Tuesday, January 17, 2012

အဘိဓမ္မာသင်ယူခြင်းအကျိုး အနည်းငယ်အကြောင်း

ဘုရားဟောခဲ့တဲ့ တရား (ပိဋိကတ်သုံးပုံ) တွေကို အမျိုးအစားခွဲရင် သုံးမျိုးရပါတယ်။

(၁) ၀ိနည်း

(၂) သုတ္တန်

(၃) အဘိဓမ္မာ တို့ဖြစ်ပါတယ်။


ဝိနည်း....... ဆိုတာက သံဃာတော်တွေကို ဘုရားက ဘယ်သို့၊ ဘယ်ပုံ ပြုမူနေထိုင်သင့်တယ် ဆိုတာကို ဟောကြားဆုံးမပေးခဲ့တဲ့ တရားတော်ပါ။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာ နဲ့ ဆိုင်တယ်လို့ ပြောနိုင်ပါတယ်။

သုတ္တန်...... ဆိုတာက ဂေါတမ မြတ်စွာဘုရား လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့်ခဲ့စဉ်ကာလအတွင်း ဖြစ်ပျက်ခဲ့တဲ့ ဘ၀တွေကို တရားဟောတဲ့အခါမှာ လွယ်ကူရှင်းလင်းအောင် ပုံဥပမာအဖြစ်နဲ့ သံဝေဂဥာဏ်ရင့်သန်စေခြင်းအလို့ငှာ ဟောကြားခဲ့တဲ့တရားတော်တွေကို ဆိုလိုပါတယ်။ ဒါကြောင့် သုတ္တန် ဆိုတာ ဘုရားရဲ့ ပါရမီဖြည့်ကျင့်စဉ်က ဖြစ်ခဲ့တဲ့ဘ၀တော်တွေအကြောင်း၊ ဇာတ်နိပါတ်တော်တွေအကြောင်းမို့လို့ ဗုဒ္ဓဘာသာနဲ့ ဆိုင်တယ်လို့လည်း ပြောနိုင်ပါသေးတယ်။


အဲ... အဘိဓမ္မာ... ဆိုတာကတော့

အဘိ ဆိုတာ သာလွန်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ အဘိဓမ္မာ ဆိုတော့ အသာလွန်ဆုံးတရား လို့ အနက်ဖွင့်နိုင်ပါတယ်။ ဒါဆို ထပ်မေးစရာရှိတယ်။ ဘာတွေထက် သာလွန်တာလဲလို့ ဆိုပြီးတော့ပေါ့။ ဘာတွေထက် သာလွန်တာလဲဆိုတော့ ဘုရားဟောခဲ့တဲ့ တရားအမျိုးအစား သုံးမျိုးထဲမှာမှ တခြားတရားနှစ်ပါး(သို့)နှစ်မျိုးဖြစ်တဲ့ ၀ိနည်း တရားတော် နဲ့ သုတ္တန် တရားတော် တို့ထက် အဆပေါင်းများစွာ သာလွန်ကြီးကျယ်မွန်မြတ်လို့ပါ။

ဘာကြောင့်လဲဆိုတော့ အဘိဓမ္မာတရားတော် ဆိုတာ သဘာဝ ပရမတ္ထ တရားတော်ကြီးပါ။ မြတ်စွာဘုရားတွေ ပွင့်ထွန်းပေါ်လည်း ရှိတယ်။ မပွင့်ထွန်းပေါ်လည်း ရှိနေတာပဲ။ ဗုဒ္ဓဘာသာနဲ့လည်း ဆိုင်နေတာမဟုတ်။ တခြားဘာသာတွေနဲ့လည်း ဆိုင်နေတာမဟုတ်။ ကမ္ဘာကြီး ရှိရှိ၊ မရှိရှိ၊ ဘုရားပွင့်ပွင့်၊ မပွင့်ပွင့်၊ သာသနာတွင်းဖြစ်ဖြစ်၊ သာသနာပဖြစ်ဖြစ်၊ ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း အမြဲတမ်း အမှားအယွင်း ချို့ယွင်းချက်မရှိ၊ အမြဲတမ်း မှန်ကန်နေတဲ့ တကယ့်ပရမတ္ထ တရားတော်ကြီး မို့လို့ပါ။

