Thursday, January 19, 2012

ပုဂ္ဂိုလ် / လူတစ်ယောက် စားတဲ့ အစားအစာကိုကြည့်ပြီး ထိုသူရဲ့ စိတ်ဟာ စင်ကြယ်တယ် ၊ မစင်ကြယ်ဘူး မဆုံးဖြတ်သင့်ပါဘူး ။

အာမဂန္ဓသုတ် (သုတ္တနိပါတ်)တွင် မြတ်စွာဘုရားက -

၂၅၈ ။ ငါး ၊ အမဲကို မစားခြင်းသည် လည်းကောင်း

အဝတ် မဝတ်ခြင်းသည် လည်းကောင်း

ဦးပြည်းခြင်းသည် လည်းကောင်း

ဆံကျစ်ဖြူမှုန် အညစ်အကြေးသည် လည်းကောင်း

ရသေ့ ပရိက္ခရာ သစ်နက်ရေတို့သည် လည်းကောင်း

မီးကို ပူဇော်ခြင်း ၊ မီးကို လုပ်ကျွေးခြင်းသည် လည်းကောင်း

ယုံမှားခြင်းမှ မကူးမြောက်သေးသော

သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန် ။

ဤလောက၌ မသေရန် တောင့်တလျက်

ကိုယ်ကို များစွာ ပူပန်စေတက်သော အကျင့်တို့သည် လည်းကောင်း

ဗေဒင်တို့သည် လည်းကောင်း

ဟုံပူဇော်သော အကျင့်သည် လည်းကောင်း

ယဇ်ပူဇော်ခြင်းသည် လည်းကောင်း

နွေဥတု၌ အပူခံခြင်း စသော ဥတုကို မှီဝဲခြင်းတို့သည် လည်းကောင်း

ယုံမှားခြင်းမှ မကူးမြောက်နိုင်သော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန် ။ . . . . လို့ ဗုဒ္ဓဘုရားရှင် ဟောကြားတော် မူပါတယ် ။

ငါး ၊ အမဲ စားရုံမျှဖြင့် လူတစ်ယောက်ကို အညှီအဟောက် မသန့်မရှင်း မဖြစ်စေနိုင်ပါ ။ လူတစ်ယောက် သူ့ကိုယ်သူ မသန့်မရှင်း ၊ အညှီအဟောက် ဖြစ်စေတာက အယူသီးခြင်း ၊ လိမ်လည် လှည့်ဖြားခြင်း ၊ ငြူစူခြင်း ဝါကြွား ပလွှား၍ ပြောဆိုခြင်း အလွန် မာန်မူခြင်း ရှုတ်ချ ပြောဆိုခြင်း ၊ တစ်ပါးသော မကောင်းဆိုးယုတ်သော အကြံအစည်ရှိခြင်း တို့သည်သာ မိမိကိုယ်ကိုယ် မသန့်ရှင်းအောင်ပြုသော အညှီအဟောက် ဖြစ်တယ် ။ ဗုဒ္ဒဘာသာမှာ ငါး ၊ အမဲ စသည်တို့ကို မစားရဘူးလို့ ပြင်းပြင်းထန်ထန် ကန့်သတ် တားမြစ်ထားချက်မျိုး မရှိပါဘူး ။ မြတ်စွာဘုရား တားမြစ်တော်မူထားက ကိုယ်တိုင်လည်း မသတ်ရဘူး ၊ သူတစ်ပါးကိုလည်း သတ်ချင်အောင် အားမပေးရဘူး ။ သို့သော် အသားငါးကို မစားဘဲ သတ်သတ်လွတ် ဟင်းသီးဟင်းရွက်ကို စားခြင်းဖြင့် တင်းတိမ် ရောင့်ရဲမှု ရှိသူကိုလည်း ချီးမွှမ်းထိုက်ကြောင်း လက်ခံတယ် ။

ရဟန်းများအား ၊ ဟင်းသီးဟင်းရွက်ကိုသာ သုံးဆောင်ရမယ် ။ ငါး ၊ အမဲကို အစားရဘူးလို့တော့ ဗုဒ္ဒရှင်တော်မြတ်ဘုရား ပညတ်တော်မူခြင်း မရှိပါ ။ တစ်ခုပဲ ရဟန်းများအနေနဲ့ အသားကြီး ၁ဝ မျိုးကိုတော့ မစားအပ်ကြောင်း ပညတ်တော်မူပါတယ် ။

