ရွာတွင် အသုဘရှိသောအခါ ထိုအိမ်တွင် ဖဲဝိုင်း ထောင်ကြပါသည် ။ အကြောင်းပြချက်မှာ “ မသာစောင့်ရန် ” ဟုဆိုပါသည် (ထိုအလောင်းအား မည်သူခိုးမည် မသိပါ) ။ ထိုကိစ္စသည်လည်း ထုံစံလိုဖြစ်နေကြပါပြီ ။ အဲဒီထုံးစံကို အိမ်မှလာမလုပ်ဖို့ ကျနော်က ပြောတော့ “ မရဘူးလေ သား ရဲ့ ဒါက ရွာရဲ့ထုံးစံပဲ ” လို့ ကျနော့် ဦးလေးက ပြောပါတယ် ။ အဲတော့ အတိုက်အခံမပြောချင်တော့ဘူး တစ်ခုပဲတောင်းဆိုလိုက်ပါတယ် “ အဲဒီ ဖဲသမားတွေ လာရင် သူတို့ရဲ့ ဝေယျာဝစ္စ ကို သားတို့ ဘာမှမလုပ်ပေးနိုင်ဘူး ၊ သူတို့ဆီကလည်း ဘာကျိုးအမြတ်(အကောက်,ကောက်ခြင်း)မှမယူဘူး ” လို့ ပြောလိုက်ပါတယ်။ ကျနော် လူစွာလုပ်တာမဟုတ်ပါဘူး ၊ အဖေကြီး ဆုံးလို့ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတဲ့ အမေနဲ့ ကြီးဒေါ်ကြီး (ကျနော်တို့ လည်း ပါတာပေါ့) စိတ်လက်အေးချမ်းစွာ ၊ နားအေးအေးလေးနဲ့ အိပ်စေချင်တဲ့ အတွက်ကြောင့်ပါ ။ နောက် . . . အိမ်ရှေ့က မြေကွက်လပ်ထဲမှာ တဲထိုး အမိုး,မိုးပေးရတယ် (ပြောကြည်သေးတယ် မရပါဘူး) သိပ်မကြာပါဘူး ညကြတော့ ကျနော် အဲဒီထုံးစံကို ကောင်းကောင်းသိသွားတယ် ခင်ဗျာ . . အဲဒါ ဖဲသမားတွေ ဖဲရိုက်ရင် မိုးလေ လုံအောင် လုပ်ပေးထားတာကိုး ။ ကျနော့်စိတ်ထဲတော့ တွေးမိလိုက်တယ် အဲဒါ “ ဖဲသမားအတွက်ထုံးစံ ” ပဲဖြစ်မယ်လို့ ။
ကျနော့်အဖေကြီး ဆုံးပြီး ဒုတိယမြောက်နေ့တွင် ကျနော့်ဆံပင်တွေ ညစ်ပေနေသောကြောင့် ကျနော် ခေါင်းလျှော်ပါသည် ၊ ထိုအချိန်တွင် အိမ်နားမှ အဒေါ်တစ်ယောက်က တွေ့၍
“ ကိုရဲ ၊ သား နင်ခေါင်းတွေလျှော်နေတယ် ဟုတ်လား ၊ အဲဒါမလုပ်ရဘူး အော် ဒုက္ခတွေတော့ ရောက်ကုန်တော့မယ် ” တဲ့
“ ဗျာ . . . သား ခေါင်းလျှော်တာ ဘာဒုက္ခရောက်မှာလဲ ” လို့ မေးတော့
“ နင် တကယ်မသိဘူးလား ကိုရဲ ” တဲ့
“ ဟုတ်ကဲ့ တကယ်မသိဘူး ၊ ဘာဖြစ်လို့လဲ အန်တီ ” လို့ မေးတော့
“ အိမ်မှာ အသုဘ ရှိရင် အဲဒီအသုဘ မြေမချမချင်း အိမ်က လူတွေ ဘယ်သူမှ ခေါင်းမလျှော်ရဘူး ၊ အဲလိုလျှော်ရင် သေတဲ့သူရဲ့ အထက်က အကြီးတွေ (အဖေဆုံးတာဆိုတော့ အဖေ့ရဲ့အထက်က အစ်ကိုတွေ အစ်မတွေ) သေတက်တယ် ” တဲ့ ခင်ဗျ . . .
