Wednesday, January 11, 2012

သောတာပန် ပြဿနာ ရှင်းတမ်း

မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ပုဂ္ဂိုလ်များ ဖြစ်သွားကြရာ၌

(က) ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူများ ပါ/မပါ။

(ခ) ဘ၀တစ်ခုမှ သောတာပန် ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှုရှိနိုင်ပါသနည်း။

(ဂ) ယခင်ဘ၀က သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-

ဦးကောင်းမွန်

ဖြေ။ ။ ရှေဦးစွာ သောတာပန်ဟူသော ပုဒ်ကို ရှင်းပြချင်ပါသည်။ သောတာပန်ဟူသော ပုဒ်သည် သောတာပန္န-ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်၏။ သောတာပန္န-ဟူသော ပုဒ်သည် သဒ္ဒါနည်းအရ သောတနှင့် အာပန္န-ဟူသော ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤတွင် သောတ-အရ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးကို ရ၏။ ထိုမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်သောသူသည် သောတာပန္န-မည်၏။

အနည်းငယ်ထပ်၍ ရှင်းရလျှင် `သ၀တိ သန္ဒတီတိ သောတော= မဆုတ်နစ်ဘဲ တစ်စီးတည်း စီးသွားတတ်သောကြောင့် သောတ-မည်၏။ ဤအလို ရေအလျဉ်ကို ရ၏။ သောတော ၀ိယာတိ သောတော= ရေအလျဉ်နှင့်တူသောကြောင့် သောတမည်၏။

ဤအလို အဋ္ဌင်္ဂိကအရိယမဂ်-ဟူသော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ရ၏။ ဟိမ၀န္တာတောင်မှ စ၍ စီးဆင်းလာသော ဂင်္ဂါမြစ်ရေသည် နောက်ပြန် ဆုတ်နစ်ခြင်း မရှိဘဲ သမုဒ္ဒရာအထိ ရောက်အောင် ဆက်လက်စီးဆင်း သွားသကဲ့သို့ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါး မြတ်တရားသည်လည်း ရှေးဦးစွာ ဖြစ်ပေါ်လာရာ သောတာပတ္တိမဂ် ခဏမှစ၍ သတ္တိအင်းအား နည်းပါးဆုတ်နစ်ခြင်းမရှိ တဆင့်ထက်တဆင့် ရင့်သထက်ရင့်ကာ နိဗ္ဗာန်တည်းဟူသော သမုဒ္ဒရာသို့ ၀င်ရောက်လေတော့၏။

``ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိယင်။´´ဟူသည်နှင့်အညီ သောတာပတ္တိမဂ်၏ အင်္ဂါအစိတ်အပိုင်း သောတာပတ္တိယင်္ဂ၊ ၀ါ- တရားမှန်တော်ကြီး =ဓမ္မာဒါသ အမည်ရသော သောတာပန်ဖြစ်/မဖြစ် မှတ်ကျောက်တင် စစ်ဆေးနိုင်ဖို့ရာ အင်္ဂါလေးချက် ရှိပါသည်။

(၁) ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊

(၂) တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊

(၃) သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊

(၄) အရိယာတို့ နှစ်သက်အပ်သော ငါးပါးသီလ မကျိုးမပေါက် မပြောက်မကြားခြင်းတို့ ဖြစ်၏။

သောတာပန်ဖြစ်လျှင် ဤတရားလေးပါးနှင့် ပြည်စုံမြဲဖြစ်၏။

`
`သဟာဝဿ ဒဿနသမ္ပဒါယ၊

တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။

သက္ကာယဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊

သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။´´ ဟူသည်နှင့်အညီ သောတာပန်ဖြစ်သည်နှင့် တပြိုင်နက် `သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ´ တရားသုံးပါးနှင့် ကိလေသာအချို့ကို ပယ်ရှားအပ်ပြီး ဖြစ်၏။

ထိုသောတာပန်ပုဂ္ဂိုလ်သည် ကိလေသာများ ကြွင်းကျန်သေး သော်လည်း အပါယ်လားကြောင်း မကောင်းမှုတို့ကို ပြုလုပ်ခြင်း မရှိသောကြောင့် အ၀ိနိပါတဓမ္မော= အပါယ်သို့ လားရခြင်း သဘော မရှိတော့။ နိယတော= မဂ်ဟူသော နိယာမဖြင့် မြဲသော သဘောရှိ၏။ သမ္ဗောဓိပရာယဏော= အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာရှိ၏။ အထက်မဂ်ကိုသာ ရဖို့ရှိ၏။ အောက်သို့ (လောကီဈာန်များကဲ့သို့ ) လျောကျရိုး ထုံးစံ မရှိ။

