Monday, January 30, 2012

နောက်ဘ၀အတွက် ဘယ်ကံအကျိုးပေးမလဲ - (၃)

အကျိုးပေးဖို့ရာ ဂရုကံမရှိရင် ဒုတိယဖြစ်တဲ့ အာသန္နကံ အခွင့်အလမ်းနှင့် ကြည့်ကြစို့။



ကားမှောက်လို့ ရေနစ်လို့ လုပ်ကြံခံရလို့ စသည်ဖြင့် ရုတ်တရက်သေဆုံးရမှုတွေ ရှိတတ်ပါတယ်။ ဒီကိစ္စတွေမှာ ရုတ်တရက်ကြုံတွေ့ရတဲ့ အာရုံတွေနှင့်သာ သေဆုံးကြရဖို့ များပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာ ကြိုတင်ပြင်ဆင်ခွင့်မရလို့ ကံတရားအတိုင်းပဲ ထားကြပါစို့။ ဘယ်လိုမှ ပြင်ဆင်ခွင့် မရတာဘဲကိုး။





အသက်အရွယ်အရဖြစ်စေ၊ ရောဂါအခြေအနေအရဖြစ်စေ သေရတော့မယ်လို့ သိလာတဲ့အခါမှာတော့ ကြိုတင်ပြင်ဆင်ဖို့ အခွင့်အလမ်း ရတတ်ကြတယ်။ ဒီအခွင့်အလမ်းတွေက -

(၁) နားလည်သူတွေ စီမံပေး ဟောပြောပေးလို့ ကောင်းတဲ့အာရုံတစ်ခုခုကို အာရုံပြုဖို့ အခွင့်အရေး ရတတ်ပါတယ်။

(၂) မိမိရဲ့ ပင်ကိုယ်အသိနဲ့ ဘုရားအာရုံ တရားအာရုံ ဒါနမှု သီလမှုစသည်တွေကို အာရုံပြုနေဖို့ အခွင့်အရေးရတတ်ပါတယ်။





ဒါတွေဟာ အာသန္နကံကောင်းဖြစ်အောင် ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေပါပဲ။ ဒီထဲက မိမိသေခါနီးမှာ စီမံပေး၊ ဟောပြောပေးမယ့်သူ ရှိမယ်မရှိဘူဆိုတာ အာမခံချက်ရှိတဲ့ကိစ္စမှ မဟုတ်ဘဲ။ ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုအခြေအနေမျိုးနှင့် သေရမယ်ရယ်လို့ သိနိုင်ကြတာမှ မဟုတ်တာ။ ဒါကြောင့် သေခါနီးမှာ သူတပါးရဲ့ စီမံပေးမှု၊ ဟောပြောပေးမှုကို အားကိုးဖို့ဆိုတာ မရေရာတတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ပြီးတော့ - သေခါနီးကျတော့မှ ကောက်ကာငင်ကာ ဘုရားအာရုံ တရားအာရုံကိုယူဖို့၊ ဒါနမှု သီလမှုတွေကို အာရုံပြုဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်ဘဲ။ လက်ရှိမှာပဲ ဒီလိုအာရုံကို ရုတ်တရက်ယူနိုင်သလားလို့ မိမိကိုယ် ပြန်သုံးသပ်ကြည့်ပါ။ ကြိုတင်အလေ့အလာလုပ်ထားပါမှ ဖြစ်နိုင်ခြေရှိမယ့်ကိစ္စပါ။ ဒီလို ကြိုတင်အလေ့အလာလုပ်ထားတယ်ဆိုတာ “အာစိဏ္ဏကံ” ပါပဲ။





ဒီတော့ တတိယအခွင့်အလမ်းအားကောင်းတဲ့ အာစိဏ္ဏကံဟာ မိမိအနာဂတ်ဘဝအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သတိပြု မိလောက်ပါပြီ။ ဆက်ပြီး လေ့လာကြည့်ကြစို့။