ကျနော်လည်း ပါးစပ်က ထွက်သွားတယ်
“ ဟာ . . . ဒါဆို ကြီးမေကြီးတော့ ဒုက္ခပဲ” လို့ ပြောတော့ . . .
“ ရပါတယ်တဲ့ သားက တကယ်မသိလို လျှော်မိတာပဲ ” တဲ့ အော် . . . အဲလိုလည်း ရသားပဲလား လို့ စိတ်ထဲက တွေးမိပါတယ် ။
ခုချိန်ထိတော့ အဖေနဲ့ အတူနေခဲ့တဲ့ အဖေ့ရဲ့ အစ်မကြီး (ကျနော့် ကြီးဒေါ်ကြီး) က တော့ ကျန်းမာစွာ ရှိနေသေးပါတယ် ။
နောက် . . . အဘိုး ၊ အဘွားတွေ လက်ထက်ကတည်းက ဘာမှန်းညာမှန်းမသိ ၊ သေသေချာချာ မလေ့လာဘဲ ကိုးကွယ်ခဲ့ကြသော အိမ်တွင်းမောင်နှစ်မအား တင်ထားသော အုန်းပွဲ ၊ ငှက်ပျောပွဲ ကိုလည်း ကြီးတော်ကြီး က
“ စွန့်ပစ်ရတယ် ၊ မထားရဘူး ၊ အသုဘပြီးမှ အုန်းပွဲ ၊ ငှက်ပျောပွဲ အသစ်ပြန်တင်ရတယ် ။ အိမ်တွင်းမောင်နှစ်မရှေ့က လိုက်ကာကိုလည်း ပိတ်ထားရတယ်” လို့ပြောပါတယ် ။ ကျနော်က ဘယ်ဖြစ်လို့လဲ လို့ မေးတော့ “ သားအဖေ အိမ်ထဲဝင်လို့ရအောင်လို့ ” တဲ့ မှတ်သားစရာပါပဲ ။ ဘယ်သူက အိမ်ကိုစောင့်ပြီး ဘယ်သူက အိမ်ထဲဝင်မှာလဲတော့ မမေးတော့ဘူး (မေးလည်း သိမှာမဟုတ်ဘူးလေ)။
အဖေကြီး ၏ အလောင်းအား အိမ်တွင် သုံးရက်ထားပြီး အသုဘချပါသည် ။ ထိုနေ့တွင်လည်း ဘာမှန်းမသိသော ကိစ္စများထပ်တွေ့ရပါသည်။ အဖေ့အလောင်းအား မြေတွင်းထဲမမြှုပ်ခင် ခုနှစ်ပတ်လှည့်ပါသည် ။ ဘာလုပ်မှန်းမသိပါ ။ထို့နောက် အလောင်းအား မြေတွင်းထဲ ထည့်ပြီးသောအခါ အပေါ်မှနေ၍ အုန်းသီးအားခွဲ၍ ထိုအုန်းရည်အား အဖေ့အလောင်း၏မျက်နှာပေါ်သို့ လောင်းချပါသည် ။ ထိုကိစ္စသည်လည်း ဘယ်အတွက်မှန်း ၊ ဘာကြောင့်မှန်းမသိပါ ။ အိမ်ပြန်ရောက်တဲ့အခါ လူကြီးတွေကို မေးကြည့်ပါသည် ။ မည်သူမှ သေသေချာချာ တိတိပပ မဖြေနိုင်ကြပါဘူး ခင်ဗျာ ။ စိတ်ထဲ ထင်တာတွေ မှန်းပြီး ကျနော့်ကို ပြောကြပါတယ် ။ ကျနော်တို့ ခေတ်စကားနဲ့ ပြောရရင် “ဖောတယ်” ပေါ့ ။
ထို့ထက်ပို၍ ဆိုးသော အချက်ရှိပါသေးသည် ။ သပြေတစ်ခက်ကို သင်္ချိုင်းမှ ယူလာ၍ အိမ်၏ မျက်နှာစာတွင် ထိုသပြေခက်အားထိုးထားပါသည်။ ဘာလုပ်တာလဲဟုမေးသောအခါ “ သားတို့အဖေရဲ့ ၀ိညာဉ်ကို ခေါ်လာတာ ၊ ရက်လည်တဲ့နေ့ တရားနားတဲ့အခါ အိမ်မှာရှိနေအောင် ” တဲ့ . . . ဒါကတော့ တော်တော်လေးကို မှားနေပြီလို့ စိတ်ထဲက တွေးမိလိုက်ပါတယ် ။ တကယ်လည်း မှားနေတဲ့အယူအဆပါ ။ ဒါက လူတော်တော်များများ စွဲနေတဲ့ အယူပဲခင်ဗျာ ။