သို့ရကား ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများသည် ယခုဘ၀၌ မဂ်ဖိုလ်ရမည်မှန်လျှင် သကဒါဂါမိ မဂ်ဖိုလ်ကိုသာ ရဖို့ အကြောင်းရှိ၏။ သောတာပတ္တိမဂ်ဖိုလ်ကို တဖန်ထပ်၍ ရဖွယ်မရှိ။ အကြောင်းကား ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူသည် မဂ်၏ နိယာမသဘောအရ မွေးကတည်းက သောတာပန်အဖြစ် မွေးလာ သောကြောင့်တည်း။

ထို့ကြောင့် မြတ်စွာဘုရား လက်ထက်က တရားတစ်ပုဒ် ဟောပြီးတိုင်း သောတာပန်ဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင် ယခင်ဘ၀က သောတာပန်ဖြစ်ပြီးသူများ မပါပါ။ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ကြသော ပုဂ္ဂိုလ်တို့တွင်ကား ပါနိုင်ပါသည်။

ဘ၀တစ်ခုမှ သောတာပန်ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှု ရှိနိုင်ပါသနည်းဟူရာ၌ `ဆစ္စာဘိဌာနာနိ အဘဗ္ဗကာတုံ´ ဟူသော ရတနသုတ် ပါဠိတော်နှင့်အညီ

၁။ မာတုဃာတ= အမိ သတ်ခြင်း။

၂။ ပိတုဃာတ=အဘသတ်ခြင်း။

၃။ အရဟန္တဃာတ= ရဟန္တာသတ်ခြင်း။

၎။ လောဟိတုပ္ပါဒ= ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း။

၅။ သံဃဘေဒ = သံဃာကို ကွဲပြားအောင်ပြုခြင်း။

၆။ အညသတ္ထာရုဒ္ဒေသ =ဘုရားမှတပါး အခြားဆရာကို ကိုးကွယ်ရာဟု ညွှန်းခြင်း ( ဘာသာပြောင်းခြင်း ) ဟူသော အဘိဋ္ဌာနခြောက်မျိုးကို ယခင်ဘ၀က သောတာပန်ဖြစ်ပြီး သူသည် ယခုဘ၀၌ မိမိ၏ သောတာပန်အဖြစ်ကို မသိသော်လည်း မဂ်၏ မပြောင်းမလဲတည်မြဲသော နိယာမသဘောအရ မပြုလုပ်တော့။

ယခုဘ၀၌ ဘုရား တရား သံဃာဟု ရတနာသုံးပါး ထင်ရှားရှိလျှင် ဘာသာခြား၌ မွေးသော်လည်း အရွယ်ရောက်သော အခါ ရတနာသုံးပါးကိုသာ ယုံကြည်ကိုးကွယ်ရာ၏။

မိမိ၏ သဘောဆန္ဒအရသော်လည်းကောင်း၊ သူတစ်ပါး၏ တိုက်တွန်းချက်ကြောင့်သော်လည်းကောင်း ပါဏာတိပါတစသော အမှုတို့ကို မပြုလုပ်တော့။ (အထက်တွင် သောတာပန်သည် အမိသတ်ခြင်း စသည်တို့ကို မပြုတော့ဟု ဟောတော်မူခြင်းသည် ပုထုဇဉ်အဖြစ်ကို ကဲ့ရဲ့လို၍သာဖြစ်သည်။

အမှန်မှာ မည်သည်သတ္တ၀ါမျှ မသတ်တော့။ ပုထုဇဉ်တို့ကား သတ္တ၀ါသာမညကို ထားဘိဦး မိခင်အရင်းကိုပင် သတ်ဖြစ်ဖို့ အလားအလားရှိလေ၏။) ငါးပါးသီလကို အသက်ဟူသော အကြောင်းကြောင့်ပင် ဖောက်ဖျက်ကျူးလွန်မှု မပြုတော့။

တပါးသော သူတို့က အတင်းအကျပ် ရေနှင့်အရက်ကို ရောယှက်၍ တိုက်လျှင်ပင် ရေသာဝင်၍ အရက်မ၀င်ဟု ဖွင့်ပြကြ၏။ (မဂ်၏ အစွမ်းသတ္တိကြောင့် မမူးခြင်း၊ သို့မဟုတ် သောက်သမျှ ဓာတ်မတဲ့သကဲ့သို့ ဖြစ်ကာ အန်ထွက်ခြင်း၊ သို့မဟုတ် Alcohol ဓါတ်ပျက်ကာ H2 O ဟူသော ရေဓာတ်သာ ၀င်ရောက်သွားခြင်းကို ဆိုလို၏ ဟု ယူဆရပါသည်။)