အာစိဏ္ဏကံဆိုတာ နှစ်ရှည်လများ အစဉ်တစိုက်လုပ်ခဲ့ရတဲ့ အလုပ်။ ဒါမှမဟုတ် တစ်ကြိမ်တစ်ခါ လုပ်တာဖြစ်ပေမဲ့ စွဲစွဲမြဲမြဲ သတိတရဖြစ်နေတဲ့ကံလို့ ပြောခဲ့ပြီးပါပြီ။





နောက်ဘဝဆိုတာ မလွဲမသွေကြုံရမှာမို့ ကောင်းတဲ့ဘဝသစ်တစ်ခုမှာဖြစ်နိုင်ဖို့ ကောင်းတဲ့အာစိဏ္ဏကံ တစ်ခုခုရှိနေအောင် ကြိုးစားထား သင့်ပါတယ်။ အလေ့အကျင့်အားကောင်းရင် အားကောင်းသလောက် အာရုံယူရမှု လျင်မြန်တာကြောင့် အလျင်အမြန်အာရုံယူနိုင်အောင်အထိ အလေ့အလာ လုပ်ထားသင့်ပါတယ်။ အချို့က အသက်ငယ်သေးတယ်၊ နောက်မှလုပ်မယ်၊ အချိန်မရသေးလို့ စသည်ဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး အချိန်ဆွဲတတ်ကြတယ်။ သေခြင်းတရားက ငယ်သူကြီးသူရယ်လို့ ရွေးမနေတာကို လူတိုင်းနားလည်ပြီးသားပါ။ အသက်ငယ်သေးလို့ အချိန်မရသေးလို့ စသည်ဖြင့် မိမိက သက်သက်ညှာညှာ အချိန်ပေးပေမဲ့ သေခြင်းတရားက ဒီလိုနားလည်မှုရှိတာမျိုးမှ မဟုတ်ဘဲ။ ခွင့်လွှတ် သက်ညှာတတ်တာမှ မဟုတ်ဘဲ။





မကောင်းတဲ့ကံတစ်ခုခု အကျိုးပေးခွင့်ရသွာလို့ အပါယ်လေးပါးရောက်သွားရင်တော့ ခံပေရောပဲ။ အပါယ်လေးပါးရောက် သွားပြီဆို ရင် ကောင်းတဲ့အာစိဏ္ဏကံလုပ်ဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်သွားပါပြီ။ ငရဲရောက်နေသူ ပြိတ္တာဖြစ်နေသူ အသူရကာယ်ဖြစ်နေ သူ ခွေး ဝက် ကြက်စသည်ဖြင့် တိရစ္ဆာန်ဖြစ်နေသူတွေရဲ့ အခြေအနေကို တွေးကြည့်ပါ။ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝဆင်းရဲ ရယ်၊ ယခုလို အသိဉာဏ်မျိုး မရှိနိုင်တာရယ်ကြောင့် အပါယ်လေးပါးက ပြန်လွတ်ဖို့ကိစ္စဟာ အတော်ခက်သွားပါပြီ။ ဒီသဘောကို သိစေချင်လို့ ရှင်တော်ဘုရားက လိပ်ကန်းကြီး ဥပမာပေးပြီး လူ့ဘဝကိုရဖို့ ခက်ခဲကြောင်း ဟောတော်မူခဲ့တာပါ။ ဒီအကြောင်းကို ကာဏကစ္ဆပေါပမသုတ်မှာ တွေ့နိုင်ပါတယ်။ သူသူငါငါ ကြားဖူးကြတာမို့ အကျယ်မပြောတော့ပါဘူး။





အာစိဏ္ဏကံပြီးတော့ စတုတ္ထအခွင့်အလမ်းအားကောင်းတဲ့ ကဋတ္တာကံနှင့် လေ့လာကြည့်ကြစို့။



ကောင်းတဲ့အာစိဏ္ဏကံဖြစ်စေ မကောင်းတဲ့အာစိဏ္ဏကံဖြစ်စေ အကျိုးပေးခွင့်မသာရင်တော့ အတိတ်ဘဝတွေ၊ ဒါမှမဟုတ် လက်ရှိဘဝမှာ အမှတ်မထင်ပြုလုပ်ထားတဲ့ ကံတွေရှိပါတယ်။ ဒီကံတွေထဲက ကံတစ်ခုခုအကျိုးပေးပါလိမ့်မယ်။ ဒါက “ကဋတ္တာကံ”ရဲ့ အကျိုးပေးမှုဖြစ်ပါတယ်။





