ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ သတိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီးဝ၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
က) မှတ်နည်းမှာ
၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။
ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။
ဂ) ပြင်းထန်သလား၊ နူးညံ့သလား သိအောင်လုပရမည်။ ထွက်လေ ၀င်လေသည် စိတ္တဇ၀ါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေက ကြမ်းသည်။ နီဝရဏ တရား ၅ ပါး မကင်းလျှင် ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။ ၄င်းကြောင့် ဖြစ်တဲ့စိတ်က ကြမ်းပါသည်။ နီဝရဏဆိုသည်မှာ-
၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
၂) အလိုမကျတဲ့စိတ်
၃) ငိုက်မျဉ်းတာ
၎) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
၅) မဆုံးဖြတ်နိုင်တဲ့စိတ်
ဃ)နီဝရဏ ကင်း၍ စိတ်တွေသိမ်မွေ့သွားတဲ့အခါ ၀င်လေထွက်လေသည် နူးညံ့လာပါသည်။ သိပ်ပြီး သိမ်မွေ့လာရင် ထွက်လေ၀င်လေ ရှိမှရှိသေးလားလို့ ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်-
၁) အမိဝမ်းထဲက ကလေး
၂) သေသွားတဲ့ပုဂ္ဂိုလ်
၃) သေခါနီးမိန်းမျောနေတဲ့သူ
၎) စတုထ္တဈာန်ဝင်စားနေသူ
၅) နိရောဓသမာပတ်ဝင်စားသူ
၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)
င) ၀ီရိယစိုက်ပြီးရှုလျှင် သိမ်မွေ့နေသော ၀င်လေထွက်လေကို တွေ့လာလိမ့်မည်။ စိတ်တွေကြည်လာတတ်သည်။ အဖြူရောင် ညစ်ထေးထေး နမိတ် စပေါ်လာမည်။ ပေါ်လာကစတွင် ၀င်လေထွက်လေက သတ်သတ် နမိတ်က သတ်သတ် ဖြစ်နေတတ်သည်။ ယင်းသို့ နမိတ်ပေါ်လာလျှင် စိတ်ကပေါ်လာသော နိမိတ်ပေါ်ရောက်သွားတတ်သည်။ နမိတ်ကိုဆက်ရှုရမည်။ နမိတ် ပျောက်သွားလျှင် ဘာဝနာစိတ်ကို ၀င်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာဝနာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာ နှာခေါင်းထဲက လှုပ်ရှားနေသော မီးခိုးတန်းလို၊ ဖြူဖြူဖွေးဖွေး ၀ါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာဝနာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ ဈာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။ လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည် အထိ အာရုံပြုပွါများလျှင် ဈာန်စခန်းသို့ ရောက်ပြီ။ ၄င်းဈာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။
နမိတ် ၃ မျိုးမှာ-
၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
၂) မီးခိုးတန်းလို ၀ါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
ဈာန်မှာ အင်္ဂါ ၅ ပါး ရှိသည်။
၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ၀ိတက်
၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ၀ိစာရ
၃) ၀ိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်ဝတ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ
၎) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။
၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမဈာန်ဟု ခေါ်သည်။ စိတ်က နီဝရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။
ဤနေရာတွင် ၀ိပဿနာမရှုလိုသေးပါက ၀ိတက် ၀ိစာရကိုပယ်လျှင် ဒုတိယဈာန်၊ ပီတိကိုပယ်လျှင် တတိယဈာန်၊ သုခကိုပယ်လျှင် စတုထ္ထဈာန်အထိ တက်သွားနိုင်သည်။ ဈာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွားပါသည်။ ပထမဈာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ၀ါယောဓါတ်ဖြစ်သည့် ရူပ်ကိုရှုရင် ကယာနုပဿနာ။ ပီတိ၊ သုခ ဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကို သိနေသော စိတ်ကိုရှုရင် စိတ္တာနုပဿနာ။
ထိုစိတ် စေတသိတ်နှင့် ရုပ်များ မမြဲဘူးဆိုသည့် အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ၀ိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။ ယင်းသို့ သုံးသပ်သောဉာဏ်က သမ္မသနဉာဏ်ရဲ့ အစဖြစ်ပါသည်။ ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိ ခံစားမှု ဝေဒနာသည် စေတသိတ်၊ ချမ်းသာမှုကို သိနေသည့် စိတ်သည် ၀ိဉာဏ်၊ ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြား သိလာခဲ့သောဉာဏ်ကို နာမရူပပဋိစ္ဆေဒဉာဏ်။ သက္ကာယဒိဌိ ကင်းသွားပါပြီ။ ထိုနာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ၀ါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။
ဤသို့အကြောင်းအကျိုးကြောင့် ဖြစ်နေသော ရုပ်နာမ်နှစ်ပါး၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဓမ္မာနုပဿနာသတိပဌာန်နှင့် ၀ိပဿနာရှုလျှင် သမ္မသနဉာဏ် ဖြစ်ပြီ။ ၄င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်က ဥဒယဗ္ဗယဉာဏ် ဖြစ်သည်။ ဖြစ်လာတာတွေ့လျှင် ဥစ္ဆေဒဒိဌိပြုတ်ပြီး ပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိ ပြုတ်ပါသည်။
ဖြစ်ခြင်းနှင့် ပျက်ခြင်းတွင် ပျက်ခြင်းက ကြောက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။ အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ် ပါသည်။ ၀ါယောရုပ်ကိုပဲ ဖြစ်ဖြစ်၊ ဝေဒနာတစ်လုံးကိုဖြစ်ဖြစ်၊ ကြည်လင်နေသော စိတ်ကလေး တစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာ ဆိုသည့် သံဝေဂဉာဏ် ဘယဉာဏ် ပေါ်လာပါသည်။ ထိုပျောက်ပျက်နေသော ခန္ဓာက အားကိုးစရာမဟုတ်ဟု သိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ် ဖြစ်လာစေပါသည်။ ယင်းနောက်တွင် ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် ပေါ်ပါသည်။ ထိုသို့ မလိုချင်ပဲ ရှုမှတ်နေရတာကို လွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။
သို့သော် ရေနစ်မှာကြောက်၍ ခွေးသေကောင် ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာဝနာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသော ဥပက္ခာဝေဒနာ ဖြစ်နေပါပြီ။ ၄င်းဉာဏ်ကို သင်္ခါရုပက္ခာဉာဏ် ဟု ခေါ်ပါသည်။
ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန် ကျေးဇူးပြုသည့် အနုလောမဉာဏ် ဖြစ်ပေါ်လာပါပြီ။ ဆက်လက်၍ အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်က သင်္ခတ အာရုံကို မယူတော့ပဲ အသင်္ခတကို မျော်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ ယင်းနောက်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက် ချုပ်ပျာက်ခဲ့ပုံ ပယ်ပြီးကိလေသများကို ပြန်ဆင်ခြင်သည့် ပစ္စ၀က္ခဏာဉာဏ် ပေါ်လာပါသည်။ အာနာပါနသတိပဌာန်သည် သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္ဈင် ရ ပါး ဖြစ်ပါသည်။
(ဆရာတော် အရှင်ဉာဏိသရ ဟောကြားသော အာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
(Credit to ပြေဇော် & www.dhammaweb.net)
No comments:
Post a Comment