Friday, January 20, 2012

မှတ်သားစရာ တရား အပိုင်းအစလေးများ (5)

" မျိုးစေ့ရှိလျှင် အပင်ပေါက်မြဲမဟုတ်လား မောင်စိန်ရဲ့ .. "

" မှန်ပါ .. ပေါက်မြဲပါဘုရား " ....

" အေး .. ဒီလိုပေါ့ .. ကံကြမ္မာရှိရင်လည်း ခန္ဓာဆိုတာအမြဲပဲ ၊ ကံကြမ္မာက မျိုးစေ့နှင့်တူတယ် .. ခန္ဓာကအပင်နှင့်တူတယ် .. ၊ ကံကြမ္မာဆိုတာ စေတနာကိုဆိုတာကွဲ့  .. ၊ ဒီစေတနာထားပုံဟန် ရင် ခန္ဓာဖြစ်ရာမှာ ဟန်တာပဲ ၊ စေတနာ ထားပုံမဟန်ရင် ခန္ဓာဖြစ်ရာမှာ မဟန်ဖြစ်တာပေါ့ ၊ ဓာတ်ပုံရိုက်တဲ့အခါ အနေအထိုင်စောင်းရင် အရုပ်ဟာ ဘယ့်နှယ့်နေမလဲ မောင်စိန်ရဲ့ ... "

" အနေစောင်းရင် ပုံလဲစောင်းပါတယ် ဘုရား .. "

" အဲ့ဒီ့လိုပေါ့ .. စေတနာထားပုံဟန်ရင် ခန္ဓာဖြစ်ပုံလည်း ဟန်တာပေါ့ .. စေတနာထားပုံ ဟန်ဖို့ကလဲ ဥာဏ်ယှဉ်မှ ဟန်သကွဲ့  .. ဥာဏ်မယှဉ်ရင်မဟန်ဘူး .. များသောအားဖြင့် သတ္တ၀ါ တွေ ထားကြတဲ့ စေတနာဟာ ဥာဏ်မယှဉ်ပဲ ထုံးစံအရ ထားကြတဲ့ စေတနာကများတယ် .. ထုံးစံအရသာများပုံကို ပြောပါအုန်းမယ် ...မောင်စိန် မန္တလေးကိုရောက်ဖူးသလား ... "

" ရောက်ဖူးရုံဘယ်ကမလဲ မဟာမြတ်မုနိဘုရားမှာတောင် ရွှေချခဲ့သေးတယ်ဘုရား .. "

" အဲ့ဒီ့စေတနာဟာ ဥာဏ်မယှဉ်တဲ့စေတနာပေါ့ကွဲ့  မောင်စိန်ရဲ့ ... .. ရုပ်ပွားဆင်းတုဆိုတာ
( ၃၂ ) ပါးသော လက္ခဏာတော်ကြီး ကို ရုပ်လုံးဖော်ပြီး လှနိုင်သမျှလှအောင် လုပ်ရတာမျိုးကွဲ့  .. ရွှေမရှိတဲ့ ရုပ်ပွားဆင်းတုကို တင့်တယ်အောင် ရွှေချတာကိုသာ ချီးမွမ်းစရာ ရှိတယ် .. ယခု မဟာမြတ်မုနိ ရုပ်ပွားဆင်းတုတော်ကြီးမှာ မင်းတို့လိုအမှိုက်တွေက ၀ိုင်းအုံပြီး အရုပ်မဆိုးဆိုး အောင် လုပ်ကြတာနဲ့ ရုပ်ပွားကြီးဟာ ဘယ်မှာ တင့်တယ်တော့လို့လဲ .. လက်ချောင်းတွေဆိုတာ ဘုရားလက်နဲ့တူဖို့ဝေးစွ .. တောင်သူလယ်သမားကြီးတွေရဲ့ လက်လောက်တောင် မလှဘူး .. .. ဒူးကြီးကလဲ ဖောတဲ့လူရဲ့ ဒူးကြီးနဲ့သာ တူနေပါပေါ့ကလား ... ၊ ကိုယ်လုံးကလဲ ငါးကြင်းကြေး ကွက်တွေ ထနေတဲ့အပြင် အဖုတွေ အပိန့်တွေ ထနေပြီး .. မျက်နှာကလွဲရင် ဘယ်နေမှ ကြည့် လို့ကြည်ညိုစရာမရှိသည့်အပြင် .. ကြောက်စရာကြီးဖြစ်နေပါပေါ့လားမောင်စိန်ရဲ့ ... "