သတ္တဝါတွေအတွက် အချစ်ဆုံးသူကို ညွှန်ပြပါဆိုရင် မိမိကိုယ်သာ ညွှန်ပြရမှာပါ။ မိမိကိုယ်ချစ်မှန်းသိရင် တကယ်ချစ်ရာရောက်အောင်လုပ်တတ်ဖို့ အရေးကြီးပါတယ်။ လက်ရှိဘဝတင်မဟုတ်ဘဲ အနာဂတ်အထိမျှော်တွေးပြီး ချစ်တတ်ဖို့ လိုပါတယ်။ ညီနှင့်အကို မောင်နှင့်နှမ ဆရာနှင့်တပည့် ဘယ်လောက် ချစ်တယ်ခင်တယ်ပြောပြော ကိုယ်ရေးကြုံလာပြီဆိုရင် ကိုယ့်ဘက်ဆွဲတတ်ကြမြဲပါ။ ဇနီးနှင့်ခင်ပွန်း ဘယ်လောက်ချစ်ပါတယ်ဆိုဆို မိမိလောက်မချစ်နိုင်ကြပါဘူး။ မိမိကိုယ်သာ အသားပေးကြတာပါ။ ဥပမာပြောရရင် ကောသလမင်းကြီးကို ကြည့်နိုင်ပါတယ်။



တစ်ခါက ကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားတို့ဟာ နန်းတော်အိပ်ဆောင်မှာ ညအိပ်ခါနီး ရောက်တတ်ရာရာ ပြောနေမိကြပါသတဲ့။ ဒီလိုပြောနေကြရင်း ကောသလမင်းကြီးက “ဘယ်သူ့ကို အချစ်ဆုံးလဲ” လို့ မေးပါတယ်။ မောင်တော်ဘုရားကို အချစ်ဆုံးပါဆိုတဲ့အဖြေကို မလ္လိကာပေးလိမ့်မယ်လို့ ဘုရင်ကောသလ ထင်ခဲ့ပါတယ်။ မျှော်လည်းမျှော်လင့်ခဲ့ပါတယ်။ ဒီလိုအဖြေမျိုးက လောကမှာ ချစ်ကြ သူတွေချင်း ပြောရိုးဆိုစဉ်မဟုတ်လား။ ဒီတော့ ဘုရင်ကြီးလည်း မျှော်လင့်ပေမပေါ့။ ဒါပေမဲ့ ဒီနေရာမှာ ဘုရင်ကြီးမျှော်လင့်သလို မဟုတ်ခဲ့ဘူး။ မလ္လိကာမိဖုရားက “သူ့ကိုယ်သူ အချစ်ပါ” လို့ ဖြေလိုက်တယ်။ ဘုရင်ကြီး အတော်အခံရခက်သွားတယ်။ စိတ်ကောက်သွားလိုက်တာ ရက်အတန်ကြာအောင် မိဖုရားကြီးကို မခေါ်နိုင် မပြောနိုင်ဖြစ်သွားတဲ့အထိပဲ။





ပြီးတော့ - အဿကဘုရင်ကြီးရဲ့ ဖြစ်ရပ်ကလည်း ရှိသေးတယ်။



တစ်ခါက အဿကဘုရင်ကြီးမှာ အသက်ကလည်းငယ်၊ ရုပ်ကလည်းအလွန်လှပြီး ဘုရင်ကြီးအပေါ်လည်း အလွန်အလိုက်သိတတ်တဲ့ မိဖုရားတစ်ဦးရှိတယ်။ နာမည်က “ဥပရိဒေဝီ”တဲ့။ ဘုရင်ကြီး အလိုလိုက် အချစ်ပိုရတဲ့ မိဖုရားပေါ့။ အရွယ်ကောင်းစဉ်မှာပဲ မိဖုရား ရုတ်တရက် ကွယ်လွန်သွားပါရော။ ဘုရင်ကြီး ဘာပြောကောင်းမလဲ မိဖုရားစိတ်နှင့် မအိပ်နိုင် မစားနိုင် ပူဆွေးသောက အကြီးအကျယ်ဖြစ်ရတယ်။ မိဖုရားအလောင်းကို မပစ်ရက်လို့ နန်းတော်ထဲမှာပဲ ထားတယ်။





ဒီအချိန်မှာ အလောင်းတော်ရသေ့ဟာ ဟိမဝန္တာကနေ ဘုရင့်ဥယျာဉ်တော်သို့ ရောက်လာပါတယ်။ မိဖုရားကြီး ဘယ်ဘဝကိုရောက်နေ တယ်ဆိုတာ ပြောနိုင်ကြောင်း လုလင်ငယ်တစ်ဦးကို အမိန့်ရှိလိုက်ပါတယ်။ လုလင်ငယ်က ဘုရင်ကြီးကို သံတော်ဦးသွားတင်တော့ ဘုရင်ကြီးလိုက်လာပြီး မိဖုရားကြီးရဲ့ တမလွန်ဘဝကိုပြောပြဖို့ တောင်းပန်ပါတယ်။ အလောင်းတော်ရသေ့က ဥယျာဉ်တော် အတွင်း နွားချေးပုံတစ်ခုအောက်မှာနေတဲ့ နွားချေးပိုးနှစ်ကောင်ကို အဘိညာဉ်တန်ခိုးနှင့် ခေါ်ယူလိုက်ပါတယ်။ ရောက်လာတော့ အလောင်းတော် ရသေ့က မေးပါတယ်။ ဒီအခါမှာ နွားချေးပိုးမက “သူဟာ အတိတ်ဘဝက ဥပရိမိဖုရားဖြစ်ပါကြောင်း၊ ယခုအခါ ဥယျာဉ်တော် အတွင်းမှာ နွားချေးပိုးမ ဖြစ်နေပါကြောင်း၊ အတိတ်ဘဝက အဿကဘုရင်နှင့် ထီးနန်းစည်းစိမ်ကို အတူခံစားပြီး ဥယျာဉ်တော် အတွင်းမှာ လှည့်လည်သွားလာ အတူပျော်ရွှင်ခဲ့ဖူးပေမဲ့ ဘဝခြားသွားပြီဖြစ်ကြောင်း၊ အတူပါလာသူမှာ ယခုဘဝကြင်ဖော် နွားချေးပိုးထီးဖြစ်ကြောင်း၊ လက်ရှိ ဘဝ အတူနေရတဲ့ နွားချေးပိုးထီးကိုသာ ချစ်တော့ကြောင်း” လျှောက်ထားပါတယ်။





ဒီစကားကိုကြားတာနှင့် ဥပရိမိဖုရားအပေါ်ထားခဲ့တဲ့ ဘုရင်ကြီးရဲ့ မေတ္တာတွေ သံယောဇဉ်တွေဆိုတာ ဘယ်ရောက်ကုန်မှန်းမသိဘူး။ မစွန့်ရက် မပစ်ရက်ထားတဲ့ မိဖုရားအလောင်းကို ချက်ချင်းလွှင့်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ရေချိုးဦးခေါင်းလျှော်ပြီးမှ နန်းတော်သို့ဝင်ပြီး အခြား တစ်ယောက်ကို မိဖုရားမြှောက်ပါတော့တယ်။





ဒီသာဓကတွေဟာ ဘာကိုဖော်ညွှန်းနေသလဲဆိုရင် ပါးစပ်က ကြားကောင်းအောင် ဘယ်လိုပြောနေပြောနေ မိမိကိုယ်သာ အချစ်ဆုံးဖြစ်ကြောင်း ညွှန်ပြနေတာဖြစ်ပါတယ်။ ဘုရင်ကောသလဟာ မလ္လိကာမိဖုရားရဲ့ ဒုတိယလူဖြစ်ရတာကို လက်မခံနိုင် မမကျေနပ်နိုင်ပါဘူး။ မလ္လိကာရဲ့ ပဌမလူက သူဖြစ်ရမယ်၊ မလ္လိကာကိုယ်တိုင်က ဒုတိယနေရာမှာ နေရမယ်၊ ဒီလိုဖြစ်စေချင်တာ။ ဖြစ်မလာတော့ ဘုရင်ကြီး စိတ်ကောက်တယ်။ ချစ်ရပါတယ်ဆိုတဲ့ မိဖုရားကို အပြစ်မြင်တော့တယ်။