ထိုကဲ့သို့ ခုနှစ်ရက်အတွင်း သေသူ၏ ၀ိဥာဉ်သည် အိမ်တွင်း၌ပင်ရှိသည်ဟု အယူရှိသူတွေကလည်း အများအပြားပင် ရှိပါသည် ။
အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘိုးတော်မင်းတရားလက်ထက် မုနိန္ဒာဘိလင်္ကာရ သဒ္ဓမ္မဓဇသာမိ မဟာဓမ္မရာဇ ဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လှူဒါန်းခြင်းခံရသော စတုဂီရိ ဆရာတော်ဘုရားကြီး ၏ အဆုံးအမကို သတိထင်ထင် ဆင်ခြင်အပ်ပေသည်။
“ လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည် ။ သေပြီးလျက် အစာလာ၍ စားဦးမည်ဟု ခွက်နှင့်ထမင်းကို အလောင်းအပါးတွင် တည်ထားကြသည်။ သေသော စုတိစိတ် အဆုံး၌ ပဠိသန္ဓေစိတ်ဖြစ်၍ ဘ၀ခြားလေပြီဖြစ်လျက် အိမ်မှာ ခုနှစ်ရက်နေခြင်း စသည်ကို အဘယ်သို့ ပြုနိုင်ရှာအံ့နည်း ။ ပစ္စုပ္ပန် ဘ၀အဆုံးသေခြင်း ၊ စုတိစိတ်ဖြစ်၍ ချုပ်သည်၏အခြားမဲ့၌ ပဠိသန္ဓေစိတ် ဖြစ်မြဲဖြစ်သည် ။ သေခြင်း စုတိစိတ်နှင့် ပဠိသန္ဓေစိတ် အကြားမရှိ ။ ထို့ကြောင့် သေပြီးသောအသက်ဝိညာဉ်သည် အိမ်တွင်း ခုနှစ်ရက်နေပြီးမှ ဘ၀တစ်ပါးသို့ သွားသည်ဟူသော မှားသောအယူကို စွန့်ကုန်ရာ၏ ။ မစွန့်မူ၍ အမြဲယူပါက နိယတ မိစ္ဆာဒိဋ္ဌိ ဖြစ်ရာ၏ ” ဟု့ ဆုံးမတော်မူထားပါသည် ။ ကျနော် ဖက်၊ မှတ်ဖူးသော ထေရ၀ါဒ စာပေများတွင်လည်း အထက်ပါ အယူအစွဲများ တစ်ခါတစ်ရံမျှပင် မတွေ့ခဲ့ဘူးပါ ။ တွေ့ဖူးသောသူများရှိလျှင်လည်း ကျနော့်ကို ညွှန်းကြပါခင်ဗျာ ။
ထိုကဲ့သို့ ဘယ်အချိန်က စခဲ့မှန်းမသိသော ၊ ဘာကြောင့်မှန်းမသိသော ၊ အယူသီးသော ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမပြူသော အယူမှား ၊ အစွဲမှားသော အလေ့အထများ ၊ ကိစ္စရပ်များကို အသုဘထုံးစံထဲ ထည့်ထားခဲ့ကြတာ စိတ်မကောင်းစရာပါ ။ ထိုကိစ္စများ အလေ့အထများကို နောက်လူများကလည်း ဂဃနဏ မသိဘဲ လိုက်လုပ်နေကြတာဟာ အလဟဿ ငွေကုန် လူပန်း အချိန်တွေကုန် ပြီး ဘယ်သူ့အတွက်မှလည်း အကျိုးမဖြစ်ထွန်းစေပါဘူးလို့ပဲ ကျနော်ကတော့ ထင်ပါတယ် ။ မှားနေရင်လည်း ပြင်ပေးကြပါခင်ဗျာ ။ အထက်က အယူအဆများကို ဗုဒ္ဓဘာသာ စာပေကျန်းဂန်တွေထဲမှာ တွေ့ခဲ့ရင်လည်း ကျနော့်ကို ပြောပြကြပါ ။ ရိုသေစွာမှတ်သား ပါ့မယ် ။ အထက်က အယူများ ၊ ဓလေ့ထုံးတမ်းများ ကို အရိုးစွဲနေသော လူကြီးသူမများကို ကျနော်အနေဖြင့် ဘာမှမပြောလိုပါ။ သို့ပေမယ့် ကျနော်တို့ လူငယ်များ နောင်လာနောက်သားများအနေဖြင့် သေသေချာချာ ဂဃနဏ လေ့လာ၍ စဉ်းစား ဆင်ခြင်ကြည့်စေချင်ပါသည် ။
မြတ်ဗုဒ္ဓက ကျွန်ုပ်တို့အား
“ ဤအရာကား ငါတို့၏ ရိုးရာထုံစံရှိသည်ဆိုကာမျှဖြင့်လည်း မှန်သည်ဟု့မယုံကြည်ကြကုန်လင့်” ဟု ဆုံးမတော်မူခဲ့ပါသည် ။
“ သင်တို့သည် ထိုထုံးတမ်းစဉ်လာဟူသမျှကို စမ်းသပ် စစ်ဆေးကြည့်ရမယ် ။
အကယ်၍ ထိုဓလေ့ ထုံးစံများသည်ယုတ္တိရှိသည် ဖြစ်၍
မိမိအတွက် သော်လည်းကောင်း ၊ သူတစ်ပါးအတွက်သော်လည်းကောင်း
ကောင်းကျိုးလည်း ရှိသည်ဖြစ်၍
ပျော်ရွှင်ခြင်း သုခကိုလည်း ပေးသည် မှန်မူကား
ထိုဓလေ့ ထုံးစံများကို လက်ခံ၍
ကျင့်သုံးကြရမည် ဖြစ်တယ် ” ဟု့ ကာလာမသုတ် မှာ ဟောတော်မူခဲ့ပါသည်။
ထို့ကြောင့် ကျနော်တို့သည် အထက်ပါ အသုဘဓလေ့ထုံးအမှားများကို သေသေချာချာ စမ်းသပ်စစ်ဆေးကြည့်ရမည် ၊ မှားနေလျှင်ပြင်ကြ၍ အမှန်ကို ပြုလုပ်သင့်ကြောင်းကိုလည်း
အရှင်သေဋ္ဌိလာဘိဝံသ ဆရာတော်ဘုရားကြီးက အောက်ပါခဲယဉ်းခြင်းလေးမျိုးကို ဟောကြားဆုံးမတော်မူခဲ့ပါသည် ။
”အမှားအမှန်ကို တိကျစွာ သိရန်ခဲယဉ်း၏ ။
အမှားအမှန်ကို စိစစ်ခဲ၏ ။
အမှားအမှန်ကို ဝေဖန်ပိုင်းခြား၍ ပြောခဲ၏ ။
အမှားကိုပယ်၍ အမှန်ကိုပြုလုပ်ခဲ၏။
ထိုခဲယဉ်းခြင်း လေးမျိုးတို့မှ လွတ်မြောက်အောင် အထူးအားထုတ်သင့်၏ ” ဟု့ ဆုံးမတော်မူခဲ့ပါကြောင်း စေတနာ သက်သက်ဖြင့်ပြောကြားရင်း ဓလေ့ထုံးအမှားများ နှင့် ခဲယဉ်းခြင်းလေးမျိုးတို့မှ လွတ်မြောက်အောင် ကြိုးစားကြပါစို့ ဟု လူငယ်ထု တစ်ရပ်လုံးကို တိုက်တွန်း နှိုးဆော်လိုက်ပါသည် . . . . .
