Wednesday, January 11, 2012

အငြင်းပွားဖွယ်ရာမှန်တစ်ချပ်

(တော်ဝင်နွယ်)

အန္ဓပုထုဇဉ်တွကို ဒီလောက်ကြီးမားလေးလံတဲ့ ကိလေသာဝန်ထုပ်ကြီးကို သံသရာ တစ်လျှောက်လုံး မိုက်မိုက်ကန်းကန်း ထမ်းပိုးသွားနိုင်အောင် သွေးထိုးမြှောက်ပင့်ပေး တဲ့သူတွေက "တဏှာ၊ မာန၊ ဒိဋ္ဌိ"ရယ်ပါ။ သူတို့(၃)ဦးထဲမှာ "ဒိဋ္ဌိ"ဟာ အဆိုးဆုံး၊ ဇာတ်အရှုပ်ဆုံးဖြစ်ပါတယ်။

အငြင်းပွားရတဲ့မှန်တစ်ချပ်


တရားသဘောအရပြောရရင်တော့ လူတိုင်းဟာ (ဝန်ထုပ်ဝန်ပိုးတွေ ထမ်းထားရတာမို့) ဝန်ထမ်းတွေချည်းပါပဲ။ လူမှုရေးဝန်၊ ခန္ဓာဝန်၊ ကိလေသာဝန်လို့ လူသားတွေထမ်းပိုးထားရတဲ့ ဝန်(၃)ပါးထဲမှာ ကိလေသာဝန်ဟာ အလေးလံ၊ အပင်ပန်းဆုံးပါ။ ကိလေသာဝန်ထုပ်ဝန်ပိုးဟာ အမျိုးအစားအားဖြင့် (၁ဝ)ပါးတည်းဖြစ်ပေမယ့် စုစုပေါင်း အလေးချိန်ဟာ တန်ချိန်(၁၅ဝဝ)အထိရှိပါတယ်။


ဒီလောက်ကြီးမားလေးလံတဲ့ ဝန်ထုပ်ကြီးကို ထမ်းပိုးပြီး သံသရာစက်ဝန်းမှာ ကရွတ်ကင်းလျှောက်သလို သွားနေရတာဟာ "ဝဋ်ဆင်းရဲ"ပါပဲ။ ဒီလိုဝဋ်ဆင်းရဲမှာ အာဂပုထုဇဉ် (ဝါ) အန္ဓပုထုဇဉ်တွေပဲ ပျော်ပိုက်မွေ့လျော်နိုင်ကြပါတယ်။ ကလျာဏပုထုဇဉ်တွေကတော့ သံသရာစက်ဝန်းက လွတ်ကင်းစေရန် ရည်သည်ပြီး နိဗ္ဗာန်ရောက်အောင် အားထုတ်ကြပါတယ်။ နိဗ္ဗာန်ရောက်အောင် အားထုတ်တယ်ဆိုတာ ကိလေသာဝန်ထုပ်ဝန်ပိုးကို အဆင့်ဆင့်ဖြုတ်ချ စွန့်ပစ်နိုင်အောင် ကြိုးစားတာပါပဲ။


မဂ်ဉာဏ်(၄)ပါးနဲ့ အဆင့်ဆင့် ဖြုတ်ချစွန့်ပစ်လို့ နောက်ဆုံး ရဟန္တာဖြစ်တဲ့အခါ ဘဝသံသရာတစ်လျှောက်လုံးက ထမ်းပိုးလာခဲ့ရတဲ့ ဒီကိလေသာ ဝန်ထုပ်ကြီးဟာ အကုန်လုံးစွန့်ပစ်ပြီး ဖြစ်တော့တာပဲ။ အဲဒီအခါကျမှ လူသားတွေဟာ "ဝိမုတ္တိသုခ"လို့ခေါ်တဲ့ အတုမဲ့ လွတ်မြောက်ငြိမ်း အေးမှုချမ်းသာကို ခံစားကြရပါတယ်။