အဿကဘုရင်လည်း ချစ်ရတဲ့မိဖုရားမို့ အလောင်းကိုပင် မစွန့်ရက်မပစ်ရက်ထားခဲ့ပေမဲ့ သူ့ကိုယ်သူ ဒုတိယလူ၊ နွားချေးပိုးလောက်မှ အသိအမှတ်ပြုမခံရသူလို့ သိသွားတဲ့အခါ မိဖုရားအလောင်းကို ချက်ချင်းလွှင့်ပစ်ဖို့ အမိန့်ပေးပါတယ်။ မိဖုရားအပေါ်ထားခဲ့တဲ့ မေတ္တာတွေ သံယောဇဉ်တွေ ကွယ်ပျောက်ပြီး ချက်ချင်းအပြစ်မြင်သွားပါတယ်။ ဒါတွေဟာ ပါးစပ်က ဘယ်လိုပြောပြော မိမိနှင့်ပတ်သက်လာရင် ချစ်လှပါတယ် ဆိုတဲ့မိဖုရားကိုပင် အပြစ်မြင်လောက်အောင် မိမိကိုယ်ချစ်ကြောင်း ဖော်ညွှန်းနေတဲ့ သာဓကတွေပါပဲ။





ပြီးတော့ ရှိပါသေးတယ်။ မိဘနှင့်သားသမီးတို့ရဲ့ချစ်ခင်မှုကို အသန့်ရှင်းဆုံး အခိုင်မြဲဆုံးလို့ လောကမှာ ပြောရိုးဆိုစဉ်ရှိပါတယ်။ ဒီလောက် ချစ်ခင်မှုခိုင်မြဲပါတယ်ဆိုတဲ့ မိဘနှင့်သားသမီးပင်လျှင် ကိုယ်ရေးကြုံလာရင် မိမိကိုယ်သာ ဦးစားပေးတတ်ကြတာပါ။ ပြောဆိုဆုံးမတာကိုမနာခံဘဲ ဂုဏ်သိက္ခာထိခိုက်အောင် အကြိမ်ကြိမ်လုပ်လို့၊ ပစ္စည်းဥစ္စာတွေကို ဖြုန်းတီးလို့၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် အမျိုးမျိုးလုပ်လို့၊ ကိုယ်ထိလက်ရောက်စော်ကားလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သားသမီးကို အမွေဖြတ်စွန့်ပစ်တာတွေ၊ မခေါ်နိုင်မပြောနိုင်ဖြစ်ကြ တာတွေကို တွေ့ဖူးကြားဖူးနေကြတာပဲ မဟုတ်လား။





မိမိကိုယ်ကျတော့ အမျိုးမျိုးကာကွယ်ကြတော့တာပါပဲ။ မဖြစ်သင့်မလုပ်သင့်တာ လုပ်မိတာကိုပင် ဘာကြောင့်ညာကြောင့်ဆိုပြီး ဆင်ခြေဆင်လက်ပေးတတ်ကြပါတယ်။ အပြစ်ကိုရှောင်လွှဲတတ်ကြပါတယ်။ ဒါတွေဟာ မိမိကိုယ် ဘယ်လောက်ချစ်တယ်ဆိုတဲ့ သာဓကတွေပါ။ ဒါပေမဲ့ ဒီလုပ်ရပ်တွေဟာ လက်ရှိဘဝအတွက်လောက်ပဲ ချစ်တတ်ကြတဲ့သဘောပါ။ အနာဂတ်အထိ မျှော်တွေးချစ်တတ်ဖို့က အရေးကြီးပါတယ်။ အနာဂတ်အထိ မျှော်တွေးနိုင်ပါမှ မိမိကိုယ် တကယ်ချစ်တတ်သူ ဖြစ်ပါလိမ့်မယ်။ အနာဂတ်အထိ မျှော်တွေးနိုင်ဖို့က အာစိဏ္ဏကံကောင်းတစ်ခုခု မရှိမဖြစ်ရှိနေဖို့ လိုအပ်ပါတယ်။ ဒီထက်စွမ်းနိုင်ရင်တော့ အရိယာဖြစ်အောင် ကျင့်ကြံနိုင်ရင် အကောင်းဆုံးပေါ့။