အသားကြီး ဆယ်မျိုးဆိုတာက လူသား ၊ ဆင်သား ၊ မြင်းသား ၊ ခွေးသား ၊ မြွေသား ၊ ခြင်္သေ့သား ၊ ကျားသား ၊ ကျားသစ်သား ၊ ဝံသား ၊ အောင်းသားတို့ ဖြစ်ပါတယ် ။ တချို့တောရိုင်း တိရစ္ဆာန်တွေက သူတို့ အသွေးအသား အနံ့ကို ရတဲ့အခါ တိုက်ခိုက်တက်ပါတယ်။ (ဝိနယပိဋက)

ရှင်ဒေဝဒတ်က မြတ်စွာဘုရားကို ရဟန်း သံဃာများအနေနဲ့ အသားငါးကို မစားဘဲ ဟင်းသီးဟင်းရွက်ကိုသာ စားသင့်ကြောင်း သိက္ခာပုဒ်များ ပညတ်ပေးတော်မူပါလို့ လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက ဒေဝဒတ်ရဲ့ တောင်းဆိုချက်ကို ပယ်ချတော်မူလိုက်တယ် ။ ဗုဒ္ဓဘာသာသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ ဘာသာအယူဝါဒ ဖြစ်တာကြောင့် သက်သတ်လွတ်စားတာဟာ စားချင်သူ ပုဂ္ဂိုလ်ရဲ့ ဆန္ဒအပေါ်မှာ မူတည်တယ် ။ စားလိုက စားနိုင်ကြောင်း ဟောတော်မူပါတယ် ။

ဒါက ဘာကိုပြသလဲဆိုတော့ သက်သတ်လွတ် စားတာ ၊ ဟင်းသီးဟင်းရွက်စားတာဟာ ဘာသာရေး ကိစ္စမှာ အရေးကြီးတဲ့ ကိစ္စမဟုတ်ကြောင်း ဗုဒ္ဓရှင်တော်မြတ်ရဲ့ သဘောထားကို ဖော်ပြတာပဲ ဖြစ်ပါတယ် ။ လူသာမန်တွေ အတွက် ဟင်းသီး ဟင်းရွက် စားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဟောထားတာ မတွေ့ရပါဘူး ခင်ဗျာ ။

ဇီဝက ကောမာရဘစ္စ ဆိုတဲ့ သမားတော်ကြီး ဇီဝက က ဒီ အငြင်းပွားဖွယ် ကိစ္စကို မြတ်စွာဘုရားနှင့် ဆွေးနွေးဖူးပါတယ် ။္ဒ'' အရှင်ဘုရား လူတွေ ပြောဆိုနေကြတာကို တပည့်တော် ကြားရပါတယ် ဘုရား။ ရှင်ကြီး ဂေါတမဟာ မိမိအတွက် ရည်ရွယ်ပြီး သတ်တဲ့ သတ္တဝါတွေရဲ့ အသားကို သိလျက်သားနဲ့ စားသုံးတော်မူတယ် ဆိုပြီး စွပ်စွဲ ပြောဆိုနေကြပါတယ်။ သူတို့ စွပ်စွဲသလို ရှင်ကြီး ဂေါတမသည် မိမိအတွက် ရည်ရွယ်ပြီး သတ်သော သတ္တဝါ၏ အသားကို သိလျက်နှင့်ပင် စားသုံးတော်မူသည် ဆိုသော စကားသည် မှန်ပါသလား ဘုရား။ သို့မဟုတ် သူတို့သည် မဟုတ်မမှန်ဘဲ စွပ်စွဲခြင်း ဖြစ်ပါသလား ဘုရား။ ဤသို့ စွပ်စွဲ ပြောဆိုခြင်းသည် အရှင်ဘုရား၏ ဟောကြားထားသော စကားနှင့် ကိုက်ညီခြင်း ရှိပါသလား ။ ''