ထိုသို့ ငါးပါးသီလမြဲခြင်း၊ အယူမမှားခြင်းတို့အပြင် သောတာပန်အဖြစ် မွေးဖွားလာသော ပုဂ္ဂိုလ်၌ အခြားသိသာသော အချက်များမှာ သမ္မာအာဇီဝနည်းဖြင့်သာ စီးပွားရှာခြင်း၊ သူတစ်ပါး ကြီးပွားချမ်းသာသည်ကို မနာလိုငြူစူသော ဣဿာ၊ မိမိစီးပွား မိမိ ရပိုင်ခွင့်များကို နှမြောတွန့်တိုသော မစ္ဆရိယများ မရှိခြင်း၊ အဂတိလေးပါး မလိုက်စားခြင်း၊ ဘုရားရှင်ကို အကြောင်းပြု၍ ဒေါမနဿမဖြစ်ခြင်း၊ လွန်ကျူးမိသော အပြစ်များကို ဖုံးကွယ်ထားမှု မရှိခြင်း စသည်တို့ ဖြစ်၏။

(ယခုခေတ် ရိပ်သာအမည်ခံ ဌာနအချို့မှ အလွယ်တကူ သောတာပန်ဖြစ်လာသူများကိုလည်း အထက်ပါ အချက်များဖြင့် တိုက်ဆိုင်ကြည့်နိုင်ပါသည်။)

ယခင်ဘ၀ သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀သကဒါဂါမ်၊အနာဂါမ်၊ ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-ဟူရာ၌ ယခုဘ၀ အရ ဂေါတမဘုရားရှင် လက်ထက်ကာလကိုဆိုလိုကြောင်း နားလည် ရ၏။

သို့ဆိုလျှင် ယခင်ဘ၀အရ အဘယ်ကာလကို ယူရမည်နည်းဆို သော် ကဿပဘုရှင်၏ သာသနာတွင်းကာလကို ယူရမည်ဖြစ်၏။ ကဿပဘုရားရှင်လက်ထက်နှင့် ဂေါတမဘုရားရှင်လက်ထက်သည် လည်း ကာလအားဖြင့် များစွာကွာခြား၏။ သောတာပန်အမျိုးအစားသုံး မျိုးတွင်လည်း ကာမဘုံ၌ ၂-်ဘ၀မှ ၆ ဘ၀အထိ ဖြစ်နိုင်၏။

သတ္တက္ခ တ္တုပရမ သောတာပန်သည် ကာမဘုံ၌ ၇ ဘ၀သာဖြစ်နိုင်၏။ ´ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ.န တေ ဘ၀ံ အဋ္ဌမ မာဒိယန္တိ`ဟူသော ရတနသုတ်ပါဠိတော်နှင့်အညီ သတ္တက္ခတ္တုပရမ သောတာပန်သည် အကယ်၍ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေမိစေကာမူ ကာမဘုံ၌ ရှစ်ဘ၀အထိဖြစ်သည်ဟူ၍မရှိ။ ၇ နှစ်ဘ၀အတွင်း အထက်မဂ်ဖိုလ်ရ လျှင်ရ၊ မရလျှင် ဈာန်ရ၍ ဗြဟ္မာ့ပြည်၌ဖြစ်ရ၏။

ထို့ကြောင့် နောက် ဘုရားရှင် လက်ထက်ကျမှ သာဝကအဖြစ် ဘုရားရှင်ကို ဖူးတွေ့ခွင့်ရ ကာ အထက်မဂ်ဖိုလ်ရပါလိုကြောင်း ဆုတောင်းခဲ့သူများမှအပ ကြုံ ကြိုက်၍ ဖြစ်ကြသူ နည်းပါးဖွယ်ရှိ၏ဟု ယူဆရ၏။

အကယ်၍ နတ်ပြည်ချည်းသက်သက် သို့မဟုတ် လူ့ပြည်ချည်း သက်သက် ဆက်တိုက်ဖြစ်ခဲ့သော် ဘ၀တစ်ရာပင် ဖြစ်စေကာမူ တစ် ဘ၀သာ ရေတွက်ရမည်ဟူသော ၀ါဒအရသော် သောတာပန်ပုဂ္ဂိုလ်၏ ကာမသုဂတိ ၇ ဘ၀ဟူသော သက်တမ်းသည် ဘုရားတစ်ဆူနှင့် တစ် ဆူကြားဟူသော အပိုင်းအခြားကာလ၌ ဖြစ်နိုင်ခွင့်အလားအလာများ စွာရှိပါသည်။

