အကြောင်းတရားမျိုးစေ့ကြောင့် အကျိုးတရားသစ်ပင်ပေါက်သလို ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်နေရတဲ့ အကျိုးတရားဖြစ်တဲ့ ဓာတ်ကြီးလေးပါးရဲ့အစုအဝေး(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆိုတဲ့ရုပ်ဒွါရ)တွေနဲ့ မနောအကြည်တွေဟာ ဖြစ်ပြီး ပြီးချင်း(တစ်စက္ကန့်မျှမကြာသော ကာလအတွင်းမှာပင်)ချုပ်ပျောက်သွားတယ်၊ ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်းတရားအသစ် အသစ်တို့ဆက်ဆက်ပံ့ပိုး နေမှုကြောင့်ဒွါရအသစ် အသစ်တွေမပြတ်တရစပ် အစားပြန်ထိုးနေဖောက် ပြန်ပျက်စီးနေပြန်တယ်။ အစားထိုးလိုက်တဲ့ ဒွါရနဲ့အာရုံ တွေ့ဆုံတဲ့ အချိန်မှာ ဘာအဓိပ္ပါယ် သတ်မှတ်ချက်မှမရှိတဲ့ (ဘာမှမဟုတ်တဲ့)(သိစိတ်) သဘောလေးပေါ်လာတယ်။ပေါ်ပြီးပြီးချင်း ချုပ်သွား သော်လည်းထပ် အစားထိုး နေတဲ့ဒွါရအသစ်အသစ်တွေနဲ့အာရုံအသစ်အသစ် တွေမပြတ်တရစပ်တွေ့ဆုံ နေတဲ့အတွက် ဘာအဓိပ္ပါယ် သတ်မှတ်ချက်မှ မရှိတဲ့(သိစိတ်)သဘောလေးတွေကလည်း မပြတ်တရစပ်ပေါ်နေတယ်။ ဥပမာ မျက်စိအကြည်နဲ့ မြင်စရာအာရုံနဲ့ဆုံတွေ့တဲ့ အကြောင်းကြောင့် ဘာအဓိပ္ပါယ်သတ်မှတ်ချက်မှ မရှိတဲ့(ဘာမှမဟုတ်တဲ့ သိစိတ်)သဘောလေးအကျိုးတရားအဖြစ်ပေါ်လာတယ်။
နားအကြည်နဲ့ ကြားစရာအာရုံနဲ့ တွေ့ဆုံမှုအကြောင်းကြောင့် ဘာမှမဟုတ်တဲ့ သဘောလေးပေါ်လာတယ်၊ မနောအကြည်နဲ့တွေးစရာ၊ သိစရာအာရုံတိုက်ဆိုင်မှု အကြောင်းကြောင့်လည်း ဘာမှမဟုတ်တဲ့သဘောလေးပေါ်လာတယ်။အဲ့ဒါကို မျက်စိမှာပေါ်ရင်မြင်တယ်၊ နားမှာပေါ်ရင်ကြားတယ်၊ မနောမှာပေါ်ရင် တွေးတယ်၊သိတယ်စသည်ဖြင့် သတ်မှတ်ကြတယ်။ အဲဒီသတ်မှတ်ချက်တွေ အပေါ်မှာလည်းအကောင်းအဆိုးလိုက်ခံစားကြရင် ပူလောင်ပင်ပန်းနေကြရတယ်။အဲဒါတွေကြောင့် ဘယ်အကြောင်းတရား၊အကျိုးတရား၊ဘာသတ်မှတ်ချက်အပေါ်မှာမှမမှီခိုတဲ့၊ မငြိတွယ်တဲ့၊ပြုပြင်အစားထိုး၊သတ်မှတ်နေရတဲ့ ဒုက္ခတွေကင်းနေတဲ့ထာဝရ လွတ်မြောက်မှုချမ်းသာအစစ်ကို နားမလည်နိုင်ဘဲ၊ (ရှိမှန်းတောင်မသိဘဲ) ဖြစ်နေကြရတာပါ။
(၁)စိတ်လေ့ကျင့်ခန်း ပထမအဆင့် -
သဘောသက်သက်ကိုသာလက်ခံပြီး တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ ဟုလှေနံဓါးထစ်တရားသေ ဆုပ်ကိုင်ထားသောအထင်မှားအစွဲကို ဖြုတ်ခြင်း။မျက်စိမှိတ်ထိုင်နေတယ်ဆိုရင် ခါးနဲ့ခေါင်းကို မတ်မတ်ထားပါ။ တစ်ကိုယ်လုံးမှာရှိတဲ့အကြောတွေကို ကိုယ်သိသမျှ တစ်မျှင်မျှမကျန်အောင် လျှော့ထားပါ။ တကယ်မရှိတဲ့ သတ်မှတ်ချက်ပညတ်လောကထဲကနေ လွတ်မြောက်နိုင်ဖို့ အတွက် အရင်ဦးဆုံးသဘောလေး သက်သက်ကိုသာလက်ခံပြီးတစ်ခုခု၊ တစ်ယောက်ယောက်၊တစ်ချိန်ချိန်၊ တစ်နေရာရာ ဟူသော အစွဲသတ်မှတ်ချက်တွေကို စိတ်ကစွန့်လွှတ်ထားပါ။သွားလာ၊ပြောဆို၊လုပ်ကိုင်၊နေထိုင်၊စကားပြော၊စာဖတ်နေရင်း တရားနှလုံးသွင်းလို့မြင်တဲ့သဘောကထင်ရှားနေရင်လည်း ဘယ်သူ၊ ဘယ်ဝါပဲ၊ ဘာပဲ၊ညာပဲလို့ အဓိပ္ပါယ်မဖွင့်ဆိုဘဲမြင်တယ်ဆိုတဲ့ စကားပညတ် လည်းမပါစေဘဲ မြင်ရုံ သက်သက်သဘောလေး ကိုသာတိုက်ရိုက် သိနိုင်ဖို့ကြိုးစားနေပါ။ ကြားတဲ့သဘောကထင်ရှားနေရင်လည်းကြားတယ်ဆိုတဲ့ စကားလုံးပညတ်မပါစေဘဲ ကြားရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက် သိနေပါ၊ဘယ်သူပြောတယ်၊ ငါ့ကိုပြောတယ်၊ဘာတွေ ပြောနေတယ်ဆိုတဲ့ ငါသင်၊ငါတတ်၊ငါသိတွေကို စွန့်လွှတ်ထားပါ။ဝင်လေ၊ထွက်လေကထင်ရှားနေရင်လည်းဝင်လေထွက်လေနဲ့နှာသီးဖျားနဲ့ ထိရုံသက်သက်သဘောလေးကိုသာတိုက်ရိုက်သိနေပါ။ ဝင်တယ်၊ထွက်တယ်၊ရှူတယ်၊ရှိုက်တယ်၊ထိတယ်၊ သိတယ်ဆိုတဲ့ စကားလုံး ပညတ်တွေမပါပါစေနဲ့။ အာရုံပုံရိပ်တွေ ထင်ထင်ရှားရှားပေါ်နေရင်လည်း ဘာပဲညာပဲဆိုတဲ့ ဆိုင်းဘုတ်တွေမပါစေဘဲပေါ်ရုံ သက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ စိတ်အားကြီးလို့တစ်ခုခု သိတာထင်ရှားနေ (သို့) နဖူးအထက်မှာစိတ်ရောက် နေတယ်ဆိုရင်လည်း သိရုံ သက်သက်သဘောလေးကိုသာတိုက်ရိုက်သိနေပါ။ နှလုံးသားမှာဖြစ်ဖြစ်၊ ဗိုက်မှာဖြစ်ဖြစ်စိတ်ရောက်နေ တယ်ဆိုရင်လည်း လှုပ်ရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ ဝေဒနာတစ်ခုခုခံစားနေရတယ်ဆိုရင်လည်းနာတယ်၊ ကျင်တယ်၊ကိုက်တယ်၊ခဲတယ်၊မူးတယ်၊မောတယ် ဆိုတဲ့စကားပညတ်တွေ မပါစေဘဲ ဖြစ်ရုံ၊ခံစားရုံ သက်သက်သဘောလေး ကိုသာတိုက်ရိုက်သိနေပါ။ သဘောလေးတစ်ခုဟာတစ်စက္ကန့်ရဲ့အပုံတစ်သိန်းပုံတစ်ပုံတောင်သက်တမ်းမရှိပါဘူး။တစ်ချိန်မှာ သဘောလေး (ဖြစ်ဆဲ စိတ်၊စေတသိက်၊ရုပ် သဘောအစုအပေါင်းတစ်စု)တစ်ခုပဲ ပေါ်ပါတယ်။ သဘောတစ်ခုက အလုပ်တစ်ခုကိုသာလုပ်ပါတယ်။ မြင်တဲ့စိတ်ကမြင်ရုံသက်သက်မျှပဲ၊ မြင်တဲ့အလုပ်တစ်ခုကိုသာ လုပ်ပြီးချုပ်သွားပါတယ်၊ကြားတဲ့စိတ်က ကြားရုံသက်သက်၊ ကြားတဲ့အလုပ်တစ်ခုကို သာလုပ်ပြီးချုပ်သွားပါတယ်။ သိတဲ့စိတ်ကသိရုံသက်သက်မျှပဲ၊ ဘာကိုမှသိတာမဟုတ်ဘဲသိတဲ့ အလုပ်တစ်ခုကိုသာလုပ်ပြီး ချုပ်သွားပါတယ်။ တာဝန်ကိုယ်စီ၊ တစ်စိတ်စီ၊ တစ်ကန့်စီပါ။ ဆွေမျိုးတော့တော်ပါတယ်။ ဒီတစ်စိတ်တည်းတော့ မဟုတ်ပါဘူး။ သဲမှုန်တွေအစုအဝေးကို သဲသောင်ပြင်ကြီး၊ သဲကန္တာရကြီး၊ရေမှုန်တွေအစုအဝေးကို တိမ်တိုက်ကြီး၊ ရေပြင်ကြီး၊ ရေခဲတုံးကြီးလို့၊ ခေါင်း၊ ကိုယ်၊ ခြေလက်အစုအဝေးကို လူလို့၊တိရစ္ဆာန်လို့၊သဘောအသစ်အသစ်(သိစိတ်) လေးတွေ မပြတ်တရစပ် အစားထိုးနေတာကို ငါ့စိတ်လို့ ဆက်စပ်ပေါင်းယူတာတွေဟာမိစ္ဆာဒိဋ္ဌိ အယူမှားပါပဲ။ တစ်ခုတစ်ယောက်တည်းမဟုတ်တာကို တစ်ခု၊တစ်ယောက်တည်းလို့ ယူတာ၊တကယ် မရှိတာကို တကယ်အရှိ လို့ယူတာ၊ဘာမှမဟုတ်တာကိုဘာပဲညာပဲဆိုပြီး အဟုတ်လုပ်တာ မိစ္စာဒိဋ္ဌိပါပဲ။ အဲဒါကြောင့်ဖြစ်ရုံ သက်သက်သဘောလေးကိုသာသိနေပြီးတခြားဘာအသိကိုမှလက်မခံပါနဲ့။ လက်ခံထားတဲ့ သဘော ပရမတ်လေး တွေကိုလည်း အတ္တစွဲနဲ့ငါ့သဘောလေး၊ ဘာသဘော၊ညာသဘော လို့မထင်(မသတ်မှတ်) လိုက်ပါနဲ့။ အာရုံနဲ့ဒွါရပေါင်းဆုံတဲ့ အကြောင်း ကြောင့်ဖြစ်ပေါ်လာတဲ့ ဘာအဓိပ္ပါယ်သတ်မှတ်ချက်မှမရှိတဲ့(ဘာမှမဟုတ်တဲ့) (သိစိတ်) သဘောအကျိုးသက်သက်ပါ၊အကြောင်း ကြောင့်ပေါ်လာတဲ့အကျိုးပဲရှိပါတယ်။ ငါ၊သူ၊ယောက်ျား၊မိန်းမ၊ယောဂီ၊လူကြီး၊ကလေး၊ ဆိုတဲ့နဂိုသညာသိ၊မှတ်သိကို စွန့်လွှတ် ထားပါ။ငါသင်၊ငါတတ်၊ ငါသိတွေဖြစ်တဲ့ဘယ်သူ၊ဘယ်ဝါဆိုတာတွေ အားလုံးကိုစွန့်လွှတ်ထားပါ။စွန့်လွှတ်ရလို့လည်း နှမျှော