ဒါကြောင့် ဆီမီးလှူ ပန်းလှူ ရေချမ်းလှူ ဆွမ်းလှူ ဆွမ်းလောင်းစတဲ့ ဒါနမှုတွေ၊ နေ့စဉ် ငါးပါးသီလ၊ ဥပုသ်နေ့တွေမှာ ဥပုသ်သီလထိန်းမှုစတဲ့ သီလမှုတွေ၊ ဘုရားဝတ်တတ်မှု၊ ပုတီးစိပ်မှု၊ ရုပ်နာမ်တရားရဲ့ မမြဲတဲ့အနိစ္စသဘော ဆင်းရဲတဲ့ဒုက္ခသဘော အစိုးမရတဲ့ အနတ္တသဘောကို ထင်မြင်အောင်ရှုမှတ်တဲ့ ဘာဝနာမှုတွေကို ကျင့်ဝတ်တစ်ခု၊ အဓိဋ္ဌာန်ချက်တစ်ခုအနေဖြင့်ထားပြီး နေ့စဉ်မှန်မှန် လုပ်ထားသင့်ပါတယ်။ လုပ်တဲ့အခါလည်း ပတ်ဝန်းကျင်အထင်ကြီးရုံ ကြည့်ကောင်းရုံမဟုတ်ဘဲ မိမိစိတ်မှာ တကယ် လိုလိုလားလား ကြည်ကြည်နူးနူးဖြစ်အောင် လုပ်ထားသင့်ပါတယ်။





ဒီအာရုံတွေကို နှလုံးသားမှာ စွဲထင်နေအောင် အလေ့အလာလုပ်ထားသူဟာ ရုတ်တရက်ကြုံလာရတဲ့ အခြားအာရုံတွေကို အလွယ်တကူ ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီလိုကောင်းမွန်တဲ့အာရုံနှင့် ဘဝကူးခဲ့ရင် တမလွန်ဟာ ကောင်းတဲ့ဘဝဖြစ်ဖို့ သေချာပါတယ်။





ဒီသဘောကိုနားလည်ကြလို့ ပညာရှိသူတော်ကောင်းကြီးများဟာ ဒါနမှု သီလမှု ဘာဝနာမှုတွေကို အာစိဏ္ဏကံမြောက်အောင် ကြိုးစား လုပ်ဆောင်သွားကြတာ ဖြစ်ပါတယ်။ အနာဂတ်အထိ မျှော်တွေးပြီး မိမိကိုယ်ချစ်ပြသွားကြတာ ဖြစ်ပါတယ်။ အခြားသူတွေကိုလည်း အာစိဏ္ဏကံကောင်းတွေ လုပ်မိစုမိကြစေလိုလို့ အကုသိုလ်မှန်သမျှရှောင်ဖို့၊ ကုသိုလ်မှန်သမျှလုပ်ဆောင်ဖို့ ဆုံးမတိုက်တွန်းသွားကြတာ ဖြစ်ပါတယ်။ “ကုသိုလ်တစ်ခုနေ့စဉ်ပြု” ဆိုတဲ့လမ်းညွှန်ကို ပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။