ဒါပေမယ့် ဒီတရားတော်ကြီးဟာ မြတ်စွာဘုရားတွေ တစ်ကြိမ်တစ်ခါပွင့်မှသာ၊ ကြားနာခွင့်ရနိုင်တဲ့ တရားတော်ပါ။ မြတ်စွာဘုရားတွေသာ မပွင့်တဲ့ သာသနာပကမ္ဘာ၊ 0 ကမ္ဘာတွေမှာဆိုရင် ဒီလိုတရားမျိုး မရှိနိုင်ပါဘူး။ အသင်္ချေပေါင်းများစွာ အနစ်နာခံ ပါရမီဖြည့် ပေးဆပ်ပြီးမှ တစ်ဆူတစ်ဆူ ပွင့်နိုင်ကြတဲ့ မြတ်စွာဘုရား တစ်ဆူပွင့်မှ တစ်ကြိမ်တစ်ခါ နာကြားရတဲ့ ကြုံတောင့်ကြုံခဲ တရားတော်ပါ။


ဘ၀မှာ လူရယ်လို့ ဖြစ်လာပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်း ဖြစ်ခွင့်ရနေပြီဆိုရင်...

အဘိဓမ္မာတရားတော်ကိုမှ သင်အံလေ့လာခွင့် မရတဲ့သူတွေဟာ လူဖြစ်ကျိုးမနပ်တဲ့သူတွေပါတဲ့ ဆိုပြီး ဆရာတော်များ ဟောကြားကြပါတယ်။ အဘိဓမ္မာတရားတော်ကို ဘ၀မှာအခက်ခဲ၊ အနက်နဲဆုံးတရား လို့ ပြောဆိုပါတယ်။ လောကတွင်းမှာ သဘောတရားမျိုးစုံ၊ အယူဝါဒမျိုးစုံတို့ဟာ ရောယှက်နွယ်နေကြပါတယ်။ အကယ်၍ တခြားဘာသာတစ်ယောက်ကဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ကဖြစ်ဖြစ် သဘောတရားတမျိုး၊ အယူအဆတစ်မျိုးကို လာပြောဆိုတဲ့အခါမှာ ဘယ်တရားကဖြင့် တကယ့်အမှန်တရားပါ၊ ဘယ်တရားကတော့ဖြင့် လွဲမှားနေပါတယ်၊ အယူလွဲနေပါတယ် ဆိုတာကို သိနိုင်၊ ဆုံးဖြတ်နိုင်ဖို့ရန်မှာ ခက်ခဲပါတယ်။ မှားနေတာကိုလည်း အမှန်လို့ တထစ်ချယုံကြည်နေနိုင်ပါတယ်။ မှန်နေတာကိုလည်း မှားများနေသလားလို့ ဇဝေဇ၀ါ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဘိဓမ္မာတရားတော်မြတ်ကိုသာ သင်ယူလေ့လာမှတ်သားဖူးတဲ့ သူတစ်ယောက်ဟာ ဘုရားပေးတဲ့ ပေတံကို ရထားပါပြီ။ ဘယ်တရားဟာတော့ဖြင့် အမှန်တရား၊ ဘယ်တရား၊ ဘယ်အယူအဆဟာတော့ဖြင့်ရင် လွဲမှားနေပါတယ်ဆိုတာကို သူ့မှာရထားပြီးတဲ့ အဘိဓမ္မာကို သင်အံလေ့လာဖူးတဲ့ အမြင်မှန်ပေတံကို အသုံးချပြီး အမှန်အမှား ဆုံးဖြတ်လို့ ရနိုင်ပါတယ်။ ပုထုဇဉ်ဆိုတာ အမှားနဲ့ မကင်းပေမယ့်လည်း... အဘိဓမ္မာတရားကို မလေ့လာဖူးတဲ့ သာမန်ပုထုဇဉ်တစ်ယောက်ထက်တော့ ဆုံးဖြတ်ချက်တွေက မှန်ကန်နေပါလိမ့်မယ်။...