တကယ်ဆို အန္ဓပုထုဇဉ်တွေကို ဒီလောက်ကြီးမားလေးလံတဲ့ ကိလေသာဝန်ထုပ်ကြီးကို သံသရာတစ်လျှောက်လုံး မိုက်မိုက်ကန်းကန်း ထမ်းပိုးသွားနိုင်အောင် သွေးထိုးမြှောက်ပင့်ပေးတဲ့သူတွေက "တဏှာ၊ မာန၊ ဒိဋ္ဌိ"ရယ်ပါ။ သံသရာနယ်ချဲ့ ကိုလိုနီလက်ဟောင်းတွေပါ။ "သုံးယောက်ပေါင်းလောင်းကျော်" ဆိုပေမယ့် သူတို့(၃)ဦးထဲမှာ "ဒိဋ္ဌိ"ဟာ အဆိုးဆုံး၊ ဇာတ်အရှုပ်ဆုံးဖြစ်ပါတယ်။


သတ္တဝါတွေကို အမြင်မှား၊ အတွေးမှား၊ ဆုံးဖြတ်ချက်မှားတွေချမှတ်စေပြီး အပြုအမူအမှားတွေနဲ့ အမှားသံသရာလည်အောင် လုပ်ဆောင်ပေး နေတာဟာ "ဒိဋ္ဌိ"ရဲ့ ပင်ကိုယ်စရိုက်ပါ။ အဲဒီမိစ္ဆာဒိဋ္ဌိဟာ ဒသဂီရိဘီလူးလို ဦးခေါင်းပေါင်း(၆၂)လုံးနဲ့ သတ္တဝါတွေကို ဖမ်းစားတတ်ပါတယ်။ ဒါကြောင့်မို့ လူတွေဟာ ဘုရားရှိခိုးတိုင်း "မိစ္ဆာဒိဋ္ဌိ(၆၂)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏"လို့ ဆုတောင်းနေကြရတယ်။ ဒါပေမယ့် ဆုတောင်းနေရုံနဲ့တော့ သူ့လက်ကလွတ်ဖို့ မမြင်ပါဘူး။


နောက်ပြီး ဒိဋ္ဌိတရားဆိုးရဲ့လက်တံတွေက အင်မတန်ရှည်ပါတယ်။ သူနဲ့ထိမိငြိမိတဲ့သူတွေဟာ သူ့လက်က လွတ်အောင်ရုန်းနိုင်ခဲပါတယ်။ ဒါကြောင့် ဒီမိစ္ဆာဒိဋ္ဌိတရားတွေဟာ ပိုက်ကွန်တွေနဲ့တူပါတယ်လို့ ပိဋကစာပေမှာ ဥပမာပေးထားပါတယ်။ ဒီပိုက်ကွန်ကြီးကလည်း ကမ္ဘာကုန် ကျယ်သရွေ့ ကြီးမားတာမို့ သူ့စက်ကွင်းက မလွတ်ကင်းနိုင်ဘဲ ပျက်စီးကြရတာပဲ များပါတယ်။


ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်က "ချစ်သားတို့၊ ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်နေရင်တောင်မှ ဒီဒိဋ္ဌိတရားဆိုးကို ပယ်သတ်နိုင်အောင် အရင်ဆုံးကြိုးစားကြ။ ပကတိလှံစူး၊ ပကတိမီး အလောင်ခံရရင် တစ်ဘဝ၊ တစ်ခန္ဓာသာ သေနိုင်တယ်။ ဒီဒိဋ္ဌိတရားဆိုးတည်းဟူသော လှံစူးလို့၊ မီးအလောင်ခံရရင် ဘဝသံသရာ ခန္ဓာအဆက်ဆက် သေရမယ်"လို့ သတိပေး မိန့်ကြားတော်မူခဲ့ရပါတယ်။