" ဒါလည်း ဘုရားလူကြီးတွေက ခွင့်ပေးတာကိုးဘုရား ... "

" ဘုရားလူကြီးဖြစ်တိုင်းလည်း ဥာဏ်ရှိတာမဟုတ်ဘူး ကွယ့် .. ။ မဲပေးတဲ့ သူတွေက ဥာဏ်ရှိသူ များမှ ပညာရှိသော ဘုရားလူကြီးကိုရမှာ .. ။ မဲဆန္ဒရှင်တွေကလည်း ..အမိုက်သားများတယ် .. ၊ အဲ့ဒီ့အမိုက်တွေကို သင့်မြတ်အောင်ပေါင်းနိုင်မှမဲနိုင်တာဆိုတော့ အမိုက်ကြီးတွေကသာမဲနိုင်တတ်တယ် .. သို့သော် ..မဲနိုင်တိုင်းလဲအမိုက်တော့မဟုတ်ပါဘူး .. ။
များသောအားဖြင့် ပြောရတာသာ ဖြစ်ပါတယ် ...။ ရွှေတိဂုံ ဘုရားလူကြီးတွေကျတော့ ချီးမွမ်းစရာပါပဲ .. ဘာကြောင့်လဲဆိုတော့ ရွှေကိုထင်သလို ချခွင့်မပေးဘူး .. ရွှေဆိုင်းတွေကို
သာလက်ခံပြီး ရွှေပြားခတ်ပြီး စေတီမှာ ကပ်ထားလေတော့ သိပ်ပြီးကြည်ညိုစရာ ကောင်းတာ ပဲ မောင်စိန်ရဲ့ .. "

" မှန်ပါ .. ကောင်းတာကို ချီးမွမ်းပြီး မကောင်းတာကို ကဲ့ရဲ့တာဟာ တရားပါတယ် ဘုရား .. "

" အိုးထိန်းသည် ဟာ အိုးကိုရိုက်တာ လှအောင်ရိုက်တာလား ကွဲအောင်ရိုက်တာလား "

" လှအောင်ရိုက်တာပါ ဘုရား .. "

" အေး .. ဆရာကလဲ ကဲ့ရဲ့ပေမယ့် ဥာဏ်ရှိစေချင်တဲ့ စေတနာနဲ့ လှအောင် ရိုက်ပေးတာပဲ .. အကျိုးပေးတာက မိမိစေတနာကသာ မိမိကို ပြန်ပေးတာပဲ .. ၊ ရုပ်ပွားဆိုတာက အာရုံပြုဖို့သာ ဖြစ်တယ် .. ရုပ်ပွားဆင်းတုကိုမြင်သောအခါ တစ်ထောင့်ငါးရာကိလေသာတွေကို ဆရာမရှိ
ကိုယ်တိုင်သိသောဥာဏ်ဖြင့် တစ်ခုမကျန် အကုန်သတ်လျက် ကိလေသာဘေးမှ အအေးကြီး အေးတော်မူသော မြတ်စွာဘုရားသည် ဤပုံသဏ္ဍာန်ပါကလား လို့ အရဟံ ဂုဏ်တော်ကြီးကို အာရုံပြုပြီး ကြည်ညိုစိတ်တွေ ဖြစ်လိုက်ရင် ခန္ဓာကိုယ်မှာ အလွန်အေးမြသော စေတနာမျိုးစေ့ တွေ တဖွားဖွားဖြစ်လာတယ် .. ၊ အဲ့ဒီ့စေတနာမျိုးစေ့တွေက ကောင်းကျိုးတွေကို တစ်ခုပြီးတစ်ခု ဖြစ်စေတာကွဲ့  မောင်စိန်ရဲ့ .. "

" မှန်ပါဘုရား .. "

ကျေးဇူးတော်ရှင် နမ္မားဆရာတော်ကြီး အရှင်ဥာဏ ဧ။် .. နိဗ္ဖာန်ကိုသွား ဥာဏ်ရထား စာအုပ်မှ ဘုန်းဘုန်း ရှင်ဇ၀နမှ ထပ်ဆင့်ကူးယူပူဇော်ထားသော တရားတော်ဖြစ်ပါသည်ရှင်