စရာမရှိပါဘူး။တကယ်ရှိ မဟုတ်ဘဲအထင်ရှိသက်သက်သာဖြစ်တဲ့ စိတ်ကူးထဲကအိမ်ကိုဖြိုရတာပါပဲ။ တကယ်မရှိတဲ့ အထင် (ပညတ်)လောကကနေ တကယ်ရှိတဲ့ပရမတ်လောကထဲကိုဝင်ရမှာပါ။ အခုမှဤအနတ္တတိုက်ရိုက် တရားရှုမှတ်နည်းကိုစသိ သူများအတွက်ပထမဆုံးအကြိမ်စအားထုတ်ရာမှာ စစချင်းဆယ်မိနစ်ခန့်စီ အချိန်ပေးပါ၊သဘောသက်သက်ဆိုတာကို စိတ်ထဲ ကကျေကျေနပ်နပ် လက်ခံနိုင်ပြီဆိုရင်တော့ နောက်ပိုင်းဆက်အားထုတ်ရာမှာ ဤပထမအဆင့်ကပြန်စနေစရာမလိုတော့ပါ။
(၂) စိတ်လေ့ကျင့်ခန်း ဒုတိယအဆင့် -
ဘာမှမဟုတ်ဘူးဆိုတဲ့ စကြဝဠာအနန္တလုံးဆိုင်ရာ၊ သတ္တဝါအနန္တလုံး ဆိုင်ရာ အမှန်တရား(အနတ္တ) ဥပဒေကိုအတိအကျ လက်ခံလိုက်နာပြီးသဘောပရမတ်စွဲကိုပါထပ်ဖြုတ်ခြင်း။ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားအတိုင်းကိုယ့်မှာဖြစ်နေကျ စိတ်တွေကိုဆန့်ကျင်နေတာ၊ ဆက်ဖြစ်ခွင့် မပေးတာ လက်တွေ့လုပ်ရမယ့် ဒုတိယ အဆင့် စိတ်လေ့ကျင့်ခန်းပါပဲ။ ပထမအဆင့်မှာ လက်ခံလိုက်တဲ့သဘောပရမတ်တွေအကုန်လုံးကို (ဖြစ်သမျှ၊ သိသမျှ၊ ပြုလုပ်သမျှ၊ဖြစ်ရုံ၊ သိရုံ၊ပြုလုပ်ရုံသက်သက်ကလေး၊ တစ်စုံတစ်ခု၊တစ်ဦးတစ်ယောက်၊တစ်ချိန်ချိန်၊ တစ်နေရာရာမဟုတ်ဘူး) ဘာမှမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပါ။ အဲဒီလို ဘာမှမဟုတ်ဘူးလို့ ဆုံးဖြတ်နေတဲ့ စိတ်ကလေးကိုယ်၌ကိုကဘာမှမဟုတ်တာပါ။ တရားလုပ်ရတဲ့ ရည်ရွယ်ချက်က ငါလို့ဆုပ်ကိုင်စရာမရှိတဲ့ အမှန်တရားကို သိအောင်လုပ်ရတာပါ။ (စိတ်)သဘောတွေကိုရှိတယ်ထင်ပြီး၊ ငါစိတ်ပဲငါပဲလို့ စွဲနေတဲ့အစွ ကိုစွန့်လွှတ်ရတာပါ။ အဲဒါကြောင့် တကယ်မရှိတာကို အရှိထင်တဲ့၊ ဘာမှမဟုတ်တာကို အဟုတ်ထင်တဲ့ အမှားသိတွေကို လုံးဝလက်မခံဘဲ ဘာမှမဟုတ်တဲ့ ပရမတ်သဘာဝကြီးကိုသာ အပြီးအပိုင် ပုံအပ်ယုံကြည်လိုက်ပါ။ ဘာမှမဟုတ်တာကို နားလည်တဲ့ကိုယ်ပိုင် ဥာဏ်မရသေးခင်မှာတော့ ဆရာသမားကို ယုံကြည်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်ဘာမှမဟုတ်သလို ဟန်ဆောင်နေပြီးစိတ်ထဲကနေ(သိစိတ်)သဘော လေးတွေကို ဘာမှမဟုတ်ဘူးလို့သာ တရစပ်လိုက်ရွတ်နေလိုက်ပါ။ တရားမထိုင်တဲ့အခါမှာလည်း လုပ်ရင်းကိုင်ရင်းပါတစ်နေကုန် နှလုံးသွင်းနေနိုင်ဖို့ (ကိုယ့်ကိုယ်ကို ဘာမှမဟုတ်ဘူးလို့ ခံယူပြီး ဘာမှမဟုတ်တဲ့ပရမတ် (အနတ္တ)ရှုထောင့်ဘက်ကနေ အမြဲနေတတ်ဖို့ အထိကြိုးစားရပါမယ်။ တစ်သံသရာလုံးကြည့်(သိ) လာခဲ့တဲ့အတ္တ(အမှား)ရှုထောင့်ကိုစွန့်ပြီး ဘာမှမဟုတ်တဲ့ ပရမတ်(အနတ္တ အမှန်တရား) ရှုထောင့်ဘက်ကနေဥာဏ်နဲ့ပြောင်းကြည့်(သိ)ပေးရတာပါ။ စိတ်ကနဂိုလက်ခံပေါင်းနေကျ အာရုံတွေကိုလက်ခံမပေါင်းတာပါ၊ အာရုံတွေ တင်မက၊စိတ်ကိုပါငါ့စိတ်အဖြစ် မသိမ်းပိုက်ဖို့ပါ။ ဘာမှမဟုတ်တာမှအမှန်တရား၊ ဒါဘယ်တော့မှ မပြောင်းလဲတဲ့ သစ္စာတရား၊ဒါကလွဲရင် ကျန်တာတွေ အကုန်အမှားဆိုပြီး ကိုယ့်စိတ်ထဲကိုယ် လက်ခံထားတဲ့ကျန်အမှားတွေကိုအြ
(၃)တတိယအဆင့်
(အနတ္တဥာဏ်၏ မျိုးစေ့(ဖြစ်တာတွေရဲ့ ဘာမှမဟုတ်တဲ့အမှန် တရားကို သိတဲ့အသိ) ဖြစ်ပေါ်ခြင်း နှင့်ထိန်းသိမ်း စောင့်ရှောက်ခြင်း)
