Saturday, January 7, 2012

သူငယ်ချင်းဆိုတာ......ရဝေနွယ် (အင်းမ)

သူငယ်ချင်းဆိုတာ ဘာလဲလို့မေးရင် စာမှာ ဒီလို ဖွင့်ပြထားပါတယ်။
သုခဒုက္ခံ သဟ အာယန္တိ ဥပဂစ္ဆန္တီတိ သဟာယကော၊ အဓိပ္ပါယ်ကတော့ ချမ်းသာဆင်းရဲကို အတူတကွ ခံစားတတ်သောကြောင့် သူငယ်ချင်းပါတဲ့၊ သူငယ်ချင်းရဲ့ ပါဠိက သဟာယကပါ။
မကြာသေးခင်က မိမိတို့ရိပ်သာကို သုံးဆယ်စွန်းစွန်း ဆရာဝန်နှစ်ယောက် ရောက်လာပါတယ်။ တစ်ယောက်က တရားဝင်ဖို့၊ တစ်ယောက်ကတော့ အဖော်အာမခံအဖြစ် လိုက်လာတာပါ။ အဖော်အာမခံအဖြစ်လိုက်လာတဲ့ ဆရာဝန်က ကျောင်းတိုက်နဲ့ ဆက်စပ်နေသလို တရားရိပ်သာဝင်မယ့် ဆရာဝန်ကလည်း ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဆက်စပ်နေပြန်ပါတယ်။
ဒီတော့ မိမိကလည်း ထိုက်သင့်သလောက် ကူညီရုံပေါ့။ ကူညီတယ်ဆိုပေမယ့်လည်း ထူးပြီးမကူညီမိပါဘူး။ နှုတ်အားဖြင့် ပြောပြရုံပါ။