************************************************************************


ဆရာ ( ၂ ) မျိုး

" မိမိပတ်ဝန်းကျင်တွင် လူကောင်းလည်းရှိဧ။် ... လူဆိုးလည်းရှိဧ။် ... ကြည့်တတ် မြင်တတ်လျှင် လူကောင်းလည်း မိမိဆရာဖြစ်သလို လူဆိုးလည်း မိမိဆရာဖြစ်နိုင်ဧ။်.....
အကျင့်ကောင်းသော လူတစ်ယောက်ကိုတွေ့ လျှင် မိမိလည်း အကျင့်ကောင်းကို လိုက်ကျင့်ရဧ။် ...ထိုအကျင့်ကောင်းသောသူသည် မိမိကို အကျင့်ကောင်းကျင့်ဖြစ်အောင်သင်ပြ ပေးသော ဆရာဖြစ်သွားဧ။် ...."
ထို့အတူ ..
" အကျင့်မကောင်းသော လူတစ်ယောက်ကိုတွေ့ လျှင် ထိုအကျင့်မျိုး မိမိသန္တာန်တွင် မဖြစ်အောင်ရှောင်ကြဉ်ရဧ။် ... ။ ထိုအခါ အကျင့်မကောင်းသောသူသည် မိမိကို အကျင့်ဆိုးမှ ရှောင်ကြဉ်အောင် သင်ပြပေးသော ဆရာဖြစ်သွားဧ။် ... "

ရှင်ဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ )

************************************************************************


အင်အားအကြီးဆုံးအရာ

အကုသိုလ်တွေထဲမှာ ဘယ်အကုသိုလ်က အင်အားအကြီးဆုံးလို့ ကြားဖူးသလဲ ... ။

( မိစ္ဆာဒိဌိ ပါဘုရား ) ...

မှန်တယ် .... မှန်တယ် ... မိစ္ဆာဒိဌိက အကုသိုလ်တွေထဲမှာ အဆိုးဆုံးပဲ ... ။

မှားနေတဲ့အမြင်ဟာ ကြောက်စရာအကောင်းဆုံးအရာဖြစ်တယ် .... ။ မှားတဲ့အမြင်အပေါ်အခြေခံပြီးတော့ မှားတာတွေ တွေးမယ် ။ မှားတာတွေ ပြောမယ် ... ။ မှားတာတွေလုပ်မယ် ....။

ကုသိုလ်တွေထဲမှာ ဘယ်ကုသိုလ်က အင်အားအကြီးဆုံးလို့ ကြားဖူးသလဲ .... ။

( သမ္မာဒိဌိ ပါဘုရား ) ....

မှန်တယ် ... ကုသိုလ်တွေထဲမှာ သမ္မာဒိဌိက အင်အားအကြီးဆုံးပဲ ... ။

မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့ အဆင့်အတန်းကို ပိုပြီးမြင့်မားစေတယ် ....။ စိတ်ဓာတ်အင်အားကို ပိုမိုပြီးကြီးစေတယ် .... ။

ဒါကြောင့် မှန်ကန်တဲ့အမြင်ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်နော် ... ။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
*************************************************************************


မရောင့်ရဲသောတရား

" မီးပုံကြီးဟာ လောင်စာတွေ ဘယ်လောက်ထည့်ထည့် မရောင့်ရဲဘူး .. " " သမုဒ္ဒရာဟာ .. ရေတွေ ဘယ်လောက်ဝင်ဝင် မရောင့်ရဲဘူး .. " " လောဘကြီးသူဟာလဲ ပစ္စည်းဥစ္စာတွေ အရှိန်အ၀ါတွေ .. ဘယ်လောက်ရရ .. ဘယ်လောက်ရှိရှိ ..တင်းတိမ်ရောင့်ရဲခြင်းမရှိပါဘူး.. " " အဲ .. ငရဲကလည်း သတ္တ၀ါတွေ ဘယ်လောက်ကျကျ ပြည့်ဝသွားတယ် လို့ .. မရှိဘူး " ဆိုတာကိုတော့ သတိထားကြရလိမ့်မယ် ...