တကယ်တော့ ဒိဋ္ဌိဆိုတာ မှန်မကြည့်တတ်တဲ့ လူဖျင်းလူအနဲ့ တူပါတယ်။ ဒီအကြောင်းနဲ့စပ်ပြီး ဓမ္မပုံပြင်တစ်ပုဒ်ကို ပြောပြချင်ပါတယ်။


အငြင်းပွားရတဲ့မှန်တစ်ချပ်


တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုလူအေးနဲ့ဒေါ်မွှေးလို့ အမည်ရတဲ့ ဇနီးမောင်နှံနှစ်ဦး ရှိဖူးတယ်။ ကိုလူအေးတို့နေထိုင်တဲ့ ရွာကလေးဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့အတွက် လူသူအရောက်အပေါက် အင်မတန်နည်းတယ်။ ကိုလူအေးတို့ ရွာသူရွာသားတွေကလည်း တခြားမြို့ ရွာတွေကို ရောက်ဖူတဲ့သူရှားသတဲ့။


အဲဒီတော့ နဂိုက ရိုးသားအေးဆေးလှတဲ့ ကိုလူအေးတို့ရွာသားတွေဟာ အကြားအမြင်ဗဟုသုတ နည်းပါးကြတော့ လူရိုးလူအတွေဖြစ်ကုန်တာပေါ့။ ကိုလူအေးက ဘယ်လောက်အသလဲဆိုရင် တစ်ခါက မြို့ကို နွားရောင်းသွားတဲ့အခါ လမ်းမှာတွေ့ရတဲ့ လူလည်တစ်ယောက်က သူထမ်းလာတဲ့ "ကျောက်ဖရုံသီး"ကြီးကို "ဆင်ဥ"လို့ လိမ်ညာပြီး ကိုလူအေးရဲ့နွားနဲ့ လဲယူသွားတာခံရဖူးသတဲ့။


ကိုလူအေးရဲ့ဇနီး ဒေါ်မွှေးကလည်း ကိုလူအေးနည်းတူ ရိုးအတာပါပဲ။ တစ်နေ့တော့ ကိုလူအေးဟာ တောထဲကို လယ်ထွန်သွားရင်းနဲ့ မှန်ဝိုင်းလေးတစ်ချပ်ကို လမ်းဘေးက ကောက်ရသတဲ့။ သူကတော့ မှန်ရယ်လို့ မမြင်ဖူးတော့ မသိပါဘူး။ ဒါပေမယ့် မှန်ဝိုင်းလေးကို ကောက်ယူကြည့်တဲ့အခါ မှန်ထဲမှာ ယောင်တစ်စောင်းနဲ့ ယောက်ျားတစ်ဦးရဲ့ မျက်နှာဝိုင်းဝိုင်းကြီးတစ်ခု ပေါ်လာနေတာကို မြင်လိုက်ရတာမို့ "ဟာ၊ ဒါ သေသွားတဲ့ ငါ့ဘကြီးပဲ"ဆိုပြီး အိမ်ကိုယူလာခဲ့တာပေါ့။ အိမ်ရောက်တဲ့အခါ သူ့အင်္ကျီတွေထည့်တဲ့ ထန်းခေါက်ဖာကလေးထဲမှာ မှန်ဝိုင်းလေးကို သိမ်းထားလိုက်တယ်။ ကိုလူအေးက သူ့ဘကြီးကို သတိရတိုင်း ထန်းခေါက်ဖာကလေးကိုဖွင့်ပြီး မှန်ဝိုင်းလေးကို မကြာခဏကြည့်သတဲ့။


