Thursday, January 19, 2012

မှတ်သားစရာ တရား အပိုင်းအစလေးများ

မိုးခါးရေ မသောက်နှင့်

“ဒီကြားထဲမှာ တချို့ က ရုပ်တုရုပ်ပွားပုံ အမျိုးမျိုးထုပြီး
ပုဂံခေတ်က 'ဘုရားမည် နတ်မမည်' ဆိုတဲ့ စကားအတိုင်း
ဘယ်ပုံကို အိမ်မှာ ဘယ်နှစ်ရက် ကိုးကွယ်လျှင်
ဘယ်လိုအကျိုးခံစားရမည် ဆိုတဲ့ နည်းတွေနဲ့
သာသနာတော်ကို စော်ကားနေပြန်တယ်။
သိလျက်နှင့်ပင် ၀ိပါတ်ကြမ္မာငင်ရော့ထင် ဆိုတဲ့အတိုင်း သိကြပါတယ်။
ဒါပေမဲ့ မိုးခါးရေသောက်ကုန်ကြပြီလေ။
စေ့စေ့တွေးကြည့်ရင် သာသနာတော်အတွက် အလွန်ရင်လေးစရာ ကောင်းလှပါတယ်”
(တောမှီရဟန်းဆရာတော်)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၂၉၉) - စာအုပ်မှ



ဓာတ်စီးစကား

“လောကသံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့ လူမရှိ
မိဘမောင်ဘွား စသည်ဖြင့် မတော်ဖူးသူမရှိဘူးလို့
ကျန်းဂန်မှာ တွေ့ဖူးပါတယ်။
အခုလို ဓာတ်စီးပြီး ဆွေမျိုးရှာတာမျိုး၊ ဆွေမျိုးတော်စပ်တယ်လို့ ပြောတာ
မယုံကို မယုံနိုင်။
ဒါမျိုးတွေ အခုအခါ အင်မတန် ခေတ်စားနေပါတယ်၊
သူတော်စင် သူတော်မြတ်တွေရဲ့ သစ္စာ၊ သမာဓိ၊ သိက္ခာတွေကျအောင်
ချောင်ထိုးကြသလို ဖြစ်နေတယ်။
ထေရ၀ါဒ အယူအဆကို ပြောင်ပြောင်တင်းတင်း ရိုက်ချိုးကြတာပဲ”
(တောမှီရဟန်းဆရာတော်)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၂၉၈) - စာအုပ်မှ




သူတော်ကောင်းတို့နှင့် ပေါင်းဆုံခြင်းသည် တစ်ကြိမ်သာလျှင် ဖြစ်၏။
(၀ါ) တစ်ကြိမ်သာလျှင် ဖြစ်စေကာမူ
ထိုတစ်ကြိမ်မျှ ပေါင်းဆုံရ တွေ့ရခြင်းသည်
သူတော်ကောင်းတို့နှင့် ပေါင်းဆုံတွေ့ရသော ထိုသူကို
အကျိုးမဲ့ ပယ်ရှား၊ အကျိုးများအောင် ရွက်ဆောင် စောင့်ရှောက်တက်ပေ၏။

သူယုတ်မာတို့နှင့် အကြိမ်များစွာ ပေါင်းဆုံရခြင်းသည်
(၀ါ) အကြိမ်များစွာ ပေါင်းဆုံရစေကာမူ
အကျိုးများအောင် မရွက်ဆောင် မစောင့်ရှောက်တက်ချေ။
ဗုဒ္ဓ
၄၆၉- မဟာသုတသောမဇာတ်



မိမိ စကားပြောမယ့်သူဟာ မိမိစကားကို ခံယူနိုင်သူ
ဟုတ်,မဟုတ် ချင့်ချိန်ဖို့လိုတယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး
ဗုဒ္ဓရဲ့ စကားတစ်ခုကို သတိပြုသင့်ပါတယ် ခင်ဗျာ . . . ။

“ရဟန်းတို့ . . .
ပုဂ္ဂိုလ်ကို ထောက်ဆပြီးလျှင် ငါးဦးသော ပုဂ္ဂိုလ်တို့အား ပြောကြားအပ်သောစကားသည်
ကောင်းသောစကားပင် ဖြစ်သော်လည်း မကောင်းသောစကားဖြစ်တက်၏။
အဘယ်ငါးဦးတို့နည်း ဟူမူကား . . .