ဘာကြောင့်လဲဆိုတော့ သူက တိုင်းတာဆုံးဖြတ်ဖို့ရန် ဘုရားပေးထားတဲ့ အမှန်တရားပေတံကြီးကို ရထားပြီးပြီလေ။


နောက်အကျိုးတစ်ခုကတော့... သံသရာဘ၀တစ်ခုခုမှာ ဘုရားပွင့်တာနဲ့ကြုံလို့ အဘိဓမ္မာကို လေ့လာသင်အံထုံမွှမ်းဖူးတဲ့ သူတစ်ယောက်ဟာ ပါရမီရင့်ကျက်လို့ ရဟန္တာဖြစ်ပြီဆိုရင် တသီးတခြား ကျင့်ကြံစရာမလိုဘဲ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရတာနဲ့ တပြိုင်နက်တည်း အဘိဥာဏ် ၆ ပါးလုံးရပြီး ဆလ္လာဘိညရဟန္တာ တန်းဖြစ်တဲ့အကျိုးထူးကြီးပါပဲ။ အဘိဓမ္မာသင်ယူရတဲ့အကျိုးဟာ အဲဒီလောက်အထိကို အကျိုးများပါတယ်။ (ဒီနေရာမှာ သိစရာတစ်ချက်က ရဟန္တာဖြစ်ပြီဆိုရင် လူတွေက မိုးပေါ်ပျံနိုင်တယ်လို့ ထင်ကြပါတယ်။ အမှန်တကယ်တော့ အဲဒီအထင်ဟာ တက်တက်စင်အောင် မှားနေပါတယ်။ အာသဝေါကုန်ခမ်းပြီးတဲ့ ရဟန္တာတိုင်း မိုးပေါ်မပျံနိုင်ပါဘူး။ ဈာန်အဘိဥာဏ်တွေလည်း ရမနေပါဘူး။ ဒါကြောင့် တန်ခိုးမရှိရင် ရဟန္တာမဟုတ်ဘူးဆိုပြီး မှားယွင်းတဲ့အသိနဲ့ စွပ်စွဲမိတတ်ကြပါတယ်။ တကယ်ကြောက်စရာကြီးပါ။ ရဟန္တာကို ပြစ်မှားမိရင် ဓမ္မန္တရာယ်ထိုက်သွားပါပြီ။ အပြစ်ကြီးမားသလို အဲဒီပြစ်မှားတဲ့သူ တရားကျင့်ရင် ဘယ်လောက်ရေကုန်ရေခမ်းကျင့်ကျင့် တရားမရနိုင်တော့ပါဘူး။ ဆင်ခြင်သိမှတ်စရာ အချက်တစ်ချက်ပါ။မြေလျှိုးမိုးပျံတဲ့ အဘိဥာဏ်တွေဟာ ရဟန္တာဖြစ်မှ ရနိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဖြစ်မှ ရနိုင်တာလည်း မဟုတ်ပါဘူး။ ဘာသာခြားလူမျိုးတွေလည်း တန်ခိုးက္ကထိပတ်နဲ့ ပြည့်စုံတဲ့ တန်ခိုးရှင်တွေ လောကမှာ အများကြီးပါ။ သာသနာပမှာလည်း တန်ခိုးတွေ၊ ဈာန်တွေ ရနိုင်ပါတယ်။ အဲဒီတော့ ဈာန်ရဖို့၊ မိုးပေါ်ပျံဖို့ဆိုတာ အဘိဥာဏ်ရဖို့အတွက် ရဟန္တာဖြစ်ပြီးတဲ့အခါ သက်သက်ထပ်ကျင့်ရပါတယ်။ အခုလို အဘိဓမ္မာသင်ဖူးတဲ့ ပါရမီရှိတဲ့သူတွေ ရဟန္တာဖြစ်မှသာ automatic ကျင့်စရာမလိုဘဲ မြေလျှိုးမိုးပျံနိုင်တာပါ။ ပုံမှန်ကတော့ ရဟန္တာဖြစ်တာနဲ့ မိုးပျံနိုင်တာ ဘာမှမဆိုင်ရေးချ၊ မဆိုင်ပါ။ ဓမ္မန္တရာယ်ထိုက်မှာစိုးတဲ့အတွက် သတိထားစေလိုပါတယ်။)