'' ဇီဝက ရှင်ကြီးဂေါတမသည် မိမိအတွက် ရည်ရွယ်ပြီး သတ်ဖြတ်သော အသားကို သိလျက်နှင့် မှီဝဲ စားသုံးသည် ဆိုသော စကားသည် ငါ ဟောကြားထားသော စကားနှင့် လျော်စွ ပြောဆိုသော စကာ မဟုတ်ပေ။ ဇီဝက ငါ ဘုရားက ရဟန်း သံဃာတို့သည် အချက် သုံးချက်နှင့် ညီညွတ်သော အသားငါးကို စားသုံးရမည်ဟု ဟောကြားတော်မူထားသည်။ သတ်သည်ကိုလည်း မမြင်၊ မိမိအတွက် သတ်သည်ကိုလည်း မကြား ။ သံသယလည်း ကင်းသော အသားကိုသာ စားရမည်ဟု ငါ ဟောတော်မူပြီး ဖြစ်သည် ။ ''

(ဇီဝကသုတ်)


တချို့သော နိုင်ငံများ၌ မဟာယန ဗုဒ္ဓဘာသာ ဂိုဏ်းသားများသည် သက်သတ်လွတ် ဟင်းသီးဟင်းရွက် စားခြင်း ကိစ္စကို အတိအကျ လိုက်နာ ကျင့်သုံးကြပါတယ် ။ မိမိတို့က နှစ်သက်လို့ ဟင်းသီးဟင်းရွက် (သက်သတ်လွတ်) စားတာကို ဘာသာရေး အမည်ခံပြီး ပြုလုပ်ချင် ပြုလုပ်နိုင်သော်လည်း အသားစားတဲ့ လူတွေကိုတော့ ပြစ်တင် ပုတ်ခတ်ဖို့ မသင့်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ မူရင်း ဝိနည်းဒေသနာတော်တွေထဲမှာ ဗုဒ္ဓဘာသာဝင်များဟာ ဟင်းသီးဟင်းရွက်ကိုပဲ စားအပ်ကြောင်း သိက္ခာပုဒ် ပြဋ္ဌာန်းထားတာ လုံးဝမရှိပါဘူး ဆိုတာ သတိပြုသင့်ပါတယ် ။ ဗုဒ္ဓဘာသာသည် မဇ္ဈိမ ပဋိပဒါ အလယ်အလတ်လမ်း ဖြစ်ကြောင်းကိုလည်း သတိပြုသင့်ပါတယ်။ ဒါဟာ လွတ်လပ်ခွင့်ရှိတဲ့ ဘာသာပါ။ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမများဟာ အစွန်းတစ်ဖက်ကို ရောက်အောင် မကျင့်ကြံရပါဘူး။

ဟင်းသီး ဟင်းရွက်ချည်း မစားဘဲ အသားစားတဲ့သူတွေ ထဲမှာလည်း သနား ကြင်နာတက်သူတွေ ၊ နှိမ့်ချသူတွေ၊ ယဉ်ကျေးသိမ်မွေ့သူတွေ အများ အပြားရှိပါတယ်။ ဒါကြောင့် ဘာသာတရားကို တကယ် ကိုင်းရှိုင်းတဲ့သူဟာ ဟင်းသီးဟင်းရွက် စားသူပဲ ဖြစ်ရမယ်လို့တော့ မစားသူကို ကိုယ်ကျင့်တရားအရ မှားတယ်ဆိုတဲ့ အပြောမျိုးတော့ မလုပ်သင့်ပါဘူး လို့ ထင်မြင်ယူဆမိပါတယ် ။

ကျနော် ဒီစာကို ရေးရတဲ့ ရည်ရွယ်ချက်က အသားစာသူ/မသားသူ ၊ ဟင်းသီးဟင်းရွက် စားသူ/မစားသူ တို့ အပေါ် တစ်စုံတစ်ရာပြောဆို လိုခြင်း လုံးဝ လုံးဝမရှိပါဘူး ။



ဆန်းလွင် (ရှင်အာဒိစ္စရံသီ)

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တာက ----- မှ ကိုးကား ပါသည် ။


ရဲဝင်းထွန်း

August 29,2011

No comments:

Post a Comment