၁။ ရဟန်းတို့ ... သဒ္ဓါတရား ခေါင်းပါးသော ပုဂ္ဂိုလ်၏ အထံဝယ်
သဒ္ဓါတရားနှင့် စပ်သော စကားကိုပြောကြားခြင်းသည်လည်း
မကောင်းသဖြင့် ပြောကြားအပ်သော စကားဖြစ်တော့၏။

၂။ သီလမရှိသော ပုဂ္ဂိုလ်၏အထံ၌ သီလနှင့်စပ်သော စကားသည်လည်း
မကောင်းသောစကားပင် ဖြစ်တော့၏။

၃။ ဗဟုသုတနည်းပါးသော ပုဂ္ဂိုလ်၏အထံ၌ ဗဟုသုတနှင့် စပ်သော စကားသည်လည်း
မကောင်းသော၊ အကြားရခက်သော၊ အကြားရကတ်သောစကားပင် ဖြစ်တော့၏။

၎။ ၀န်တိုစေးနှဲသော ပုဂ္ဂိုလ်၏အထံ၌ စွန့်ကြဲခြင်းနှင့် ပတ်သက်သော စကားသည်လည်း
မကောင်းသော စကားပင် ဖြစ်တော့၏။

၅။ ပညာမဲ့သော ပုဂ္ဂိုလ်၏အထံ၌ ပညာနှင့် စပ်သော စကားသည်လည်း
မကောင်းသော စကားပင် ဖြစ်တော့၏။

ဗုဒ္ဓ
(ဒုက္ကထာသုတ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တရနိကာယ်)



ဘုရားပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းခြင်းနှင့် စပ်လျဉ်း၍
ဆုံးမစကား ဆိုတော်မူခဲ့သော ဆရာတော်ကြီးနှစ်ပါး၏ အဆုံးအမ မှာ -

“တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ရွာဘုရားပွဲ မလုပ်ကြနဲ့၊
ဇာတ်ပွဲတွေ ငါ့ကိုလှူကြပါ”
(ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီး)

“ဗုဒ္ဓဘာသာ သာသနာကို ဘာသာဝင်တွေက ဖျက်နေကြတာ၊
ဘုရားပူဇော်တဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေ
တခြိမ့်ခြိမ့်တသဲသဲ လုပ်နေကြတာ
ဘုရားပူဇော်ရာ မရောက်ပါဘူး။
ဘုရားကိုလည်း အာရုံမရောက်ပါဘူး။
ကုသိုလ်မရတဲ့အပြင် ငရဲတောင်ကြီးပါသေးတယ်။
နောင်လာနောင်သားတွေကို ပြင်ပေးကြ”
(အရှင်ဇနကာဘိဝံသဆရာတော်ကြီး )

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါတော်များ (စာ-၆) - မှ ရေးသားပူဇော်ပါသည်။



ဘုရားကျောင်းဆောင်ထဲဝယ် ဘုရားကန်တော့ပွဲဟုဆိုကာ
“ အုန်းပွဲ ၊ ငှက်ပျောပွဲ ” ထာဝစဉ်တည်ထားသူများ ရှိသကဲ့သို့
အလှူပွဲများတွင် ကန်တော့ပွဲအဖြစ် ထည့်သွင်းကြသူများလည်း ရှိပါ၏ ။

ဘုရားရှင်သည် ရဟန်းသံဃာတော် အရှင်သူမြတ်များအား
နေ့ဖို့ညစာ ချန်မထားရဟူသော ၀ိနည်းသိက္ခာပုဒ်တော်ကို ပြဋ္ဌာန်းပြီးဖြစ်ပါသည် ။

အုန်းသီး ၊ ငှက်ပျောသီးများကို နေ့ရောညပါ ဆက်ကပ်ထားခြင်းမှာ
ဝိနည်းတော်နှင့် ဆန့်ကျင်လျက်ရှိပါသည်။
ထို့ကြောင့်လည်း ဤသည်မှာ မပြုစကောင်းသော ကိစ္စဖြစ်ကြောင်း
ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီးက
ဤသို့ ကရုဏာဖြင့် ဆုံးမတော်မူခဲ့ပါ၏။

“ အလှူလုပ်တဲ့အခါ ငှက်ပျောပွဲ ၊ အုန်းပွဲတွေ မထည့်နဲ့။
ငှက်ပျောပွဲ ၊ အုံးပွဲဆိုတာ နတ်တင်ရာက လာတယ် ၊
ဘုရားလက်ထက်က အလှူတွေမှာ တရားဟောပြီးလျှင်
ဒကာတွေ ငှက်ပျောပွဲ ၊ အုန်းပွဲ တွေ လိုက်ပို့ရတာရှိလား ၊ မရှိဘူး။
ဇေတ၀န်မှာ ဗေထိ ဗေထိတွေ လုပ်သလား ၊ မလုပ်ဘူး ”

(ကျေးဇူးတော်ရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ စာအုပ်မှ ကောက်နှုတ်ပူဇော်ပါသည်။



အကောင်းဆုံးကုသိုလ်

“ဘုရား တရား သံဃာ ဟု ဆိုအပ်သော ရတနာသုံးပါးဆိုတာ
လောကမှာ ဒီထက် အထွက်အထိပ် အမြင့်အမြတ်ဆိုတာ မရှိတော့ဘူး။