လောကထဲက ကိစ္စတစ်ခုကို မှန်၊ မမှန် ဆုံးဖြတ်ဖို့ရန်မှာ အသိဥာဏ်၊ ဗဟုသုတ နဲ့ အတွေ့အကြုံတို့ လိုအပ်ပါတယ်။
Nutrition အစာအာဟာရနဲ့ ဆိုင်တဲ့ အတန်းတစ်တန်း ကျောင်းမှာယူခဲ့တုန်းက ပေါင်ချိန်အလေးချိန်ကျစေရန် မှန်ကန်တဲ့ လေ့ကျင့်အားထုတ်မှုတွေကို သင်ခဲ့ရဖူးပါတယ်။ မှန်ကန်တဲ့အချက်တွေထဲက တစ်ချက်က လေ့ကျင့်ခန်း လုပ်ရပါမယ်။ အကယ်၍ ကြေငြာကြတဲ့ အလေးချိန်လျော့ကျစေတဲ့ နည်းလမ်း(သို့)ကုန်ပစ္စည်းတွေဟာ သင်ပေးထားတဲ့ အချက်တွေ(လေ့ကျင့်ခန်းလုပ်တာအပါအ၀င်)နဲ့ မကိုက်ညီခဲ့ရင် ဒါဟာ မှန်ကန်တဲ့ နည်းလမ်း၊ မှန်ကန်တဲ့ကုန်ပစ္စည်း မဟုတ်ဘူးဆိုတာ ရဲရဲကြီး ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ အဲဒါ အလေးချိန်လျော့ကျစေဖို့ လုပ်ဆောင်ရမယ့် နည်းလမ်းတွေ၊ ကြေငြာတဲ့ကုန်ပစ္စည်းတွေကို တိုင်းတာဖို့ရန် ပေတံပါပဲ။
အဲဒီတော့ အလေးချိန်ကျစေရန် ကြေငြာတဲ့ ကုန်ပစ္စည်းက ဘာလဲ၊ ဘာလိုမျိုးလဲလို့ တခြားခက်ခက်ခဲခဲ စဉ်းစားလိုက်ကြည့်နေစရာမလိုဘဲ ကိုယ်သင်ထားတဲ့ ပညာပေတံနဲ့ မှတ်ကျောက်တင်လိုက်ရုံပါပဲ။
ဥပမာ... ကြေငြာတစ်ခုက ၀ိတ်ကျအောင်လို့ ဒီနှုတ်ခမ်းနီ ကိုဆိုးရင် ၀ိတ်ကျပါမယ်လို့ပြောရင် အန္တရာယ်ရှိ၊ မရှိ၊ မှန်၊ မမှန် ဘယ်ပေတံနဲ့တိုင်းပြီး ဆုံးဖြတ်မလဲ။ သင်တန်းမတက်ဖူးတဲ့သူတစ်ယောက်ဟာ မှန်၊ မမှန် ဆုံးဖြတ်ဖို့ရန် ခက်ပါတယ်။ အဲဒီတော့ သင်ပေးထားတဲ့ အချက် (၃) ချက်ဆိုလည်း ၃ ချက်၊ အဲဒီ ၃ ချက်နဲ့ မကိုက်ညီဘူးဆိုရင် ဒီဝိတ်ကျစေတယ်ဆိုတဲ့ ကုန်ပစ္စည်းကို ဘယ်လောက်ကြေငြာကောင်းကောင်းမသုံးစွဲသင့်ပါဘူး။

ထိုနည်းတူစွာ တရားဓမ္မတွေနဲ့ ပတ်သက်လာရင်လည်း သူများတကာတွေက ကိုယ့်ကို လာပြောတဲ့၊ လာအယုံသွင်းတဲ့၊ လာဆွေးနွေးတဲ့၊ လာမေးမြန်းတဲ့ သဘောတရားတစ်ခုချင်းစီကို ခက်ခက်ခဲခဲ ဇဝေဇ၀ါ လေ့လာဆုံးဖြတ်နေစရာမလိုဘဲ ဘုရားပေထားတဲ့ အမှန်တရား၊ သစ္စာတရားပေတံကြီးနဲ့ တိုင်းတာလိုက်လို့ စံချိန်စံညွှန်းမမှီဘူးဆိုရင် ဒီသဘောတရားတစ်ခုဟာ၊ ဒီအယူဝါဒတစ်ခု၊ ဒီအတွေးအခေါ်၊ ဒီအတွေးအမြင်တစ်ခုဟာ မှားယွင်းနေပြီလို့ သေချာပေါက် ဆုံးဖြတ်ချက်ချနိုင်သွားပါပြီ။ အဲဒီလို ဆုံးဖြတ်ချက်ချနိုင်ဖို့ဆိုတာ သာသနာမှာ အဘိဓမ္မာတရားတော်ကို လေ့လာသင်ယူဖူးတဲ့ပုဂ္ဂိုလ်တွေမှသာ စွမ်းနိုင်တာပါ။ ဒါကြောင့် ဘ၀တစ်ကွေ့ကွေ့မှာ၊ အခွင့်အရေးလေးများ ရလျှင်ဖြင့် အဖိုးမဖြတ်နိုင်တဲ့ ဘ၀မှာ အခက်ခဲ၊ အနက်နဲဆုံးပညာ၊ မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကြီးဖြစ်တဲ့ သဘာဝ၊ ပရမတ္ထ၊ အဘိဓမ္မာတရားတော်ကြီးကို လေ့လာသင်ယူနိုင်ကြပါစေလို့ အပြုသဘောဆောင် ပြောကြားလိုပါတော့တယ်။

