လေးတပ်ချင်တာကိုး။ ဝတ္ထုမနိုင်သေးတော့
သွပ်ကို နောက်မှမိုးပေးမယ်ဘုရား။ ခေါင်တော့ချိုးထားတယ်လို့ လျှောက်ထားတယ်။ ဒါနဲ့ သွပ်မမိုးဖြစ်တော့ သူနေတဲ့နေရာက ဆင်းလာပြီး လက်ညှိုးထိုး ပြောတော့တာပဲ။

သူနဲ့ဘုန်းဘုန်းက တစ်တောင်လောက်ပဲကွာတယ်။ ဒီလို လက်ညှိုးထိုးပြီးပြောနေတဲ့အချိန် သူ့ကို စိတ်ဆိုးစရာရှာကြည့်တယ်။ ရှာလို့ မတွေ့ဘူး။ သွပ်ကိုလည်း အဆင်ပြေတော့ မိုးပေးမယ်ပြောထားပြီးသား,
ဒီတော့ စိတ်ဆိုးစရာ ရှာလို့မရဘူးပေါ့။ သူက ကိုယ်တော့်တရားဟာ ဘာတရားလဲ ... စသည်ဖြင့် အစုံပေါ့။ ပြောလိုက်တာ။ နောက်ဆုံး ဘုန်းဘုန်းလည်း စဉ်းစားတာမရတော့ ပြောချင်တာပြောတော့ဆိုပြီး မျက်စိမှိတ် တရားမှတ်ပစ်လိုက်တယ်။

အဓိကတော့ ဘုရားဟောတဲ့
နေတံမမ, နေသောဟ မသ္မိ, နမေသော အတ္တာ
ဆိုတာကိုပေါ့နော်။ အာရုံသိတာ ဝိဥာဏက္ခန္ဓာပါပဲ, ငါးခုပေါင်းစုလို့ ပေါ်တာအထည်သတ္တဝါမဟုတ်ဘူး။ ငါ သူလို့လည်း မပြောဘူး။ တံလျှပ်လိုပဲလို့ ဖယ်လိုက်တော့ သူရော ကိုယ်ရော မရှိတော့ဘူး။

ပြောနေတဲ့အသံတွေဟာလည်း အချိန်နဲ့အမျှ ကုန်နေတာပဲလို့ ကြည့်နေတော့ ဥာဏ်မိပြီးလွတ်နေတယ်။ ပတ်ဝန်းကျင်ကို အထည်မှ မလုပ်တာပဲ ပျောက်နေတာပေါ့။ ကြားသမျှ ကာလမဆက်တော့ အကုန်ပျောက်နေတာပေါ့။ သူ့ဟာသူ ပြောချင်ရာပြောတော့ဆိုပြီး တရားမှတ်နေလိုက်တာပေါ့နော်။ အချိန်ဘယ်လောက်ကြာသွားတယ် မသိဘူး။
ပြောလို့  မောတော့ သူပြန်သွားတယ်။

ဘုန်းဘုန်းကို လက်သမားတွေက ကြည့်ပြီး စိတ်မကောင်းကြဘူး။
ဆောက်မပေးတော့ဘူးဆိုပြီး လွှတွေကို လွှင့်ပစ်လိုက်ကြတယ်။
ဘုန်းဘုန်းက ဒီလိုမလုပ်ပါနဲ့, လူကြီးဆိုတာ ဖြစ်တတ်တယ်။ သူ့မှာ လေငန်းရောဂါရှိတော့ စိတ်တိုတာပေါ့, ပြီးအောင် လုပ်ပေးလိုက်ပါ
ဆိုပြီး ပြောရတယ်, မေတ္တာထားရတယ်ပေါ့။ ဒီလိုနဲ့ပဲ ကျောင်းဆောက်ပြီးသွားတယ်။

ကျောင်းပေါ်တက်ပြီး လေးရက်လောက်ကြာတော့ နူတယ်။ ဘုန်းဘုန်းက အံ့အားသင့်သွားတယ်။ မျိုးရိုးလည်း မရှိဘူးနော်။ နူတာမှ အထွတ် အထွတ်ပဲ။ ဘယ်သူမှ အနားမကပ်နိုင်ဘူး။ ကြည့်ပြီး လန့်သွားတယ်။

အကြောင်းရှာတော့မှ ဓာတ်လှိုင်းသဘောတွေရဲ့ အားများပုံကို သိရတော့တယ်။ ဒီတော့မှ ပိုယုံတော့တယ် ... စိတ်လှိုင်းနော်။ သူက ဒေါသလှိုင်းကို အပြင်းအထန် လွှတ်တဲ့အချိန် ဘုန်းဘုန်းက ဘုရားပေးတဲ့
ဓာတ်နဲ့ အအေးဓာတ်နဲ့ ခံတဲ့အချိန် သူ့ဆီ အကုန်ပြန်သွားတယ်။ တန်ပြန်အဆ အများကြီး ဝင်သွားတာနော်။ ဒီလောက် ပြင်းထန်လိမ့်မယ်လို့ မထင်မိဘူး ။