အဲဒါကို ဒေါ်မွှေးက တွေ့သွားတော့ "ကိုလူအေးဟာ ဒီထန်းခေါက်ဖာကလေးကို ဘာကြောင့် ခဏခဏဖွင့်ကြည့်နေရတာလဲ"လို့ သိချင်လာသတဲ့။ တစ်နေ့ ကိုလူအေး တောကို လယ်ထွန်သွားနေတုန်း ဒေါ်မွှေးဟာ ကိုလူအေးရဲ့ထန်းခေါက်ဖာကလေးကို ဖွင့်ကြည့်တာပေါ့။ ဒီအခါမှာ ထန်းခေါက်ဖာထဲက မှန်ဝိုင်းကလေးကို တွေ့သွားတာပေါ့။ ဒီမှန်ဝိုင်းကလေးကို ကြည့်မိတယ်ဆိုရင်ပဲ ဒေါ်မွှေးဟာ တခါတည်း မျက်နှာကြီးနီရဲ လာပြီးတော့ စိတ်တွေဆိုး၊ ဒေါသတွေထွက်သတဲ့။ မှန်ထဲမှာပေါ်နေတဲ့ ပုံရိပ်ကိုကြည့်ပြီးတော့ "ဟင် လက်စသတ်တော့ ကိုလူအေးဟာ သူ့မယား ငယ်ပုံကို ခဏခဏ ခိုးကြည့်နေတာကိုး၊ ဒီလောက်ဖောက်ပြန်ချင်တဲ့သူ တောကပြန်လာမှ တွေ့မယ်"လို့လည်း ကြိမ်းဝါးလိုက်သေးတယ်။


ဒါနဲ့ ညနေရောက်တဲ့အခါ ကိုလူအေးလည်း လယ်ထွန်ရာက ပြန်လာခဲ့တယ်။ အိမ်ရောက်တယ်ဆိုရင်ပဲ ဒေါ်မွှေးက ဆီးကြိုပြီး ရန်တွေ့တော့တာပဲ။ "ဒီမယ်ကိုလူအေး၊ ရှင်လုပ်ပုံကောင်းသေးရဲ့လား၊ မယားကြီးတစ်ယောက်လုံး အိမ်ပေါ်မှာရှိနေပါလျက်နဲ့ မယားငယ်ပုံကို ခိုးကြည့်တာ ရှင်မရှက်ဘူးလား"တဲ့။


ဒီအခါ ကိုလူအေးက "ဟဲ့ မယ်မွှေး၊ နင်စိတ်မှကောင်းသေးရဲ့လား၊ အပတွေ စုန်းတွေ မှီလာသလား၊ ပြောစမ်းပါဦး၊ ဘယ်က မယားငယ်လဲ"ဆိုတော့ ဒေါ်မွှေးက ကိုလူအေးရဲ့ ထန်းခေါက်ဖာကလေးထဲက မှန်ဝိုင်းကလေးကို ယူလာပြီးပြတယ်။ ပါးစပ်ကလည်း "ကြည့်စမ်းပါဦး၊ ဒီပုံဟာ ရှင့်မယားငယ်ရဲ့ပုံ မဟုတ်လား၊ ဘီးဆံပတ်ကြီးနဲ့ လှမှလှ"လို့ ပြောသတဲ့။


ဒီအခါ ကိုလူအေးက "မယ်မွှေးကလည်း မဟုတ်ကဟုတ်က ပြောရော့မယ်၊ အဲဒါ ဘယ်ကလာ ငါ့မယားငယ်ပုံ ဟုတ်ရမှာလဲ။ အဲဒါ သေသွားတဲ့ငါ့ဘကြီးပုံဟဲ့၊ လာကြည့်စမ်းပါဦး၊ ယောင်တစ်စောင်းကြီးနဲ့ ဘယ်လောက်ခန့်သလဲ" လို့ ပြောပါတယ်။ ဒီလိုနဲ့ မှန်ဝိုင်းကလေးတစ်ချပ်ကို ဒေါ်မွှေးကယူကြည့်ပြီး "ကိုလူအေးရဲ့မယားငယ်ပုံ" လို့ပြောလိုက်၊ တစ်ခါ ကိုလူအေးက ယူကြည့်ပြီး "ဒါ ငါ့ဘကြီးရဲ့ပုံ" လို့ပြောလိုက်နဲ့ ငြင်းခုံလို့ မပြီးနိုင်ဘူးဖြစ်နေတယ်။