ဒီတော့ [B]မိမိမှာ နောင်ဘဝအတွက် စိတ်ကျေနပ်လောက်တဲ့ အာစိဏ္ဏကံကောင်းတစ်ခုခု ရှိပြီးပြီလား?-[/B] ဒါဟာ မိမိကိုယ်မိမိ နေ့စဉ်မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ တကယ်လို့ မရှိသေးဘူးဆိုရင်တော့ မိမိကိုယ်မိမိ တကယ်ချစ်တာမဟုတ်သေးဘူး။ မိမိကိုယ်မိမိ မချစ်တတ်သေးဘူးလို့သာ မှတ်ပါ။





ပြဆိုခဲ့တဲ့ လေ့လာချက်တွေဟာ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်များကိုအခြေခံပြီး နောက်ဘဝ ပဋိသန္ဓေကျိုးကိုပေးမယ့် ကံသဘောကို ယေဘုယျလေ့လာကြည့်တဲ့ အချက်အလက်တွေသာ ဖြစ်ပါတယ်။ ဘယ်သူ့ကို နောက်ဘဝမှာ ဘယ်ကံက ဘယ်လိုအကျိုးပေးမယ်လို့ အတိအကျသိနိုင်တာက ရှင်တော်မြတ်ဘုရားရဲ့ “ဝိပါကဉာဏ်တော်” အရာသာဖြစ်ပါတယ်။ အခြားသူတွေရဲ့အရာ မဟုတ်ပါဘူး။





ဒါပေမဲ့ ရှင်တော်မြတ်ဘုရားရဲ့ ဒေသနာတော်တွေဟာ မှန်(ကြေးမုံ)နှင့် တူပါတယ်။ လောကမှာ အသုံးပြုနေကြတဲ့ မှန်(ကြေးမုံ)ဟာ မျက်စိအမြင်ရှိသူတိုင်း မိမိအခြေအနေကို ကြည့်နိုင်မြင်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ပြုံးနေရင်ပြုံးနေတဲ့အတိုင်း၊ မဲ့နေရင်မဲ့နေတဲ့အတိုင်း၊ ငိုနေရင် ငိုနေတဲ့အတိုင်း၊ ရယ်နေရင် ရယ်နေတဲ့အတိုင်း တွေ့နိုင်မြင်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ပစ္စည်းရှိပစ္စည်းမဲ့၊ အာဏာရှိ အာဏာမဲ့ဆိုပြီး မျက်နှာလိုက်လေ့မရှိပါဘူး။ သဘာဝအတိုင်း တွေ့မြင်နိုင်တဲ့အရာ ဖြစ်ပါတယ်။





ဒီအတိုင်းပါပဲ။ ရှင်တော်မြတ်ဘုရားရဲ့ ဒေသနာတော်တွေဟာ (ကြေးမုံ)မှန်တွေပါပဲ။ ကံအကျိုးပေးသဘောကို နားလည်သဘောပေါက်သူတိုင်း မိမိရဲ့ တမလွန်အခြေအနေကို ကြည့်ရှုနိုင် မြင်တွေ့နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ မိမိရဲ့ လက်ရှိလုပ်ရပ်တွေကို ရှင်တော်ဘုရားရဲ့ ဒေသနာတော် (ကြေးမုံ)မှန်မှာ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ မိမိမှာ ကောင်းတဲ့ဂရုကံ၊ ကောင်းတဲ့အာစိဏ္ဏကံစသည် ရှိ-မရှိ၊ မကောင်းတဲ့ ဂရုကံ၊ မကောင်းတဲ့အာစိဏ္ဏကံစသည် ရှိ-မရှိကိစ္စကို မိမိကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ ကောင်းတဲ့ဂရုကံ၊ ကောင်းတဲ့အာစိဏ္ဏကံစသည် ရှိနေရင် မိမိရဲ့ ကောင်းတဲ့အနာဂတ်ဘဝသစ်ကို မြင်တွေ့နိုင်သလို၊ မကောင်းတဲ့ဂရုကံ၊ မကောင်းတဲ့အာစိဏ္ဏကံစသည် ရှိနေရင်လည်း မကောင်းတဲ့အနာဂတ်ဘဝသစ်ကို မြင်တွေ့နိုင်ပါတယ်။ ။



မေတ္တာများဖြင့်



အရှင်သိရိန္ဒ

No comments:

Post a Comment