Saturday, December 24, 2016

* သူငယ်ချင်း Robin Thet Naing နှင့် သက်သတ်လွတ်စားခြင်း


၁. သူငယ်ချင်းရေးလာတဲ့ message.
သက်သတ်လွတ်စားတာ ကုသိုလ်ရပါသလား? ဆိုတဲ့ post ကို F.B ပေါ်မှာ တွေ့လို့ပါ။ ကျနော်၏ ဆွေးနွေးချက်ကို ဖတ်ချင်လို့ပါတဲ့။ အတွေးအခေါ်တစ်ခုပေါ့၊ ဝိဝါဒကွဲစရာလေးတွေ စိတ်ဝင်စားလို့ပါလို့ ပြောထားပါတယ်။

၂. အဖြေ။
ရေးထားတဲ့post က အရှင်ဆန္ဒာဓိက၏ " သက်သတ်လွတ်နှင့် ကုသိုလ်စိတ် " မှ ကူးယူဖော်ပြထားတယ်လို့ ယူဆရပါတယ်။ အားလုံးက အမှန်တွေချည်းပါပဲ။ ရေးဟန် က သူနည်းသူ့ဟန်နဲ. ရေးထားသာဖြစ်ပါတယ်။ ကွဲပြားတဲ့အယူအဆ ကျနော့်မှာလည်းမရှိပါဘူး။ အဘိဓမ္မာသဘောအရကလည်း သည်အတိုင်းပါပဲ။ အများသိစေရန် ကျနော်ရေးဟန်နဲ. ထပ်မံတင်ပြလိုက်ရပါတယ်။

၂.၁. ဥပနိဿယ ပစ္စယော။
အစားအစာက လူတစ်ယောက်ကို ကုသိုလ်ဖြစ်အောင်၊ အကုသိုလ်ဖြစ်အောင် အားကြီးသောမှီရာအဖြစ်နဲ. အကျိုးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ ကုသိုလ်စိတ်ဖြစ်အောင်နှလုံးသွင်းပြီးစားရင်း ကုသိုလ်ဖြစ်မယ်။ အကုသိုလ် စိတ်ဖြစ်အောင် ကောင်းလိုက်တာ မကောင်းဘူးလို.နှလုံးသွင်းရင် အကုသိုလ်ဖြစ်မှာက သေချာပါတယ်။

၂.၂. အစားအစာသက်သက်ကြောင့်တော့။
အစားအစာချည်းသက်သက်က ကုသိုလ်လည်းမဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ပါဘူး။ အစားအစာဟာ အစားအစာပါပဲ။ ကုသိုလ် အကုသိုလ်ဆိုတာ စိတ် အစဉ်မှာဖြစ်လာတဲ့ ဇောတွေကို ပြောတာပါ။ စိတ်ထားရင်ထားသလောက် ကုသိုလ် အကုသိုလ်အား ကောင်းကြမှာ ဖြစ်ပါတယ်။
သတိချပ်ရန် - စိတ်သာအဓိကဆိုပြီး ဘုရားကိုပန်းကပ်ရန်မလိုဘူး အမှိုက်ရှုပ်သာ အဖတ်တင်တယ်၊ သစ်သီးအလုံးလိုက်ကပ်လည်းရတယ်လို.ဆိုနေကြပါတယ်။ အစေ့ပါတဲ့အသီး၊ အညွန့်ပါတဲ့ ကန်စွန်းရွက်၊ အဆစ်ပါတဲ့ကြံတွေ လိုမျိုးကို ရဟန်းသံဃာတော်များ ဖျက်စီး ခွင့် မရှိတာကြောင့် အပ်စပ်အောင်ပြုလုပ်ပြီးမှ ကပ်ရပါမယ်။ တနည်း " ကပ္ပိ " တယ်လို့ခေါ်ပ်ါတယ်။ ပန်းကပ်တာလည်း ကုသိုလ်စိတ်နဲ.ကပ်ရင် ကုသိုလ်ရမှာဖြစ်ပါတယ်။