အဲဒါ နောက်ဆုံးတော့ ရွာဦးကျောင်းဆရာတော်ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူမယ်ဆိုပြီးတော့ ကိုလူအေးရော ဒေါ်မွှေးပါ ရွာဦးဘုန်းတော်ကြီးကျောင်းကို ရောက်သွားကြသတဲ့။ ဆရာတော်က "ဟဲ့ လူအေးတို့ မိမွှေးတို့၊ ဘာဖြစ်လာကြသလဲ၊ လျှောက်ကြစမ်း" လို့လည်း မေးလိုက်ရော ကိုလူအေးနဲ့ ဒေါ်မွှေးတို့ဟာ မှန်ဝိုင်းကလေးကိုကိုင်ပြပြီး စောစောကလိုပဲ သူတစ်မျိုးငါတစ်ဖုံ ငြင်းခုံလျှောက်ထားကြသတဲ့။


အဲဒါနဲ့ ဆရာတော်က "ကဲ ဒီလောက်ဖြစ်လှတာ၊ ဘယ်မလဲ ဒီဥစ္စာ ငါ့ကိုပြစမ်း" လို့ မိန့်တော်လူလိုက်ပါတယ်။ အဲဒီအခါ ကိုလူအေးက မှန်ဝိုင်းကလေးကို ရွာဦးကျောင်းဆရာတော်ရဲ့ လက်ထဲကို ဆက်ကပ်ပေးလိုက်တယ်။ မှန်ဝိုင်းကလေးကို စူးစိုက်ကြည့်ရင်းနဲ့ ဆရာတော်ရဲ့ မျက်နှာတော်ဟာ ပြုံးရွှင်လာပြီး "ဟဲ့ လူအေးတို့ မိမွှေးတို့၊ နင်တို့တယ်မိုက်လုံးကြီးကြပါလား၊ ဒါဟာ လူအေးရဲ့ ဘကြီးပုံလည်းမဟုတ်၊ မယားငယ်ပုံလည်းမဟုတ်ပါဘူး၊ ပျံလွန်တော်မူသွားတဲ့ ငါတို့ဆရာတော်ဘုရားကြီးရဲ့ ပုံတော်ဟဲ့၊ ဒီဟာကို ငါ့ကျောင်းမှာပဲထားခဲ့ပေတော့။ ကဲ.. ကဲ မင်းတို့လည်း အေးအေးဆေးဆေး အိမ်ပြန်ကြ" လို့ မိန့်တော်မူလိုက်သတဲ့။


ဒီပုံပြင်လေးဟာ ရယ်စရာကောင်းပေမယ့် သတ္တဝါတွေရဲ့သန္တာန်မှာ ဒိဋ္ဌိတရားဖြစ်နေပုံနဲ့တော့ ထပ်တူထပ်မျှပါပဲ။ ဘဝမှာ ဖြစ်တည်နေတာတွေကိုကြည့်တတ်ရင် "သူ၊ ငါ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ မောင်ဖြူ၊ မနီ" ဆိုတာတွေဟာ တစ်ခုမျှမရှိဘူး။


တကယ်ရှိတာတွေက ကံ-စိတ်-ဥတု-အာဟာရဆိုတဲ့ ဘဝရဲ့ အခြေခံအကြောင်းတရားတွေ စုပေါင်းလောင်ကျွမ်းစီးဆင်းနေလို့ "ဆီမီးတောက်လို၊ မြစ်ကြောင်းကြီးလို" အစဉ်အဆက်ဖြစ်ပေါ်နေတဲ့ ပရမတ္တတရားတေါရဲ့ အရိပ်(ရုပ်၊ နာမ်) အလျဉ်ပဲ ရှိတာပါ။