ကိုယ့်မှာဖြစ်နေကျ စိတ်တွေကိုဆန့်ကျင်နေတာဖြစ်ဖြစ်၊ဘာမှမဟုတ်ဘူးဆိုတာကိုသာ မပြတ်တရစပ် နှလုံးသွင်းနေပါများရင်ဖြစ်ဖြစ် ဘာမှမဟုတ်ဘူးလို့လိုက်ရွတ်နေစရာမလိုတော့ဘဲဘာမှမဟုတ်တာ(အနတ္တ) ကိုခုနှစ်ရက်အတွင်း တိုက်ရိုက်သိလာပါလိမ့်မယ်။ တစ်ခါသိရုံနဲ့ မပြီးဘဲအဲဒီဘာမှမဟုတ်တာကိုသိတဲ့စိတ်ကို မိနစ်ပိုင်းလောက်အထိဆက်ဆက်ဖြစ်အောင်ကြိုးစားဖို့လိုပြန်ပါတယ်။ ကိုယ့်စိတ်ကအကျင့်ပါနေတဲ့ လုပ်ချင်၊ကိုင်ချင်၊ တွေးချင်၊ကြံချင်၊ပြောချင်၊ ဆိုချင်စိတ်တွေ ပေါ်လာရင်လည်း မလုပ်ဘူး၊ မပြောဘူးလို့ တမင်အတ္တနဲ့ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲနဲ့အဲဒါတွေကိုလုပ်ကိုင်တွေးကြံချင်တဲ့စိတ်သဘောလို့ပါ သတ်မှတ်လက်ခံမနေဘဲဘာမှမဟုတ်ဘူး (အနတ္တ)လို့တိုက်ရိုက် သိသိနေနိုင်အောင် ကြိုးစားပါ၊ဘာမှမဟုတ်တာကို ဆက်ကာဆက်ကာ သိသိစပြုလာရင်အဲဒီလို ဘာမှမဟုတ်ဘူး(အနတ္တ) လို့ သိနေတာကိုလည်း ငါသိတယ်လို့လက်မခံဘဲ အနတ္တကအနတ္တကိုသိနေတယ် (သိမှုသက်သက် ကလေးပဲရှိတယ်၊သိသူမရှိဘူး) ဆိုတာကိုပါ လက်ခံနိုင်ဖို့ ဆက်ကြိုးစားပါ။ ဒီလိုဘာမှမဟုတ်တဲ့ အနတ္တ အမှန်တရားဥပဒေကို စိတ်ကလက်ခံလိုက် နာကျင့်သုံးနေတဲ့ကြားထဲက တစ်ငါငါနဲ့ လုပ်ခဲ့တဲ့ အစွဲတွေကြောင့်ဖြစ်နေကျ တွေးစိတ်၊ ပျံ့လွှင့်စိတ်၊ ငိုက်မြည်းစိတ်၊ ကိုယ့်ကိုယ်ကိုရော၊ဒီတရားတော်အပေါ်မှာရောသံသယစိတ် တွေပေါ်လာရင်လည်းဘာမှမဟုတ်မှတော့ ဘာမှဖြစ်စရာမရှိဘူးဆိုပြီး အဖြစ်ကိုလက်မခံတဲ့ စိတ်အသစ်အသစ်ကိုသာ မပြတ်ဖြစ်ခွင့်ပေးပြီး ပေါ် လာတဲ့စိတ်အစဉ်ကိုနှလုံးသားထဲမှာဆက်ဆက်ဖြစ်ခွင့်မရအောင်စိတ်စွမ်းကုန်တိုက်ဖျက်ခြင်းဖြင့်
မိမိရဲ့အနတ္တစိတ်စွမ်းအားကို တစ်ခုခု၊ တစ်ယောက်ယောက်၊တစ်ချိန်ချိန်၊တစ်နေရာရာ စသည်ဖြင့်ဘာကိုမှမသိတော့တဲ့ အဆင့်ရောက်သည်အထိ၊ (ပြုလုပ်မှု၊တစ်ခုခုသိနေမှုကင်းတဲ့ အနတ္တ စိတ်သက်သက်သာကျန်သည်အထိ)အစွမ်းကုန်တိုးမြှင့်ပေးပါ။ ဒီတတိယအဆင့်က စတုတ္ထအဆင့် အနတ္တ ဥာဏ် (ဝိပဿနာဥာဏ်) စစ်စစ်အလိုလိုမပေါ်မချင်း မပြတ်တရစပ်ဆက်တိုက် ပြုလုပ်ရမယ့်အလုပ်ပါပဲ။ ပြီးတော့ ဘယ်တရား အဆင့်ရောက်နေနေ ကိလေသာ အကြွင်းမဲ့ မပပျောက်သေး မချင်း(ကိုယ့်မှာဖြစ်နေကျစိတ်တွေ လုံးဝထပ်မဖြစ်ပေါ်တော့သည်အထိ)ထပ်ပြန်တလဲလဲ ပြုလုပ်ရမယ့်အလုပ်ပါပဲ။
(၄) စတုတ္ထအဆင့်
ဘာမှမဟုတ်ဘူးဆိုတဲ့ စကြဝဠာအနန္တလုံးဆိုင်ရာ၊သတ္တဝါအနန္တလုံးဆိုင်ရာအမှန်တရားကို နားလည်တဲ့ဥာဏ် (အနတ္တ ဝိပဿနာဥာဏ်) အစစ်ပေါ်လာခြင်း
တတိယအဆင့်အလုပ်ကို မပြတ်တရစပ် ပြုလုပ်ပါများရင် စိတ်၊စေတသိက်၊ရုပ်သဘောပရမတ်တွေရဲ့ အနတ္တ အမှန်တရားကိုသိနေတာလည်း ငါသိနေတာမဟုတ်ဘဲ အဲဒီသိတဲ့သဘောလေးကလည်းဘာမှမဟုတ်ဘူး (အနတ္တ)လို့မှန်မှန်ကန်ကန် သိသွားပြီးစတုတ္ထအဆင့် ဖြစ်တဲ့အဖြစ်ကိုမငြိတွယ်တဲ့၊မဆိုင်မှန်းသိတဲ့၊ဘာမှ(တစ်ခုခု) မဟုတ်မှန်းသိတဲ့၊ အနတ္တဥာဏ်၊ ဝိပဿနာဥာဏ်စစ်စစ်ဖြစ်လာပါမယ်။ ဒါမှအမှန်တရားဆိုပြီး စိတ်ဇွဲသန်သန်၊ ဝီရိယကြီးကြီးနဲ့ တစ်စိုက်မတ်မတ်၊တရစပ်လုပ်မှလည်း အမှန်တရားကိုနားလည်နိုင်လောက်သည်အထိ စိတ်စင်ကြယ်မှုစွမ်းအားပြည့်ဝလာပြီး စိတ်ရဲ့ ထုံးတမ်းစဉ်လာကိုပြောင်းလဲတဲ့ ဒီအလုပ်ကို အမြဲအသစ်အသစ်ဖြစ်နေတဲ့ စိတ်ကလေးသက်သက်က လုပ်တတ်စပြုလာမှာပါ၊ အနတ္တအမှန်တရား (သဘာဝတရား)အတိုင်းလုပ်တတ်၊ နေတတ်စပြုလာမှာပါ။များများ လေ့ကျင့်လေ မြန်မြန်နဲ့ပိုပို ကျွမ်းကျင် လာလေလေပါပဲ။ ဖြစ်ပျက်မြင်တယ်လို့ ပြောကြပေမယ့် ဖြစ်သဘောနဲ့ ပျက်သဘော နှစ်ခုစလုံးကို တစ်ဥာဏ် တည်းနဲ့သိနိုင်တဲ့သဘော လုံးဝမရှိပါဘူး။ ဥာဏ်ရိ နေချိန်မှာ တခြားဘာမှ ယှဉ်ဖြစ်ခွင့်မရတဲ့အတွက် အဖြစ်ကို သိနေတာဟာ အမှန်သိကို မဟုတ်ပါဘူး။စိတ်က စိတ်သက်သက်ဘက်ကသာအမှန်သိမယ်ဆိုရင်ကိုယ့်စိတ်အစဉ်မှာသိရုံသက်သက် စိတ်ရှိနေဆဲ အင်မတန် တိုတောင်းတဲ့အချိန်လေး မှာအဲဒီအသိစွမ်းအင်သက်သက်စိတ်ကလွဲလို့အခြားဘာစွမ်းအင်မှ ရှိမနေပါ ဘူး။ အဲဒီတော့ ငါစွဲ ကင်းတဲ့စင်ကြယ်တဲ့စိတ်က ဘာမှသိစရာမရှိပါဘူး။ ဖြစ်ပျက်မြင်တယ် ဆိုတဲ့ စကားပညတ်က တစ်ခုခုပျက်တာကို မြင် တယ်၊ငါမြင်တယ်ဆိုတဲ့ သဘောသက်ရောက်နေ ပါတယ်။ဝိပဿနာအမြင်မှန်က သိစရာမရှိတာ (ဘာမှမဟုတ်တာ)ကို သိကာမတ္တ(သိသူမရှိတဲ့) စိတ်ပါ။ဥာဏ်ပေါ်လာပြီးပြန်ပြန် ပျောက်သွားရင်လည်း ထုံးတမ်းစဉ်လာစိတ်ကို ဆန့်ကျင်တဲ့ဒီအလုပ်ကို မပြတ်တရစပ်ပြုလုပ်နေ ပါ၊ကိုယ့်ရဲ့တစ်ငါငါနဲ့ပြုလုပ်နေကျကာယကံ၊ဝစီကံ၊မနောကံတွေကိုလုံးဝ ထပ်ဖြစ်ခွင့်မရအောင် (သူ့သဘောသူဆောင်ပြီး သူ့အလိုလိုသာ ပြုလုပ်တဲ့၊ဖြစ်နေတဲ့၊အနတ္တစိတ် သက်သက်သာကျန်အောင်) အပြတ်တိုက်ဖျက်နေပါ။ အဲဒီအသိကိုပိုင်နိုင်ဖို့၊ကိုယ်ပိုင်ဥာဏ်စိတ်ဖြစ် ဖို့ကတတ်နိုင်သလောက် ကြာနိုင်သမျှ ကြာကြာဆက်ကာဆက်ကာဖြစ်ဖို့ လိုပြန်ပါတယ်။အရှုံးပေရမှုများ၊ စိတ်ဓာတ်ကျမှု များဘယ်လောက်ပဲ ကြုံတွေ့ရပါစေ ကိုယ့်စိတ်စွမ်းအားနဲ့ပဲဖြစ်ဖြစ်၊ ကိလေသာအောင်ပွဲခံပြီးသား ဆရာသမားရဲ့ စိတ်စွမ်းအားအကူအညီနဲ့ပဲ ဖြစ်ဖြစ် ကိလေသာကို ထပ်ပြန်တလဲလဲတန်ပြန်ထိုးစစ်ဆင်နေခြင်းအားဖြင့် ကိုယ့်စိတ်စွမ်းရည်ကို မြှင့်သထက်မြှင့်လာအောင် ဇွဲနပဲကြီးကြီး ကြိုးစား နေရမှာပါ။
(၅) ပဉ္စမအဆင့်
ပရမတ်နိဗ္ဗာန်ကိုနားလည်တဲ့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ပေါ်လာခြင်း။
ဖြစ်သမျှ၊သိသမျှ၊ ပြုလုပ်သမျှသဘောတွေရဲ့ ဘာမှမဟုတ်တဲ့ အမှန်တရားကိုချည်း(အဖြစ်ကိုသိတာမဟုတ်ဘဲ၊ဖြစ်တာ တွေရဲ့သုညတသဘောကိုချည်း) ဆယ်မိနစ်၊ဆယ့်ငါးမိနစ်ခန့် မပြတ်သိသိနေပါများရင် (ဆယ်မိနစ်လောက်တစ်ဆက်တည်းသိဖို့ကို မပြတ်တရစပ်ညှိယူနေရမယ့်အချိန်က မနက်ကညနေ၊ ညနေကမနက် (သို့) ၇ရက်(သို့) ၇လ (သို့) ၇နှစ်ကြာကောင်း ကြာနိုင်ပါတယ်။) ရုပ်နာမ် သင်္ခါရတရားတွေရဲ့ဘာမှမဟုတ်တဲ့ သုညတအမှန်တရားတွေနဲ့ ဒါကိုသိနေတဲ့ဝိပဿနာဥာဏ်စဉ်အတွဲတွေ မျိုးဆက် ပြတ်ချုပ်သွားပြီးဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကင်းတဲ့ ပြုပြင်ဖန်တီး၊အစားထိုးနေရခြင်းကင်းတဲ့၊ မပြတ်တရစပ် လိုက်လိုက် သိနေရခြင်းကင်းတဲ့၊ ဘာသတ်မှတ်ချက်အပေါ်မှာမှမမှီခိုတဲ့ လွတ်မြောက်မှုချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗာန်နဲ့နိဗ္ဗာန်ကို သိတဲ့စင်ကြယ်တဲ့စိတ် (ခန္ခ္ဓာငါးပါးစစ်စစ်) မဂ် ဥာဏ်၊ ဖိုလ်ဥာဏ်အတွဲတွေ(စက္ကန့်ပိုင်းအားဖြင့်) ပေါ်လာပါ လိမ့်မယ်။ နိဗ္ဗာန်ဆိုတဲ့ တစ်ခုတည်းသောခိုင်မြဲရာကို သိမြငရတော့မှလည်း ကိုယ့်ရဲ့ မသိစိတ်မှာ အစဉ်အမြဲ ကိန်းဝပ်နေတဲ့ ငါဆိုတဲ့ အထင်မှားနဲ့ဘုရား၊တရား၊ သံဃာရတနာအစစ်သုံးပါးရဲ့ အားကိုးရာအစစ် အဖြစ်တည်ရှိမှု၊ နေရာပေးထားရမှု အပေါ်မှာ ယုံမှားသံသယအမြစ်ပြတ်သေပြီး မဆုံးနိုင်တဲ့ အမှန်တရားရှာနေရတဲ့ဒုက္ခ၊ အားကိုးရှာနေရတဲ့ဒုက္ခ၊ ချမ်း သာရှာနေရတဲ့ဒုက္ခ၊ ဘုရားရွေး၊ ဘာသာတရားရွေး၊ ရိပ်သာရွေး၊ နည်းလမ်းရွေးနေရတဲ့ဒုက္ခတွေမှ လုံးဝလွတ်မြောက်သွားပါလိမ့်မယ်။ ကိုယ့်အလုပ် အမှားအမှန်ကိုဘာနဲ့မှတိုင်းတာမနေဘဲ ဆက်လက်အားထုတ်ခြင်း(မှန်မှန်ကန်ကန် ကျင့်လို့သိတဲ့အသိကို မှန်မှန်ကန်ကန် ဆက် လက်ကျင့်ကြံအားထုတ်ခြင်း) ဖြင့်သာ (အလုပ်ကို အလုပ်နဲ့သာ)ရှင်းပါ။ စာဖတ်သိကိုစာနဲ့ရှင်းရမှာပါ။ နားထောင်လို့သိတဲ့ အသိကိုသာအမေးနဲ့ရှင်းရမှာပါ။ နောက်တစ်ဆင့်တက်ဖို့ကလည်း ကိုယ့်စိတ်ထဲကမပယ်နိုင်သေးလို့ ကျန်နေ၊ပေါ်နေတာတွေစိတ် ကသိနေတာတွေကို အဲဒီစိတ်ရော အာရုံရောကိုပါ ဘာမှမဟုတ်ဘူးလို့ ယုံကြည်လက်ခံတဲ့စိတ်နဲ့ မပြတ်အစားထိုးဖို့၊ သော တာပတ္တိမဂ်က မပယ်နိုင်သေးလို့ကျန်နေသေးတဲ့ ပစ္စုပ္ပန်စိတ်ကိုဘာမှမဟုတ်ဘူးလို့သာ လက်ခံနိုင်အောင်(ဘာမှမဟုတ်မှန်းသိအောင်) အရင်ထက်ပိုအားကြီးတဲ့ သတိ၊ဝီရိယ၊ သမာဓိပညာအားနဲ့ အရင်နည်းအတိုင်းပြန်ကြိုးစားဖို့ပါပဲ။ ဒီလိုနဲ့ကိုယ့်ရဲ့နဂိုစိတ်နဲ့တကွ ကိုယ့်စိတ်အစဉ်မှာ တစ်ငါငါနဲ့သိ ထားသမျှတွေကို ဘာတစ်ခုမှမကျန်အောင်၊ နောက်ထပ်လုံးဝထပ်မံပေါ်မလာတော့အောင် အဆင့်ဆင့် တိုက်ဖျက်ပစ်နိုင်ပြီဆိုရင် တော့နောက်ဆုံးမှာ အဲဒီအင်အားအကြီးဆုံးအောင်ပွဲခံ အနတ္တစိတ်နဲ့သာ အမှီအခိုကင်းကင်း၊အပူကင်းကင်း(အဒေါသ)၊ အလို ကင်းကင်း(အလောဘ)၊ ငါဆိုတဲ့အထင်မှားကင်းကင်း(အမောဟ)၊ လိုလေသေးမရှိ၊ ချမ်းချမ်းသာသာ၊ ပြည့်ပြည့်စုံစုံ နေရုံပါပဲ။ ဘုရား၊ရဟန္တာဆိုတာ ကိုယ့်အတွက်ရှင်သန်ခြင်းမဟုတ်ဘဲ အများအတွက်(သစ်ပင်တစ်ပင်လို)အတ္တမဲ့ ရှင်သန်ခြင်းပါ။ဘယ်တော့မှမသေတဲ့ အသက်မဲ့၊ထာဝရရှင်သန်ခြင်း၊စင်ကြယ်တဲ့ စိတ်၊စေတသိက်၊ရုပ် သက်သက်ပါ။ အမှန်တရားကိုသိသူမရှိ၊ အရိယာပုဂ္ဂိုလ်၊ ရဟန္တာ ပုဂ္ဂိုလ်၊လူသားဘုရား၊ထာဝရဘုရားရယ်လို့မရှိခြင်းကို နားလည်သွားတဲ့ဥာဏ်ပါ။ ဖြစ်သမျှ၊သိသမျှ၊ပြု လုပ်သမျှဘာကိုမှမငြိတွယ် တဲ့မြင်ကာမတ္တ၊ကြားကာမတ္တ၊စားကာမတ္တ၊ပြောကာမတ္တ၊လုပ်ကာမတ္တဥာဏ် (စင်ကြယ်မှုသဘောသက်သက်)သာဖြစ်ပါတယ်။ ပုထုဇဉ်ဆိုတာ ဘာမှမဟုတ်တဲ့အနတ္တ အမှန်တရားကိုနားမလည်လို့ငါတွေ၊သူတွေ၊နေတွေ၊ လတွေ၊ကမ္ဘာတွေလို့ အထင်မှားနေတဲ့၊ကိုယ့်အထင်မှားနဲ့ကိုယ် ချစ်စရာ၊မုန်းစရာ၊သနားစရာ၊ကြောက်စရာ၊ အထင်ကြီးစရာ၊ အထင်သေးစရာ၊စားစရာ၊ ရွံစရာအဖြစ်လက်ခံသတ်မှတ်ငြိတွယ်နေတဲ့မစင် ကြယ်တဲ့စိတ်၊စေတသိက်၊ ရုပ်သဘောပရမတ်၊ပစ္စုပ္ပန်အမှန်မသိမှု၊ စွမ်းအင်သက်သက်လေးမျှသာ ရှိပါတယ်။ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေတောင် ကျွတ်အောင်မချွတ်နိုင်တဲ့ သံသရာ့သစ်ငုတ်ပုထုဇဉ် ပုဂ္ဂိုလ်ငါမှငါကွလို့ကိုယ့်ကိုယ်ကို လက်မထောင် အရူးထစရာလည်း မရှိ ပါဘူး။