ဒီနေရာမှာ ဖက်ပြီးတော့ နည်းနည်း မေးချင်စရာတွေရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်
“မောင်ရင် က သူများတွေကိုတော့ တိုက်တွန်းပြီးတော့ မောင်ရင်ကရော ဘာတွေလုပ်ခဲ့သလဲ ” လို့ မေးချင်စရာ ရှိရင် ရှိပါလိမ့်မယ် ။
အဲဒီထုံးစံ (ကျနော်တို့ရွာရဲ့ ထုံးစံ)တွေထဲကမှ ပြန်တွေးတိုင်း ပီတိဖြစ်ရတဲ့ ၊ ကျနော်တို့မိသားစု ခွဲထွက်ပြီး လုပ်ခဲ့တဲ့ ထုံးစံတချို့ကို ပြောပြချင်ပါတယ် ။
ကျနော် လက်လှမ်းမီသလောက် ပြောရရင် ကျနော်တို့ရွာမှာ ဘသုဘရှိရင် အသုဘကို ငါးရက် (သို့) ခုနှစ်ရက် ထားကြပါတယ်။
ကျနော့် အဖေကြီး အသုဘကို ကျနော်တို့ မိသားစုအိမ်မှာ သုံးရက်ပဲ ထားပါတယ် ။ အကြောင်းကတော့ အဖေကြီးရဲ့ အလောင်းကို ကြည့်ပြီး ကျနော့်တို့ အမေ စိတ်ဆင်းရဲပြီး ငိုနေမှာစိုးလို့ပါ ။ ကြာရင်အမေလည်း သွေးတိုးရှိတော့ ဒုက္ခ ဖြစ်နိုင်တယ် ခင်ဗျ ။ နောက်တစ်ခုက ကြာကြာထားရင် တစ်ခြားသူတွေလည်း စိတ်အနှောက်အယှက်ဖြစ်နိုင်တယ် ။ အဖေ့ အလောင်းကို မြင်ပြီး တရားနှလုံးသွင်းကြမယ့် သူတော်ကောင်းတွေအတွက် လည်း သုံးရက်ဆို လုံလောက်မယ်ထင်ပါတယ် ။
နောက်တစ်ခုက . . ရွာမှာ အသုဘချတဲ့နေ့ဆိုရင် လာရောက်ကြတဲ့ ဆွေမျိုး ၊ မိတ်သင်္ဂဟများက မိမိတို့ စွမ်းနိုင်သလောက် နာရေးအတွက် စေတနာ ရှေ့ထားကာ ကူငွေထည့်ပြီး ထောက်ပံ့ကြပါတယ် ။ ထိုကဲသို့ပင် ရောက်လာကြသော ဆွေမျိုး ၊ မိတ်သင်္ဂဟများကိုလည်း မြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း ထိုအသုဘအိမ်မှ မိမိတို့ စွမ်းနိုင်သမျှသော အကျွေးအမွေးများဖြင့် ပြန်၍ ဧည့်ဝတ်ပြုကြပါသည် ။ ဤကိစ္စသည် အင်မတန်နှစ်သက်ဖွယ်ကောင်းသော မြန်မာလူမျိုးတို့၏ စေတနာပင် ဖြစ်ပါသည်။ ထိုကိစ္စအား ကျနော့်အနေဖြင့် လုံးဝ,လုံးဝ မဝေဖန်ပါ မကန့်ကွက်ပါ ။ ပြောစရာအကြောင်းလည်း မရှိပါဘူးခင်ဗျာ ။ ရွာရဲ့ ထုံးစံကို ပြောပြချင်တာပါ။
အဖေကြီး အသုဘကို သုံးရက်ပြည့်သော နေ့တွင် အသုဘချပါသည် ။ ထိုနေ့တွင်လာရောက်ကြသော ဆွေမျိုး ၊ မိတ်သင်္ဂဟများကို ကျနော်တို့ တက်နိုင်သော လက်ဖက် ၊ ကော်ဖီ နှင့် မုန့် ဧည့်ခံပါသည် ။ အကြောင်းမှာ ထိုဧည့်သည်များကို ချက်ပြုတ်၊ကျွေးမွေးဖို့ရန် စီစဉ်လျှင် ငွေကြေးအတော် ကုန်ကျပါလိမ့်မည်။ ကျနော်တို့ ညီအစ်ကို