မှန်မကြည့်ဖူးတဲ့ လူရိုးလူအ တစ်ယောက်ဟာ မှန်ထဲမှာထင်ပေါ်လာတဲ့ပုံရိပ်ကို ကိုယ့်ပုံရိပ်လို့မထင်ဘဲ "မှန်ထဲမှာ လူတစ်ယောက် တကယ်ရှိနေတယ်"လို့ ထင်တတ်ပါတယ်။ အဲဒီလိုပါပဲ၊ ဒိဋ္ဌိဟာ ထင်ရှားရှိတဲ့ ပရမတ္တတရားတွေရဲ့အရိပ် (ရုပ်၊ နာမ် ခန္ဓာအစုအဝေးကြီး)ကို (အရိပ်လို့မမြင်ဘဲ) သူ၊ ငါ၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမလို့ အကောင်အထည်အနေနဲ့ ထင်မြင်မှတ်ယူနေတတ်ပါတယ်။


နေပူစဉ် မိုးရွာတဲ့အခါ (မိုးစက်တွေအကြား ဖြတ်သန်းလာတဲ့ နေရောင်ခြည်ကြောင့်) ဖြစ်ပေါ်လာတဲ့ မိုးကုပ်စက်ဝိုင်းပေါ်က သက်တန့်ရောင်စဉ်ကွေးကွေးကြီးကို အခိုင်အမာ ဖြစ်တည်နေတာတွေကို "ကြောင်းကျိုးဆက်၊ သဘာဝဓမ္မ၊ အနတ္တ" လို့ "ကြောင်းကျိုးပြတ်၊ ပုဂ္ဂလိကဓမ္မ၊ အတ္တ" အနေနဲ့ အတွေးမှား၊ အမြင်မှားတာပါ။


အဲဒီ အတွေါ်မှား၊ အမြင်မှားကနေ ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်စေပြီး သူ၊ ငါ ခွဲခြားသတ်မှတ်မှု၊ ဘက်လိုက်မှု၊ မတရားမှုတေါကိုပါ ဆက်တိုက်ဖြစ်ပေါ်စေတော့တာပါ။ တကယ်တော့ ဒုစရိုက်အားလုံးဟာ ဒိဋ္ဌိကိုအခြေခံပြီးတော့မှ ဖြစ်ပေါ်လာရတာပါ။ သတ္တဝါတွေသန္တာန်မှာ ဒိဋ္ဌိရှိနေသမျှ ဒုစရိုက်မကင်းနိုင်ပါဘူး။ ဒုစရိုက် မကင်းသေးသမျှ အပါယ်(၄)ပါးကလည်း မလွတ်မြောက်နိုင်ပါဘူး။ ဒါကြောင့် ဒိဋ္ဌိဆိုတဲ့ ဆရားဆိုးဟာ "အပါယ်မျိုးစေ့"ပါ။


ပုံပြင်ထဲက လူတွေကတော့ ပကတိမှန်အကြည့်မှားလို့ ရန်မီးတွေပွား၊ ရယ်စရာတွေဖြစ်ခဲ့ပါတယ်။ အပြင်ဘက်ကလူတွေ မိစ္ဆာဒိဋ္ဌိဆိုတဲ့ မှန်အကြည့်မှားခဲ့ရင်တော့ ဒုစရိုက်တွေပွား၊ ငိုစရာတွေဖြစ်တော့မှာပါ။ ဒီဓမ္မပုံပြင်ကလေးကို ပြောပြရတဲ့ အဓိကရည်ရွယ်ချက်က အဲဒါပါပဲ။ သတ္တဝါအားလုံး မိစ္ဆာဒိဋ္ဌိလက်က လွတ်မြောက်ကြပါစေ။


မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်

No comments:

Post a Comment