အရေးကြီးသော အချက်များ
(၁) အရာရာ တရားပါ။ သွားလာ၊ပြောဆို၊ လုပ်ကိုင်၊နေထိုင်၊စကားပြော၊စာဖတ်နေရင်းမှာပါ ဘာမှမဟုတ်မှန်းသိနေနိုင် အောင် ကြိုးစားခြင်းဖြင့် လုပ်နေရတဲ့အလုပ်အပေါ်မှာငါစွဲဖြုတ်ဖို့လိုပါတယ်။
(၂) လုပ်၊မလုပ်ဆိုတာထက် လုပ်ခြင်း၊မလုပ်ခြင်း နောက်မှာငါမပါဖို့သာ အရေးကြီးပါတယ်။ ဘာလုပ်တယ်၊မလုပ်တယ် ကအရေးမကြီးပါ။ လုပ်လုပ်မလုပ်လုပ်၊ ဘာမှမဟုတ်တာသိဖို့၊ လုပ်သူငါ၊မလုပ်သူငါမပါဖို့၊လုပ် လည်းစိတ်သက်သက်ကလုပ်တာ၊ မလုပ်လည်းစိတ်သက်သက်ကမလုပ်တာ သိဖို့ငါလုံးဝမပါတာသိဖို့သာ အရေးကြီးပါတယ်။
(၃) ပြုသူမရှိ၊ ဖြစ်သူမရှိ။ တရားရ၊ မရဆိုတာထက် ရလည်းငါရတာမဟုတ်၊ မှန်ကန်တဲ့မဂ္ဂင်အကြောင်း လုပ်လို့အကျိုးစစ်ဖြစ်တာ၊ မရလည်းငါမရတာမဟုတ် မှန်ကန်တဲ့အကြောင်းကို မလုပ်နိုင်လို့ အကျိုးစစ်မပေါ်တာ ဆိုတာနားလည်ဖို့လိုပါတယ်။ အဲဒီလိုနားလည်တာကိုကတရားပါ၊ အဲဒီလို နားမလည်တာကမတရားပါ။
(၄)တရား(လောကုတ္တရာ) ကို မတရား(လောကီ)နဲ့ တန်းတူမထားဖို့လိုပါတယ်။ တစ်ငါငါဆိုတဲ့အထင်မှားကြောင့် အရေးတကြီးလုပ်နေရတဲ့၊အစွဲနဲ့လုပ်နေရင် ဘယ်တော့မှမဆုံးတဲ့၊ မလုပ်တော့မှဆုံးတဲ့လောကီ ပညာရေး၊စီးပွားရေး၊ လူမှုရေး၊အိမ်ထောင်ရေး ကိစ္စတွေကို တကယ်မှန်မှန်ကန်ကန်လုပ်ရင် ရက်ပိုင်း(သို့) လပိုင်း(သို့) နှစ်ပိုင်းအတွင်း တကယ်ဆုံးတဲ့ တရားအလုပ်နဲ့ တန်းတူမထားဖို့လိုပါတယ်။ တရားတကယ် မလုပ်တတ်လို့ မတရားအလုပ်တွေ တစ်သံသရာလုံးလုပ်နေရတာပါ။ တရားတကယ်လုပ်တတ်ရင်မတရားလုပ်နေစရာ မလိုတော့ပါဘူး။ ငတ်လို့ရှာတာ မငတ်ရင်ရှာစရာမလိုတော့ဘူး။၊ မပြည့်လို့လိုတာ၊ ပြည့်နေရင်ဘာမှမလိုတော့ဘူး။ တရားသိ(ရ)ရင် အငတ်ပျောက်တယ်၊ ဘာမှမဟုတ်တာသိလို့လည်း အလိုကင်း၊ဘာဆိုဘာမှလိုလေသေးမရှိအောင်ပြီးပြည့်စုံသွားတယ်။ သစ္စာလေးပါး ပရမတ်အမှန်တရားကို သိလို့လည်းစိတ်မှာ ကိလေသာအမှားကင်းသွားတယ်။ ပူစရာဘာမှမရှိတာသိလို့လည်းအပူကင်း သွားတယ်။
(၅)ငါမရှိတဲ့အမှန်တရားကိုလက်ခံဖို့ ကြိုးစားရမယ့်အစား ငါကဘာဖြစ်တယ်ဆိုပြီး တစ်ငါငါနဲ့ ဆင်ခြေပေးနေချင်တဲ့၊ နောက်ဆုတ်အရှုံးပေးနေချင်တဲ့၊ အချိန်ရွေ့နေချင်တဲ့၊ ပျင်းရိတဲ့ကိလေသာကို မသေသေအောင်သတ်တာ တရားအလုပ်ပါ။ စားပြီးရင်းစားချင်နေရင်၊ငတ်ပြီးရင်းငတ်ချင်နေရင်၊ လိုပြီးရင်းလိုချင်နေရင်၊ ဘယ်တော့မှအလိုမပြည့်ချင်ရင်၊မအားပြီးရင်း မအားချင်နေရင်၊ ကြောက်လို့မဝအောင် ကြောက်ချင်နေရင်၊ သေပြီးရင်း သေချင်နေရင်၊ ပူပြီးရင်းပူချင်နေရင်၊ ရူးပြီးရင်းရူးချင်နေရင်၊ ဘယ်တော့မှရူးလို့မဝချင်ရင်၊ အရူးဘဝကိုစွန့်ရဲတဲ့သတ္တိ မရှိရင်တော့ တစ်သံသရာလုံးလုပ်နေကျဖြစ်တဲ့ လောကီ (ပညာရေး၊ စီးပွားရေး၊အိမ်ထောင်ရေး၊လူမှုရေး၊နိုင်ငံရေး)အလုပ်တွေ ကိုသာဆက်လုပ်နေလိုက်တော့။