မိမိစိတ်ဝင်စားတာက အဖော်အဖြစ်လိုက်လာတဲ့ သူငယ်ချင်းဆရာဝန်ကိုပါ။ အဲဒီ ဆရာဝန်က ရောက်တဲ့နေ့မှာ သူ့သူငယ်ချင်း ဆရာဝန်အတွက် ကိုယ်တိုင်အိပ်ရာခင်းပေး ကိုယ်တိုင်ခြင်ထောင်ထောင်ပေး ပါလာတဲ့ ပစ္စည်းတွေကို သင့်တော်သလိုထားပေးရင်း သူ့သူငယ်ချင်းကို အားပေးစကားတွေ တွင်တွင်ပြောနေပြန်ပါတယ်။ ပြန်ခါနီးတော့ မိမိကိုလည်း သူ့သူငယ်ချင်းက တစ်ခါမှ တရားမ၀င်ဖူးသေးလို့ ဂရုစိုက်ဖို့မှာနေပြန်ပါတယ်။ တရားဝင်နေတဲ့ တခြားရက်တွေမှာလည်း မကြာခဏလာပြီး လိုအပ်တာတွေ လုပ်ပေးလေ့ရှိပါတယ်။ သူ့ရည်းစားတောင် ဒီလောက်ဂရုစိုက်ပါ့မလားလို့ ကြံကြံဖန်ဖန် တွေးလိုက်မိပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ ကံသုံးပါးအမူအရာလေးတွေဟာ မြင်နေရသူ မိမိအတွက်တော့ သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ပြနေသလို ခံစားရပါတယ်။ စိတ်ထဲမှာလဲ အဖော်အဖြစ်လိုက်ပို့တဲ့ ဆရာဝန်ကို တော်တော်လေး ကြည်ညိုသွားမိပါတယ်။ ဟုတ်တယ်လေ။ တရားအားမထုတ်ဖူးသေးတဲ့ သူငယ်ချင်းကို ရိပ်သာရောက်အောင် ပို့ပေးနိုင်တာဟာ နည်းတဲ့သံယောဇဉ် နည်းတဲ့အသိဉာဏ်မှ မဟုတ်တာ။ သူငယ်ချင်းဆိုတာ ဒါမျိုးမှ တခြားပစ္စည်းတွေနဲ့ ချီးမြှောက်တာထက် ဓမ္မနဲ့ချီးမြှောက် တာဟာ အကောင်းဆုံး ချီးမြှောက်မှုပါ။ အဲဒီ ဆရာဝန်သူငယ်ချင်းနှစ်ယောက်ရဲ့ ကံသုံးပါး အမူအရာလေးတွေ ကြည့်ပြီး ကြည်ညိုဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက အတွေးထဲပေါ်လာတယ်။
ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။ နှိုင်းယှဉ်ရအောင် ပုံသဏ္ဍာန်ချင်းလဲ မတူပါဘူး။ ဒါပေမယ့် ဖြစ်စဉ်နှစ်ခုလုံးက သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ပြနေလို့ပါ။
ကဿပဘုရားရှင်လက်ထက်တော်က ဃဋိကာရလို့ အမည်ရတဲ့ အိုးထိန်းသည်တစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဃဋိကာရရဲ့ အချစ်ဆုံးသူငယ်ချင်းက ဇောတိပါလပါ။ ဃဋိကာရက ဇာတ်နိမ့်အမျိုး၊ ဇောတိပါလက ဇာတ်မြင့်အမျိုး၊ ဒါပေမယ့် သူတို့နှစ်ယောက် အတော်ချစ်ကြတယ်လို့ဆိုပါတယ်။
တစ်နေ့တော့ ဃဋိကာရက ဇောတိပါလကို ကဿပဘုရားရှင်ကို သွားဖူးဖို့ခေါ်ပါတယ်။ ဒီတော့ ဇောတိပါလက ဘယ်လိုပြန်ပြောသလဲဆိုတော့ “ဦးပြည်းရဟန်းယုတ်ကိုဖူးလို့ ဘာအကျိုးရှိမှာလဲ” လို့ ပြန်ပြောပါတယ်။ ဇောတိပါလရဲ့ စကားသံထဲမှာ ဇာတ်မြင့်ဆိုတဲ့ မာနသံက အထင်းသားပေါ်နေပါတယ်။ ဃဋိကာရက သုံးကြိမ်သုံးခါခေါ်ပါတယ်။ ဇောတိပါလကလဲ သုံးကြိမ်သုံးခါငြင်းပါတယ်။