ထိုသို့သောဖြစ်နိုင်ခွင့်များထဲမှ အနီးစပ်ဆုံးတွေ့ရှိရသည့် သက် သေတစ်ခုမှာ အဂုင်္တ္တရနိကာယ်လာ သုမနသုတ္တန်ဖြစ်ပါသည်။

ကဿပဘုရားရှင်လက်ထက်တွင် မိတ်ဆွေရဟန်းနှစ်ပါး ရှိခဲ့၏။ ထိုရဟန်းနှစ်ပါးသည် တစ်ပါးနှင့်တစ်ပါး အတွေးအခေါ် အယူအဆမ တူကြပေ။တစ်ပါးသောရဟန်းသည် သာရဏီယ၀တ်ကို ဖြည့်ကျင့်၏။ ကျန်တစ်ပါးသည် ဘတ္တဂ္ဂ၀တ်ကို ဖြည့်ကျင့်၏။ သာရဏီယ၀တ်ဖြည့် ကျင့်သောရဟန်းသည် ဘတ္တဂ္ဂ၀တ်ဖြည့်ကျင်သော ရဟန်းအား `ငါ့ရှင် မပေးမလှူသူအား အကျိုးတရားမည်သည်မရှိ၊

မိမိရရှိသည့်အထဲမှ သူတစ်ပါးတို့အား ပေးလှူပြီးမှသာ ဘုဉ်းပေးသင့်၏`ဟု ပြောဆို၏။ ဘတ္တဂ္ဂ၀တ်ဖြည့်ကျင့်သော ရဟန်းသည် `ငါ့ရှင် သင်သည်ဘာမျှသိသူ မဟုတ်၊ရဟန်းမည်သည် သူတစ်ပါးတို့ပေးလှူအပ်သောအရာကို ဖရိုဖ ရဲ လုပ်မပစ်သင့်၊ မိမိအတွက် သင့်တော်မျှတရုံသာ ခံယူ၍ ဘတ္တဂ္ဂ၀တ် ကိုဖြည့်ကျင့်သင့်၏`ဟု ပြန်လည်ပြောဆိုပါသည်။

ထိုနှစ်ပါးသော ရဟန်းတို့သည် တစ်ပါး၏ အယူအဆကို တစ်ပါး က လက်မခံနိုင်ကြဘဲ လွတ်လပ်စွာ သဘောကွဲလွဲခဲ့ကြကာ အခင်အ မင်မပျက် မိမိတို့၏ ကျင့်ဝတ်ကို ကျင့်ကြံကြပြီး ထိုဘ၀မှ သေလွန် သောအခါ နှစ်ပါးစလုံးနတ်ပြည်သို့ရောက်ကြ၏။ နတ်ပြည်ရောက် သောအခါ သာရဏီယ၀တ်ကို ဖြည့်ကျင့်သောရဟန်းသည် ဘတ္တဂ္ဂ ၀တ်ဖြည့်ကျင့်သောရဟန်းထက် အာယု၊၀ဏ္ဏ၊သုခ၊ ယသ၊ အာဓိပစ္စဟူ သော တရားငါးမျိုး သာလွန်ကဲပို၏။

ထိုသို့ဖြင့် ထိုနှစ်ဦးတို့သည် လူ့ပြည် နတ်ပြည်ကျင်လည်ပြီး ဘုရားတစ်ဆူ၏ ကြားကာလကုန်ဆုံးကာ ဂေါတမဘုရားရှင်၏ ကာလ တွင် သာဝတ္ထိပြည်၌ လာဖြစ်ကြ၏။