(၆) တရားက စင်ကြယ်တဲ့စိတ်နဲ့မှ ရှင်းရှင်းလင်းလင်းသိနားလည်နိုင်မယ့်တရားပါ။ ငါဆိုတဲ့အထင်မှား မစင်ကြယ်တဲ့စိတ်နဲ့ ဟိုဝေဖန်၊ဒီဝေဖန်၊ဟိုလိုထင် ဒီလိုထင်နဲ့ အမျိုးမျိုးထင်မြင်ယူဆနေရမယ့်တရား မဟုတ်ပါဘူး။ တစ်ခုခု၊တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ ရှိတယ်ထင်ပြီးကိုယ့်အထင်မှားနဲ့ ကိုယ်တစ်ငါငါနဲ့ ငြိတွယ်နေတာအဝိဇ္ဇာပါ။ တစ်ခုခု၊တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ မဟုတ်တာသိနေတဲ့အတွက် ငါဆိုတဲ့အထင်မှားမရှိတာ ဝိဇ္ဇာပါ။
(၇)တရားက လူတွေအားလုံးကို ဘာမှလုပ်ချင်စိတ်မရှိတော့အောင်ပြုလုပ်တဲ့ အလုပ်မဟုတ်ပါ။ လုပ်နေချင်နေတဲ့ သမုဒယသစ္စာနဲ့ လုပ်နေရတဲ့ဒုက္ခသစ္စာရဲ့ဒုက္ခတွေကိုသိပြီးလုပ်ချင်စိတ်လုံးဝမပေါ်တဲ့အတွက် ဘာမှလည်းလုပ်မနေရဘဲ အလကား နေရင်းထိုင်ရင်း အလိုကင်းနေ၊ ပြီးပြည့်စုံနေတဲ့ ချမ်းသာမျိုးပါ။ သမုဒယနဲ့ဒုက္ခဝဋ်သစ္စာ နှစ်ပါး(အဆုံးအစမရှိတဲ့ ဝဋ်သံသရာ) ဆိုတာစားချင်စိတ်နဲ့စားနေလို့ စားနေရတဲ့ဒုက္ခကိုမသိတာ။ ချက်ပြုတ်ချင်စိတ်နဲ့ချက်ပြုတ်နေလို့ ချက်ပြုတ်နေရတဲ့ဒုက္ခကိုမသိတာ။ တွေးစားချင်စိတ်နဲ့တွေးနေလို့ တွေးနေရတဲ့ဒုက္ခကိုမသိတာ။ ပူဆွေးချင်စိတ်နဲ့ပူဆွေးနေ လို့ပူဆွေးနေရတဲ့ဒုက္ခကို မသိတာ။ သိချင်စိတ်နဲ့သိနေလို့ သိနေရတဲ့ဒုက္ခကိုမသိတာ။ ပြောချင်စိတ်နဲ့ပြောနေလို့ ပြောနေရတဲ့ဒုက္ခကိုမသိတာ။ အလကား နေချင်စိတ်နဲ့အလ ကားနေနေလို့အလကားနေနေရတဲ့ဒုက္ခကိုမသိတာ။ လုပ်ချင်စိတ်နဲ့လုပ်နေလို့ လုပ်နေရတဲ့ဒုက္ခကိုမသိတာ။ စာဖတ်ချင်စိတ်နဲ့စာဖတ်နေလို့ စာဖတ်နေရတဲ့ဒုက္ခကိုမသိတာ။ ရှူချင်၊ရှိုက်စိတ်နဲ့ရှူနေ ရှိုက်နေလို့ ရှူနေရှိုက် နေရတဲ့ဒုက္ခကိုမသိတာ။ ကိုယ့်ကိုကိုယ်လူသားတစ်ယောက် ဆိုတဲ့အထင်မှားနဲ့သိနေတဲ့ ဆရာဝန်ဖြစ်၊အင်ဂျင်နီယာ ဖြစ်သလိုမျိုးလူဖြစ်၊တိရစ္ဆာန်ဖြစ်၊နတ်ဖြစ်၊ဗြဟ္မာဖြစ်၊ အမျိုးမျိုးဖြစ်နေတာသံသရာ အစစ်မဟုတ်ပါဘူး။
(၈) အချိန်ဆိုတာ တကယ်ရှိတာမဟုတ်။ တစ်စက္ကန့်ချင်း ဘာမှမဟုတ်တာကို သိနေဖို့လိုပါတယ်။ တစ်ချိန်မှာတစ်စက္ကန့်ပဲ ရှိတာပါ။အချိန်ဆိုတာ တစ်ချိန်ချိန်အနေနဲ့ ရှိနေတာမဟုတ်ဘဲ မပြတ်တရစပ် ချုပ်ပျောက်ကုန်ဆုံးနေခြင်းပဲတကယ်ရှိတာပါ။ တစ်စက္ကန့်၊ တစ်မိနစ်၊တစ်နာရီ၊ တစ်ရက်၊တစ်လ၊တစ်နှစ်၊ တစ်ဘဝ၊တစ်ကမ္ဘာ၊ အဆုံး၊အစမရှိတဲ့သံသရာဆိုတာ တကယ်ရှိနေတာ မဟုတ်ဘဲ ကိုယ်အရှိလို့ လက်ခံထားလို့သာရှိနေတာပါ။
(၉)တရားနဲ့ရောဂါ တရားအားထုတ်လို့ရောဂါတွေများလာတာမဟုတ်ပါ။ နဂိုကရှိနေတဲ့ရောဂါတွေကို ကိုယ့်လောဘ၊ဒေါသ၊ မောဟတွေအားကြီးနေလို့ ရှိမှန်းမသိတာကို တရားအားထုတ်မှ စိတ်စင်ကြယ်လာပြီး ရောဂါရှိတာကို ရှိမှန်းသိလာတာပါ။
(၁ဝ)တရားအလုပ်က လူတွေအားလုံးကို ယောဂီ၊ ဘုန်းကြီး၊သီလရှင်တွေ ဖြစ်အောင်လုပ်တဲ့ အလုပ်မဟုတ်ပါ။ လူမရှိတာသိအောင် လုပ်ရတဲ့အလုပ်ပါ။ တစ်ငါငါနဲ့သိနေတဲ့ လူသားဘုရား၊ လူ့လောကထဲကဗုဒ္ဓဘာသာတရား၊ မိုးကုတ်တရား၊သဲအင်းတရား၊ မိုးကုတ်ဆရာတော်၊ သဲအင်းဆရာတော်ဆိုတဲ့ လူ့လောကထဲကသံဃာတော်တွေဆိုတာလည်း တကယ်မရှိတာသိပြီး ဒီလိုပညတ်နဲ့ ပရမတ်ကို ကွဲကွဲပြားပြားနားလည်တဲ့ ဥာဏ်၊လူပုဂ္ဂိုလ်မဟုတ်တဲ့ ကိုယ့်နှလုံးသားထဲက ပရမတ်ဘုရားအစစ်၊ပရမတ်တရားအစစ်၊ ပရမတ်သံဃာအစစ်ကို ပူဇော်အားကိုးတတ်လာစေဖို့ပါ။
(ဦးဥတ္တမသာရ)
(Credit to Dhammawweb.net)
No comments:
Post a Comment