သုံးယောက်အနေဖြင့် မတက်နိုင်ပါ။ ဘယ်သူ့ကိုမှလည်း ဒုက္ခထပ်မပေးချင်ပါ ။ ထိုကိစ္စများကြောင့် အချိန်ကုန် ၊ ငွေကုန် ၊ လူပန်း မှာကတော့ အသေအချာပါပဲ။ အစဉ်မပြောသော ကိစ္စရှိလာပါကလည်း အပြစ်ပြောကြအုံးမှာပါ ။ ရွာဓလေ့ဆိုတော့ သောက်ကြ ၊ စားကြနဲ့ စိတ်ညစ်စရာတွေ ထပ်တွေ့အုံးမှာပါ ။ အဲဒီတော့ ကျနော်တို့ တက်နိုင်တာလေးနဲ့ပဲ ဧည့်ခံလိုက်ပါတယ် ။ တစ်ခြားအကျိုးကျေးဇူးတွေတော့ မသိဘူးခင်ဗျာ ၊
လောလောဆယ်တော့ လူလည်း မပင်ပန်းဘူး ၊ ငွေလည်း မကုန်ဘူး ၊ စိတ်လည်းမညစ်ရဘူး ၊ အလုပ်လည်း မရှုပ်ဘူး ၊ အပြစ်လည်း အပြောမခံရဘူး ခင်ဗျာ ။
အဲဒီနေ့မှာ နောက်ထုံးစံတစ်ခုက ကူငွေထည့်ကြပါတယ် ၊ လက်ခံကြတယ်ခင်ဗျ ။ အဖေကြီး အသုဘချတဲ့နေ့မှာ ကျနော်တို့မိသားစု ကူငွေကို လက်မခံပါဘူး ခင်ဗျာ ။ ထိုသူတို့ရဲ့ စေတနာကို လက်မခံခြင်း ၊ အသိအမှတ်မပြုခြင်း ၊ စော်ကားခြင်းမဟုတ်ပါ ။ အကြောင်းမှာ ထိုကိစ္စများကို ဆောင်ရွက်ဖို့အတွက်လည်း သူများကို အလုပ်မများစေချင် တာရယ် သူများတွေလို ကြီးကြီးမားမား ပြန်လည်ဧည့်ဝတ်မပြုနိုင်တဲ့ အတွက်ကြောင့် ကျနော်တို့ ကူငွေကို လက်မခံခဲ့ပါဘူး ။
တစ်ချို့လည်း မရ,ရအောင် ကူကြပါတယ် ၊ တစ်ချို့လည်း ညင်းလို့ မရတဲ့ပုဂ္ဂိုလ်မျိုးတွေ ရှိပါတယ် (ကျနော့် ရုံးက အလုပ်ရှင်နဲ့ အထက်က လူကြီးတွေ ) ၊ တစ်ချို့လည်း မကူရလို့ စိတ်မကောင်း ဖြစ်တာ ၊ မကျေမနပ်ဖြစ်တာ တွေလည်း ရှိပါတယ် ။
အဲဒါတွေ အားလုံး အစဉ်ပြေမယ့် အစီအစဉ်တစ်ခုကို ကျနော်ပြောပြလိုက်ပါတယ် ။ အားလုံးက ကျေကျေနပ်နပ် လက်ခံကြပါတယ်။
ဒီလိုပါ . . . အဖေကြီး ရက်လည်တဲ့နေ့ရောက်ရင် အိမ်မှာ သံဃာတော် ငါးပါးပင့်ပြီး ရက်လည်တရားပွဲလေး လုပ်ပါမယ် ။
အဲဒီနေ့မှာ သံဃာတော်များအတွက် သင်္ကန်း ပရိက္ခရာ ရှစ်ပါး ၊ ၀တ္ထုငွေ နှင့် အခြားလှူဖွယ် ပစ္စည်းများကို လှူဒါန်းပါမယ်။ ဒီနေ့ ကူထားတဲ့ ငွေများကိုလည်း ထိုတရားပွဲနေ့အတွက် လှူဖွယ်ပစ္စည်းများ ၀ယ်တဲ့အခါ ထည့်သုံးပါမယ် ။ ပိုသေးရင်လည်း သံဃာတော်များအား လှူတဲ့ထဲ အကုန်ထည့်လှူပါမယ် ။ မကူလိုက်ရတဲ့သူများလည်း ထိုရက်လည်တရားပွဲနေ့ ရောက်တဲ့အခါ တရားပွဲရှေ့မှာ သံဃာတော်များအတွက် ရည်မှန်းပြီး ဖလားတစ်လုံး ချပေးထားပါမယ် အဲဒီ ဖလားထဲကို အလှူငွေထည့်နိုင်ပါတယ် ။ သံဃာတော်တွေအတွက်လည်း