သာရဏီယ၀တ်ကို ဖြည့်ကျင့် သော ရဟန်းသည် ကောသလမင်းကြီး၏ မိဖုရားခေါင်ကြီးဝမ်း၌ ပဋိ သန္ဓေတည်၏။ ဘတ္တဂ္ဂ၀တ်ကို ဖြည့်ကျင့်သော ရဟန်းသည် ကော သလမင်းကြီး၏ အလုပ်အကျွေးမိန်းမ၀မ်း၌ ဖြစ်၏။ ထိုနှစ်ဦးသည် တစ် နေ့တည်းမှာပင် မွေးဖွားကြ၏။ နာမည်မှည့်သောနေ့တွင် သူတို့နှစ်ဦး အား ရေချိုးပေးကာ ကျက်သရေတိုက်ခန်းမှာ သိပ်ထား၏။ သာရဏီယ ၀တ်ကို ဖြည့်ကျင့်ခဲ့သောကလေးသည် မျက်စိဖွင့်ကြည့်ကာ ထီးဖြူကြီး နှင့် ကောင်းမွန်စွာခင်းထားအပ်သော ကျက်သရေခန်း၊ တန်ဆာဆင် ထားအပ်သော အိပ်ရာနေရာတို့ကို တွေ့မြင်ရသည့်အခါ မင်းမျိုးတစ်ခု တွင် လာဖြစ်နေသည်ကို သိရှိလိုက်၏။

`ငါ ဘယ်လိုကံတွေကိုပြုခဲ့လို့ ဒီမှာလာဖြစ်ရတာပါလိမ့်´ဟုဆင်ခြင်သည့်အခါ ´သာရဏီယ၀တ်ကို ဖြည့်ကျင့်ခဲ့လို့`ဟု သိရှိပြီး ´ငါ့မိတ်ဆွေ ဘယ်မှာဖြစ်နေပါလိမ့်´ ဟု ဆင်ခြင်သည့်အခါ သူ့နံဘေး အိပ်နေရသည့်အဖြစ်ကို တွေ့ရှိပြီး နှိပ် ကွပ်လို၍-

´သူငယ်ချင်း မင်းက ငါ့စကားကိုမှ နားမထောင်ခဲ့ဘဲကိုး´ ဟု ပြော၏။

´နားမထောင်တော့ ဘာဖြစ်လဲ`

´ငါ့ရဲ့ပြည့်စုံမှုကိုကြည့်လေ၊ ထီးဖြူကြီးရဲ့အောက် ကျက်သရေခန်းဆောင်မှာ အိပ်ရတယ်၊ မင်းကတော့ ခုတင်နိမ့်နိမ့် အခင်းကြမ်းကြမ်းကြီးပေါ်မှာ အိပ်ရတယ်´

မင်းက ဒါကို အမှီပြုပြီး မာနတက်နေတာလား၊ ၀ါးနှီးပြားတွေနဲ့ လုပ်ထားပြီး အ၀တ်ပိုင်းတွေနဲ့ ရစ်ပတ်ထားတာတွေ ချည်းပါပဲ။ ဒါတွေအားလုံးဟာ ပထ၀ီဓာတ်တွေချည်းပဲ မဟုတ်လား´ဟု အပြန်အလှန် ပြောဆိုနေကြ၏။

ထိုအချိန်တွင် သုမနမင်းသမီးက စကားသံကြား၍ သွားရောက်နားထောင်ရာ ဓာတု-ဓာတ်ဟူသော အသံကို ကြားသဖြင့် `ရဟန်းနတ်သားတွေ ဖြစ်ခဲ့ရမည်´ ဟု ကြံစည်ပြီး `မိဘတွေကို ပြောလို့ မဖြစ်သေးဘူး´ဟု ယူဆကာ ဘုရားရှင်အား သွားရောက်လျောက်ထား၏။


(အကျယ်ကို အင်၊မြန်၊၂၊၃၅-တွင် ကြည့်လေ။)

ထိုသုမနသုတ်တွင် ဘုရားရှင်က သာရဏီယ၀တ်ကို ဖြည့်ကျင့်သောရဟန်းကို ဒဿနသမ္ပန္နော-ဟု သုံးနှုန်းတော်မူ၏။ အဋ္ဌကထာတွင် `ဒဿနသမ္ပန္နောတိ သောတာပန္နော။ = ဒဿနသမ္ပန္န- ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူသည် သောတာပန် ပင်တည်း။ -ဟု ဖွင့်ပြ၏။ (အံ။ဋ္ဌ၊၃၊ ၁၇)

သို့ရာတွင် ထိုကလေးများ အထက်မဂ်ဖိုလ် ရသည်ဟူ၍ကား မတွေ့မိပါ။ ဖြစ်ဖို့အလားအလာ များစွာရှိသဖြင့် ဖော်ပြလိုက်ပါသည်။ ကျမ်းဂန်နှံ့စပ် ပုဂ္ဂိုလ်မြတ်တို့ကို ထပ်၍ မေးပါလေဦး။

(Credit to အရှင်ကောဝိဒ (ယော) & dhammaweb.net)

No comments:

Post a Comment