ဘုရားဆုံးမထားတာတစ်ခုက...ကိုးကွယ်စရာ မြတ်စွာဘုရား မရှိတဲ့အခါ သာသနာတွင်းမှာဆိုရင် ရဟန္တာပုဂ္ဂိုလ်တွေကို ကိုးကွယ်အားထားပါ။ ရဟန္တာပုဂ္ဂိုလ်တွေ မရှိတဲ့ သာသနာပကာလမှာဆိုရင် ပစ္စေကဗုဒ္ဓါတွေကို ကိုးကွယ်အားထားပါ။သာသနာတွင်းကာလမှာ ရဟန္တာပုဂ္ဂိုလ်တွေ မရှိတဲ့အခါ ပိဋိကတ်သုံးပုံ နုတ်ငုံဆောင်နိုင်တဲ့ ရဟန်းတော်တွေ၊ လူပုဂ္ဂိုလ်တွေကို ကိုးကွယ်အားထားပါ။ အကယ်၍ ပိဋိကတ်သုံးပုံ နုတ်ငုံဆောင်နိုင်တဲ့ ရဟန်းတော်တွေ၊ လူပုဂ္ဂိုလ်တွေ မရှိတော့တဲ့အခါမှာတော့ အဘိဓမ္မာတရားတော်ကို သင်အံလေ့လာကျက်မှတ်ပြီးဖြစ်နေတဲ့ ရဟန်းတော်တွေ၊ လူပုဂ္ဂိုလ်တွေကို ကိုးကွယ်ဆည်းကပ်အားထားကြပါ လို့ ဆုံးမတော်မူထားပါတယ်။ အဘိဓမ္မာတရားတော်ကို လေ့လာရခြင်းအကျိုးဟာ အဆုံးမရှိ များပြားလှပါတယ်။ တရားထူး၊ တရားမြတ်ရရာ ပါရမီထူးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံးဘ၀မှာ သူများတကာ သာမန်လူတွေ နားလည်ဖို့ရန် ခက်ခဲတဲ့ သစ္စာတရားတွေကို အဘိဓမ္မာသင်ခဲ့ဖူးတဲ့ ပါရမီနဲ့ အလွယ်တကူ နားလည်သိရှိနိုင်ကြပါလိမ့်မယ်။ ဓမ္မမိတ်ဆွေ သူငယ်ချင်းများကို ဗဟုသုတအလို့ငှာ ပြန်လည်မျှဝေရေးသားပါသည်။ အချက်အလက်အားဖြင့်သော်လည်းကောင်း၊ အရေးအသားအားဖြင့်သော်လည်းကောင်း အမှားအယွင်းများပါခဲ့ပါလျှင် စေတနာအမှားသာ ဖြစ်သည့်အတွက် ခွင့်လွှတ်ကြစေလိုပါသည်။  တရားဓမ္မဗဟုသုတအလို့ငှာ ရေးသားမျှဝေရသော အကျိုးအားကြောင့် သစ္စာတရား၊ အမှန်တရားများကို ထိုးထွင်းသိမြင်နိုင်ရပါလို၏ဟု ဆုတောင်းမိပါသည်။ တရားအသိဥာဏ်များ ရှင်းလင်းပြီး ကြည်လင်အေးချမ်းကြပါစေ။

မေတ္တာဖြင့်
ခိုင်ခိုင်



Jan 17, 2012 (Tue)

No comments:

Post a Comment