တစ်ခြားသော လှူဖွယ်ပစ္စည်းတို့ကို လှူချင်လည်း လှူနိုင်ပါတယ် လို့ ပြောပြထားပါတယ် ။ ထိုကဲ့သို့ ပြုလုပ်တာဟာ အားလုံးအတွက် အကျိုးများမှာပါ ။ ကျနော်တို့ မိသားစုကို ကူရာလည်း ရောက်သလို သံဃာတော်တွေကိုလည်း ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းခွင့် ရတဲ့အတွက် အားလုံးက ကျေနပ်လက်ခံကြပါတယ် ။
အဖေကြီးရက်လည် တဲ့နေ့ တရားပွဲကတော့ ပြန်တွေးတိုင်း ပီတိဖြစ်ရပါတယ် ။ ထိုနေ့က တရားနာလာကြသော ပရိတ်သက်အပေါင်းက မိမိတို့ တက်အားသရွေ့ လှူဒါန်းကြပါတယ် ။ တစ်ချို့လည်း သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုများ ၊ တစ်ချို့လည်း ကျနော်တို့ မိသားစုအား ကူမည့် ငွေအား ကျနော့်လက်ထဲ ထည့်ပြီး “သားရေ သံဃာတော်တွေ လှူမယ့် ထဲ ထည့်ပေးပါအုံး ” ဆိုပြီး ကျနော့်လက်ထဲ ထည့်ကြပါတယ် ။ ကျနော်လည်း တစ်ခါတည်း ထည့်ပေးပါတယ် ။ တစ်ချို့လည်း ကိုယ်တိုင်ပဲ ဖလားထဲ ထည့်ကြပါတယ် ။ ထို့နေ တရားပွဲလေးကတော့ ပြန်တွေးတိုင်း ကျနော့်အနေနဲ့ ပီတိဖြစ်ရပါတယ် ။ ၀မ်းလည်းသာမိပါတယ်။ လာရောက်ကြတဲ့ သူတွေလည်း ပီတိဖြစ်ကြမယ်ထင်ပါတယ် ။ ဒါဟာ အားလုံးအတွက် အကျိုးများတဲ့ ကိစ္စပါ ။ ကွယ်လွန်သွားသော ဖခင်ကြီးအတွက်လည်း အားလုံးက ဆုပေါင်းပြီး လှူတဲ့အတွက် အကျိုးများနိုင်ပါတယ် ။ ကျနော်တို့ မိသားစုကို လည်း ကူရာရောက်ပါတယ်။ သံဃာတော်အရှင်သူမြတ်များအားလည်း ကျနော်တို့ မိသားစုလေး တစ်စုပဲ လှူလိုက်ရတာထက် အားလုံးက စုပေါင်းပြီး လှူဒါန်းကြတဲ့အတွက် ပိုပြီး ပြည့်စုံပါလိမ့်မယ် ။ အဲဒီလို လုပ်လိုက်တဲ့အတွက် အားလုံးက ကျေကျေ နပ်နပ် သာဓု ခေါ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျနော့်အနေနဲ့ ပြောရရင် ရက်လည်တရားပွဲကို ဒီလို ဆုပေါင်းပြီး လုပ်တာဟာ အားလုံးအတွက် ပိုပြီး အကျိုးများပါလိမ့်မယ် လို့ ထင်မြင် ယူဆမိပါကြောင်း . . . . .
ရဲဝင်းထွန်း
July 13, 2011
11:56 AM
ဆရာတော်ကြီးမိန်ဆိုမှုအရဆိုလျှင် ပရလောကဆိုတာမှရှိဘူးဆိုတဲ့သဘောပေါ့၊ ရုပ်နဲ့နာမ်အမြဲတွဲနေတယ်လို့ဆိုတဲ့သဘောတရားလား။
ReplyDeleteဆရာတော်ကြီးမိန်ဆိုမှုအရဆိုလျှင် ပရလောကဆိုတာမှရှိဘူးဆိုတဲ့သဘောပေါ့၊ ရုပ်နဲ့နာမ်အမြဲတွဲနေတယ်လို့ဆိုတဲ့သဘောတရားလား။
ReplyDelete