၂.၃. အသားစားရင် အကုသိုလ်ရမယ်။
လူဝတ်ကြောင်များအနေဖြင့် အစွန်း ၃ ပါးလွတ်ရင် ဘယ်အသားငါးမဆို လွတ်လပ် စွာ စားသုံးခွင့်ရှိပါတယ်။ ရဟန်းတော်များမှာတော့ လူ၊ ခွေး၊ မြင်း၊ ဆင်၊ ကျား၊ ကျားသစ်၊ ခြင်္သေ့၊ ဝံ၊ အောင်း၊ မြွေ တို.ရဲ့ အသားမစားရပါဘူး၊ အရိုး၊ အရေ၊ အသွေး၊ အမွေး၊ ဘာကိုမှ အသုံးမပြုကောင်းပါဘူး။ ဆင်စွယ်ပုတီး၊ စပါးကြီးသည်းခြေဆေး သုံးရင် အာပတ် သင့်ပြီး သုံးတိုင်း သုံးတိုင်း အကုသိုလ်တိုးပွားပါတယ်။

၂.၄. ကုသိုလ်၊ အကုသိုလ်ဖြစ်ပုံ။
သက်သတ်လွတ်ပဲဖြစ်ဖြစ်၊ မလွတ်တာပဲဖြစ်ဖြစ် ဘာဝနာပွားပြီးစားရင် ကုသိုလ် ရမယ်။ ကောင်းလိုက်တာ၊ မကောင်းဘူး၊ ငံတယ်၊ ပေါ့တယ် ချေးထူရင် အကုသိုလ် ရမယ်။ ငါက သက်သတ်လွတ်စားနေတာလို့ မော်ကြွားရင် အကုသိုလ်ရမယ် ဖြစ်ပါတယ်။

၂.၅. အစွန်း ၃ ပါး။
မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းတို့ဖြစ်ပါတယ်။ သည်အသားငါးဟာ ငါ့အတွက် ငါစားဖို့ ရည်စူးပြီး သတ်ထားတာကို မြင်ခဲ့ရင်၊ ကြား ခဲ့ရင်၊ ယုံမှားသံသယ ဖြစ်ခဲ့ရင် ပါဏာတိပါတကံထိုက်ပြီး အကုသိုလ်ဖြစ်ပါတယ်။ ရဟန်းသံဃာတော်များမှာတော့ ကံထိုက်ရုံမက ဒုက္ကဋ်အာပတ်ပါ သင့်ပါတယ်။

၂.၆. ဘာသာရေးအလုပ်မဟုတ်။
သက်သတ်လွတ်စားတာသည် ဘာသာရေးအလုပ်မဟုတ်ပါဘူး။ ကုသိုလ် ရကြောင်း တရား ၁၀ ပါးထဲမှာ မပါပါဘူး။

၂.၇. ဆရာတော်ကြိးများ အဆိုအမိန့်။
မိုးကုတ်ဆရာတော်ဘုရားကြီး
- သက်သတ်လွတ်စားနေသူတွေဟာ အတော်ဝဋ်ကြီးတဲ့သူတွေပဲ။

ဓမ္မဒူတ ဆရာတော်ဘုရားကြီး။
- ဝဋ်ကြွေးရှိလို. အငတ်ခံရတာ သနားတော်မူပါတယ်တဲ့။

ဆရာတော် ဦးသီလ။
- ရဟန္တာလို. နံမည်ကြီးတဲ့ ဆရာတော်ဘုရားကြီးက သူနဲ.အတူတူ သက်သက်လွတ် စားမယ် ဆိုတဲ့ ရဟန်းတစ်ပါးကို " သွားနာသက်သာလို့စားနေတာပါ၊ ကုသိုလ်ဖြစ်ကျင့်နေတယ်လို့မထင်ပါနဲ့တဲ့ "

အခြားဆရာတော်ကြီးများ။
- အနာရောဂါနဲ့ ကျန်းမာရေးကြောင့် ဘုဉ်းပေးကြတာပါ။ ကုသိုလ်ရလို့ ဘုဉ်းပေးကြ တာမဟုတ်ပါဘူး။

၂.၈. မြတ်စွာဘုရား၏ ဟောကြားချက်။
- အသားငါး ရှောင်တာသူတော်ကောင်းအကျင့်လို. ယူဆရင် မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်း အာမဂန္ဓသုတ္တန်မှာ ဟောကြားထားပါတယ်။

လေးစားစွားဖြင့်
သန်းဝင်း

No comments:

Post a Comment