ဇောတိပါလရဲ့ ငြင်းသံအဆုံးမှာ ဃဋိကာရက ရေချိုးဖို့ မြစ်ဆိပ်ကို ခေါ်ပြန်ပါတယ်။ ဒီအခါမှာတော့ ဇောတိပါလမငြင်းပါဘူး။ ဃဋိကာရကာ ဇောတိပါလကို ပရိယာယ်နဲ့ ခေါ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆိပ်နဲ့ မြတ်စွာဘုရားကျောင်းတော်နဲ့ နီးလို့ပါ။ ဃဋိကာရက မြစ်ဆိပ်ရောက်တော့ ဘုရားရှင်ဆီသွားဖူးဖို့ ထပ်ခေါ်ပြန်ပါတယ်။ ဒါပေမယ့် ဇောတိပါလကငြင်းမြဲပါပဲ။
နောက်ဆုံးတော့ ဃဋိကာရက ဘာလုပ်လိုက်သလဲဆိုတော့ ဇောတိပါလရဲ့ ဆံပင်ကိုကိုင်တဲ့ပြီး မြတ်စွာဘုရားဆီလိုက်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအချိန်မှာတော့ ဇောတိပါလလည်း တော်တော်လေး ထိတ်လန့် တုန်လှုပ်သွားပါတယ်။ ဇောတိပါလက ဇာတ်မြင့်၊ ဃဋိကာရက ဇာတ်နိမ့်။ ဇာတ်နိမ့်သူက ဇာတ်မြင့်သူရဲ့ ဆံပင်ကိုကိုင်ခဲ့ရင် သူတို့ခေတ်ဥပဒေအရသေဒဏ်ပါ။ ဒီတော့ ဇောတိပါလက ဘယ်လို စဉ်းစားသလဲဆိုတော့ “သူငယ်ချင်းဃဋိကာရဟာ သေဒဏ်မမှုဘဲ ငါ့ရဲ့ ဆံပင်ကိုကိုင်ပြီး သူ့ဆရာ ဘုရားရှင်ဆီလိုက်ခဲ့ဖို့ခေါ်တယ်။ ဒီအပြုအမူဟာ ငါ့အပေါ် အတော်ချစ်လို့ဖြစ်မယ်၊ ပြီးတော့ တစ်စုံတစ်ခုသော အကျိုးကို လိုလားလို့ ဖြစ်မယ်ထင်တယ်။ ဘာပဲပြောပြော သူ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ လိုက်သွားမှပဲ” လို့ စဉ်းစားပါသတဲ့။ ပြီးတော့ “သူငယ်ချင်း ဃဋိကာရ .. ဆံပင် ကိုင်တဲ့ အထိတောင် သင့်ဆရာကို ဖူးမြင်စေလိုသလား” လို့ ပြန်ပေးလိုက်ပါတယ်။ ဃဋိကာရလည်း “ဟုတ်ပါတယ် သူငယ်ချင်းရယ်” လို့ပြောပြီး ဇောတိပါလကို ဘုရားရှင်ဆီပို့ ပေးဖို့စီစဉ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက ဇောတိပါလရဲ့ အတွေးပါ၊ သူငယ်ချင်းဆိုတဲ့ အသိကိုမေ့ပြီး ဇာတ်နိမ့် ဇာတ်မြင့် ဥပဒေဆီကိုသာ တွေးလိုက်ရင် ပွဲကတစ်မျိုး တစ်မည်ပြောင်းပြီး အကျည်းတန်သွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့တစ်တွေဟာ တကယ့်သူငယ်ချင်းတွေ ဖြစ်နေတာကြောင့် ပွဲက အကျည်းတန်မသွားဘဲ အလှပဆုံး ပွဲလေးတစ်ပွဲဖြစ်သွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇောတိပါလက မြတ်စွာဘုရားဆီ ရောက်သွားခဲ့လို့ပါ။
ပြီးတော့ ပိုပြီးအံ့သြဖို့ကောင်းတာက ဇာတ်ပေါင်းခန်းကြည့်လိုက်တော့ မြတ်စွာဘုရားဆီသွားဖို့ အကြောက်အကန် ငြင်းနေခဲ့တဲ့ ဇောတိပါလဟာ တခြားသူဟုတ်ရိုးလား၊ မိမိတို့ရဲ့ ဂေါတမဘုရားအလောင်း ဖြစ်နေတာပါပဲ။
ဘာပဲပြောပြော ကိုယ်ချစ်တဲ့ သူငယ်ချင်း တစ်ယောက်ယောက်၊ ဂမ္ဘီရယောင်ယောင်၊ ဓာတ်ယောင်ယောင်၊ နတ်ယောင်ယောင် တောလိုလို တောင်လိုလို ဆရာဆီရောက်ပြီး ဘာသာရေးလမ်းကြောင်းချော်နေလို့ တည့်မတ်ပေးရတဲ့အရေး အင်တင်တင်လုပ်နေခဲ့ရင်တော့ ဃဋိကာရထုံး နှလုံးမူပြီး နားရင်အုပ်သင့်ရင် အုပ်ပစ်လိုက်ဖို့ပါပဲလေ။

ကျမ်းကိုး
မဇ္ဈိမပဏ္ဏာသပါဠိတော် - ဃဋိကာရသုတ်

ရဝေနွယ် (အင်းမ)
အင်းတာဗျူးဂျာနယ်၊ ၂၅-၁၂-၂၀၀၂။

No comments:

Post a Comment