ဒီတော့မှ သိတာနော်။ ဒီလိုမှန်း သိရင် ဘုန်းဘုန်း တရားမမှတ်ပါဘူး။
မသိလို့ မှတ်မိတာနော်။ ဒီမှာတင် ဒီလောက်ပြင်းထန်ပါလားဆိုပြီး သံဝေဂရတယ်။ သူက နူတာကို စိန်ဆေးတွေ သောက်တယ်။ နူတာတော့ လျော့သွားတယ်။ ဒါပေမယ့် အဲဒီစိန်ဆေးတွေကြောင့် အူတွေပြတ်ပြီး သေတာပဲ။ ဒါကိုယ်တွေ့ဖြစ်ရပ်နော်။

ဒီတော့မှ ဘုရားဟောက မှန်လိုက်တာလို့ ဥာဏ်ကစားရတာပေါ့။
ဘုရားဟောမှာ ပါတာက ဒီခန္ဓာကိုယ်ကြီးကို အစိုင်အခဲလို့ ဘုရားက မဟောဘူး။ ဓာတ်ရိပ် ဓာတ်ခိုးလို့ ဟောတယ်။

ဓာတ်ခိုးတွေတဲ့ သဘောပေါက်လား, အတုံးအခဲ မယူနဲ့နော်။ ခန္ဓာအိမ်ကြီးဟာ ကံနဲ့ယှဉ်ဖြစ်တယ်ခေါ်တယ်။ အပူဓာတ်အရှိန်နဲ့ ဖြစ်တဲ့ ဓာတ်ရိပ်ဓာတ်ခိုးကျတော့ ညံ့ဖျင်းတယ်။ အရောင်မှိန်တယ်, တန်ခိုးကျတယ်။
အအေးဓာတ် အရှိန်နဲ့ဖြစ်တဲ့ ဓာတ်ရိပ် ဓာတ်ခိုးကျတော့ အရောင်တောက်တယ်, တန်ခိုးကြီးတယ်။

နားလည်ပြီနော်, ဓာတ်ချင်းတိုက်တာ ပိုဆိုးတယ်။ အင်မတန် အအေးဓာတ်ထွက်နေတဲ့ ခန္ဓာအိမ်ကို နှလုံးအိမ်က အပူဓာတ်တွေ လွှတ်လို့ရှိရင် ပြန်ပြေးတာပဲ။ သူလည်းပူတဲ့အပြင် တန်ပြန်လည်း လာပြီ။
အရမ်းလောင်တော့တာပဲ။ ဒါကြောင့် ရုပ်တွေပါ ပျက်စီးကုန်တာလို့ နားလည်ရမယ်။

ဘယ်လောက်ပဲ ကိုယ့်အပေါ် ဆိုးဆိုး သူဆိုးတာသည် သူ့အပိုင်း။
သူမှား သူခံလိမ့်မယ်။ တစ်ပိုင်းစီနော်။

#ကိုယ်က သူ့အကြောင်းကို နှလုံးသွေးပေါ် တင်တွေးရင် ကိုယ်ရှုံးမှာပဲ။

#နှလုံးသွေးပေါ် တင်လိုက်တာနဲ့ သတ္တိကိန်းသွားပြီး

#သူ့အကြောင်းကို ပုံဖော်တဲ့အခါ ပြုံးတဲ့ပုံကို ဖော်နိုင်အောင် ကြိုးစားပါ။

#မဖော်နိုင်ရင် တွေးကို မတွေးနဲ့ ရပ်ထားလိုက်, ကုသိုလ်စိတ်နဲ့ယှဉ်တဲ့ အတွေးဘက်ကို ပြောင်းလိုက်။

သဘောပေါက်လား။
နို့မဟုတ်ရင်တော့ ကိုယ့်ပြန်စူးပြီး လောကဓံအဆိုးကို ခံရလိမ့်မယ်။
ကိုယ်မှားရင် ကိုယ်ပဲ ခံရမယ်နော်။
အအေးဓာတ်ကိုသာ ရအောင်ယူကြပါ။

(ပိုင်းလော့ဆရာတော်ဘုရား ဟောကြားတော်မူသော
ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း တရားတော်မှ)

မေတ္တာဖြင့်
_/\_ _/\_ _/\_
Vimuttirasa (The Flavour Of Liberation)
ကိုသန့် ကြီး~~~

No comments:

Post a Comment