Thursday, January 19, 2012

သဒ္ဓါ နှင့် ပညာ ချိန်ခွင်လျှာလို မျှနိုင်ပါစေ

''ကြည်ညိုရာမှာ အများသံဃာ

ကိုးကွယ်ရာမှာ ရွေးချယ်ပါ '' တဲ့ . . . ။

ဆိုလိုတာက ....

ဗုဒ္ဓဘာသာဝင်တွေ ပီပီ ရဟန်းသံဃာတွေ့ရင် ကြည်ညိုလိုက်ပါ ရှိခိုးလိုက်ပါ ။

ကြည်ညိုရှိခိုးတဲ့ မိမိမှာ ကုသိုလ်ပဲ ဖြစ်ပါတယ် ။ အကုသိုလ် မဖြစ်ပါဘူး ။

ရှိခိုးခံရတဲ့သူမှာသာ ရှိခိုးခံထိုက်တဲ့ သီလ ၊ သမာဓိ ၊ ပညာ မရှိခဲ့ရင် သူ့လမ်းသူ သွားပါလိမ့်မယ် ။

ဒါပေမယ့် ဆရာမှတ်မှတ် သမားမှတ်မှတ် ကိုးကွယ်တော့မယ် ဆိုရင်တော့

အသေအချာရွေးချယ်ရပါတော့မယ် ။ ရဟန်းစစ် ၊ ရဟန်းမှန် ဟုတ်ရဲ့လား ။

ရဟန်းစစ် ရဟန်းမှန်ဖြစ်ရင်လည်း

ဂန္တဓုရ = စာပေကိုအားထုတ်နေတဲ့သူလား

ဝိပဿနာဓုရ = တရားအလုပ်ကို အားထုတ်နေသူလား ....... ဒါတွေကို သေချာလေ့လာစုံးစမ်းပြီးမှ ဆရာသမားအဖြစ် ကိုးကွယ်ရမယ့် လောကုတ္တရာ ဆရာအဖြစ် ရှိထားရမယ့် အင်္ဂါရပ်တွေကို ဒီလိုဖွင့်ဆိုကြပါတယ် ။



ရိုသေချစ်ထိုက် ၊ ချီးမွမ်းထိုက်နှင့်

လွဲမိုက်ဆုံးမ ၊ မေးသမျှခံ

ဓမ္မံနက်နဲ ၊ ဟောနိုင်မြဲ၍

ကျိုးနည်းမတန်း ၊ ခုနှစ်ခန်းနှင့်

ပြည့်လျှမ်းညီညာ ၊ ဤဆရာ

ဖွေရှာတည့်ခံ ။ ........ တဲ့



ရိုသေထိုက်တဲ့ သီလ ၊ သမာဓိ ၊ ပညာဆိုတဲ့ ဂုဏ်ရှိရမယ် ။

ချစ်ခင်ထိုက်တဲ့ မေတ္တာဓာတ် ပိယဂုဏ်လည်း ရှိရမယ် ။

ချီးမွမ်းထိုက်တဲ့ ရောင့်ရဲခြင်း စတဲ့ ပသဋ္ဌဂုဏ်လည်း ရှိရမယ် ။

ဒကာ ဒကာမတွေရဲ့ လွဲမှားနေတဲ့အကျင့် ၊ မိုက်မဲနေတဲ့ အကျင့်တွေ ကို မြင်ရင်လည်း ဆုံးမသြဝါဒပေးနိုင်ရမယ် ။ ဒကာ ဒကာမတွေ မေးမြန်းလာတဲ့ ဘာသာရေးပြဿနာများကိုလည်း ပြောကြားပေးနိုင်ရမယ် ။ ရုပ် ၊ နာမ် ၊ ပရမတ် ၊ ပညတ် စတဲ့ နက်နက်နဲနဲ တ၇ားများကိုလည်း ဟောကြားပေးနိုင်ရမယ် ။

ပစ္စက္ခ ၊ သံသရာအကျိုး ရှိရာရှိကြောင်းများကိုလည်း ညွှန်ကြားနိုင်ရမယ် ။ အဲဒီ ဆရာများကိုသာ ရှာဖွေပြီး တပည့်ခံရင် အမှားမတွေ့နိုင်တော့ဘူးပေါ့ ။



'' ကုန်ရှုံးတော့ တစ်ခေါက် ၊

လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက် ၊

ဆရာကုန်ရှုံးတော့ တစ်သံသရာလုံး မှောက်ရော '' ...... တဲ့

ဒါကြောင့် ဆရာတင်မမှားကြဖို့ ကြပ်ကြပ်သတိထားကြ ။ ဒါက သဒ္ဓါများပြီး ပညာပါးတဲ့သူများ အတွက်ပါ ။ နောက်တစ်ခုက ကြည်ညိုတဲ့ သဒ္ဓါအလွန်နည်းပြီး တွေးခေါ်မြှော်မြင်တဲ့ ပညာက များနေလည်း မကောင်းပြန်ဘူး ။

မဃဒေဝ မှာ ဆက်ပြတာကတော့ -



သဒ္ဓါနုံနဲ ၊ ပညာကဲလည်း

အလွဲပြေးဝင် ၊ အမြင်ယွင်းခွ

တိမ်းပါးကြလျက် ၊ မီးပြသမား

တွင်းကျွံမှားသို့ ၊ ဆယ်းပါးကောင်းမှု

လှူဝတ္ထုကို ၊ စွန့်ပြုမလွှတ်

စိတ္ထုပ္ပါဒ်မျှ ၊ ဒါနအလှူ

မြောက်သောဟူ၍ ၊ အယူဖောက်လွဲ

မိစ ၦာစြဲ၏ ။ ---- တဲ့



နောက် .... ကြည်ညိုတဲ့ သဒ္ဓါနဲ့ တွေးခေါ်တဲ့ ပညာ အဲဒီတရားနှစ်ပါးဟာ ချိန်ခွင်လျှာလို အလည်တည့်တည့်မှာ ထားနိုင်မှ ဘာသာရေး လောကမှာ အမှားကင်းစင်နိုင်တယ် ဆိုတာကို မာဃဒေဝလင်္ကာမှာ ဆုံးမထားတာက ---



ပညာအားနည်း ၊ သဒ္ဓါသည်းက

အရည်းမည်ကာ ၊ ယူမိစ္ဆာ၌

သဒ္ဓါလေးမြတ် ၊ ဆည်းကပ်တက်၏ ။ လို့ ဆိုပါတယ် ။



တွေးခေါ်မြော်မြင်တဲ့ ပညာအားနည်းနေပြီး ကြည်ညိုယုံကြည်တဲ့ သဒ္ဓါကများနေမယ်ဆိုရင် အရည်ကြီး လက်ကျန် ယုတ်မာတဲ့ အကျင့်တွေကျင့်ပြီး လိမ်စားနေတဲ့ လူလိမ်လူညာ မိစ္ဆာအယူရှိတဲ့ သူတွေကို ဆရာတင်ပြီး ကိုးကွယ်ဆည်း ကပ်မိတက်ပါတယ် ။



မေတ္တာရှင်(ရွှေပြည်သာ)

ဖယောင်းတိုင်တစ်တိုင်၏ အလင်းရောင် နှင့် ဒဿနရသဝတ္ထုတိုများ မှ

ကောက်နှုတ်ရေးသားပါသည် ။

No comments:

Post a Comment