( တိပိဋကဓရ - ရန်ကုန်ဆရာတော် ဒေါက်တာ အရှင်သုမင်္ဂလာလင်္ကာရ ) 
( ရန်ကုန်မဟာဂန္ဓာရုံ ၊ ကမ္ဘာအေး )

*************************************************************************


ပုထုဇဉ်မှန်သမျှ နိမိတ်ကောက်တဲ့ သူတွေများတယ်...ယုတ်စွ အဆုံး မျက်ခုံးလှုပ်တာတောင် လာဘ် ရမယ်လို့ နိမိတ်ကောက်ကြတယ်...လက်ဖ၀ါးယားလျှင် ငွေရမယ်လို့ နိမိတ်ကောက် တတ်ကြတယ်..အိမ်မြှောင်စုတ်ထိုးတာ၊ငှက်မြည်တာ၊ခွေးဟောင်တာမကျန် ပုထုဇဉ်တွေဟာ နိမိတ်ကောက်တတ်ကြတယ်၊ နိမိတ်ကောက်တဲ့အတိုင်းမှန်သွားလျှင် ဒီဟာကိုမြင်လို့ ဒီအသံကို ကြားလို့ရယ်လို့ ယူဆသွားတတ်ကြတယ်။ အတိတ်နိမိတ်ဆိုတာ ရှေ့ပြေး .. နေမထွက်ခင် ထင်လာတဲ့ အရုဏ်အရောင်ပဲ .. မကြာခင် နေမင်းထွက်ပေါ်လာမှာပဲလို့သိသလို နိမိတ်ထင်ပြီး အကျိုးအမြတ်ပေါ်လာလျှင် လည်း ဒီအကျိုးအမြတ်ဟာ ငါပြုလုပ်ခဲ့ဖူးတဲ့ ကံကြောင့်ဆိုတာ ပြတ်ပြတ်သားသား သိထားဖို့ လိုတယ်။ ဒီလိုကံကြောင့်ဆိုတာ မမြင်ဘဲ ကံကိုမျက်ကွယ်ပြုပြီး ဒီအတိတ်နိမိတ်ကြောင့်ဒီလိုဖြစ်တာပဲလို့ ယုံကြည်ခဲ့လျှင် မင်္ဂလိက ဒိဋ္ဌိ လို့ခေါ်တယ်။မင်္ဂလိက ဒိဋ္ဌိ ဆိုတာ အယူမှားမို့ မိစ္ဆာဒိဋ္ဌိ လို့ ခေါ်တယ် ။

( ကျေးဇူးတော်ရှင် ထီးချိုင့်မြို့ တည်တော ဆရာတော် ဘုရားကြီး )

**************************************************************************


ကိုယ်ကျင့်တရားဆိုတာ ကျင့်ရမဲ့အရာ ၊ ကျင့်မှဖြေရှင်းလို့ရမဲ့အရာကျင့်တယ်ဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိတယ် ၊ တစ်ခုက Reactive ၊ နောက်တစ်ခုက Proactive ၊ Reactive သမားကတော့ မျှော်လင့်တယ်၊ ဘာရမလဲ ဘယ်သူလုပ်ပေးမလဲ ဆုတ်ယုတ်တဲ့ အတွေးရှိတယ်၊ Proactive သမားတွေကတော့ ဖြစ်ချင်တာကိုလုပ်ယူတယ်၊ကိုယ့်ဟာကိုယ်လုပ်တယ်၊ပြဿနာ တက်တယ် ကိုယ့်ဟာကိုရှင်းမယ်၊ ဘယ်သူ့ကိုမှ မျက်နှာငယ်နဲ့ ကြည့်နေစရာမလိုဘူး ၊ရအောင်ဖန်တီးပြီးကိုယ်တိုင်လုပ်ယူမယ်ဆိုတာ Proactive သမားတွေပဲ...

(ဆရာနန္ဒာသိန်းဇံ)

**************************************************************************


ဥာဏ်ပညာကြီးတဲ့သူမှန်သမျှဟာ စားဝတ်နေရေးကို အကျဉ်းချုံးပြီး စိတ်ဓာတ်မြင့်မားရေး စိတ်ကြည်လင်အေးချမ်းရေး စိတ်လွတ်လပ်ရေး အတွက် အချိန်ပိုပေးကြတယ် ။ ဒါကြောင့် လူတစ်ယောက် ဘယ်လောက်အသိဥာဏ်ကြီးသလဲဆိုတာ အကဲခတ်ချင်ရင် မလိုတာတွေကို သူ ဘယ်လောက် အကျဉ်းချုံးထားသလဲဆိုတာကို ကြည့်ပါ ။ မလိုပဲနဲ့ အကျယ်ချဲ့နေရင် အသိဥာဏ်ရင့်ကျက်မှုမရှိသေးဘူးဆိုတာ သိနိုင်ပါတယ် ။

( ဆရာတော် ဦးဇောတိက ) ( မဟာမြိုင်တောရ )


Shared from Doh Yote

No comments:

Post a Comment