အဲဒီလို အထွက်အထိပ် အမြင့်အမြတ်ဖြစ်တဲ့ ရတနာသုံးပါးကို
'အတ္တသမံ ပေမံနတ္ထိ' တဲ့။
ကိုယ်နှင့်တူသော ချစ်ခြင်းဆိုတာလည်း မရှိတော့ဘူးတဲ့။

အဲဒီလို အချစ်ဆုံးဖြစ်တဲ့ ကိုယ်ခန္ဓာကို
အမြတ်ဆုံးဖြစ်တဲ့ ရတာနာသုံးပါးအား အပ်နှင်းပြီးသကာလ
လှူဒါန်းရသည့်အဖြစ်ကြောင့် ဘယ်ကုသိုလ်နဲ့မှ မတူဘူးတဲ့”

(တောင်ပုလုတောရဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၂၈၀) - မှ ကောက်နှုတ် ပူဇော်ပါသည်။



အတုအယောင်တို့၏ ကျက်စားရာ

“ ဥုံ မဏိ ပဒ္မေဟုံ စသော မဟာယာနဂါထာနှင့်
ဘိုးတော်၊ ဘွားတော်၊ ယတြာ၊ ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ဗေဒင် စသော
လောကီ ကောတုဟလများသည်
ထေရ၀ါဒသာသနာတော် အတွင်းသို့ဝင်၍
သိမ်သိမ်မွေ့မွေ့ဖြင့် ခြေရှုပ်နေကြသည်။
မျက်မှောက်ခေတ်သာသနာတော်ကို သတိပြုကာ
ကြည့်ရှုကာကွယ်မှု မပြုနိုင်ကြလျှင်
ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်သည်
အတုယောင်တို့၏ ကျက်စားရာ ဖြစ်သွားနိုင်သည်”
ဦးကလျာဏမိတ္တ (ဆင်တောင်း) ဆရာတော်

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ (စာ-၃၂၀) - စာအုပ်မှ



'' အကျိုးရှိစေမည့် သူနာမေးနည်း ''

သာသနာရေးရှုထောင့်မှနေ၍ သူနာအတွက် အကျိုးရှိစေနိုင်မည့် သူနာမေးနည်းကို
လမ်းညွှန်တော်မူခဲ့သော အရှင်သူမြတ်မှာ
စစ်ကိုင်းတောင်အနောက် ပရက္ကမဆရာတော်ကြီး ဖြစ်ပါသည်။

တစ်နေ့ . . .
ဆရာတော်ကြီး မကျန်းမာသည့်အခါ တူ၊ တူမများက သတင်းလာမေးပါသည်။
ထိုအခါ ဆရာတော်ကြီးက
''ငါ့အတွက် ဥပုသ်စောင့်ကြရဲ့လား၊ ပရိတ်ရွတ်ကြရဲ့လား၊
ငါ့အတွက် ရှင်တော်ဘုရားအား ဆီမီးသက်စေ့၊ ရေသက်စေ့၊ ပန်းသက်စေ့ လှူကြရဲ့လား ''
စသည်ဖြင့်မေးရာ တူ၊ တူမများက
''ဒီလို လုပ်ရမှန်းမသိ၍ မလုပ်ခဲ့မိပါကြောင်း'' ပြန်လည်လျှောက်ထားပါသည်။
ထိုအခါ ဆရာတော်ကြီးက
''မင်းတို့ရွာမှာ သူနာ ဘယ်လိုမေးသလဲ'' ဟု မေးမြန်းပါသည်။
တူ၊ တူမများကလည်း '' တောသဘာဝ သူနာမေးတဲ့အတိုင်း တဘက်ကလေး ပခုံးတင်၊
ဒီအတိုင်းသွားတဲ့ အခါလည်းသွား၊ လက်ထဲအဆင်ပြေလျှင်
ရှိတဲ့မုန့်လေးနဲ့ သွားမေးကြတဲ့အခါ မေးပါတယ် ဘုရား '' ဟု လျှောက်ထားကြပါသည်။
ထိုအခါ ဆရာတော်ကြီက -
''အဲဒါ နင်တို့ သူနာမေးတာနဲ့ မတူဘူး။ သူနာသေမှာလား၊
မသေဘူးလား သွားကြည့်တာနဲ့ တူနေတယ်။
သူနာသက်သာစေချင်လို့ သူနာသွားမေးတယ်ဆိုရင် မသွားခင်ကတည်းက
သူနာအတွက် ရှင်တော်ဘုရားအား ဆီမီး၊ ပန်း၊ ရေချမ်းသက်စေ့ လှူဒါန်းပြီး
သူနာ ရောဂါဝေဒနာ ပျောက်ကင်းရန် မေတ္တာပို့ ဆုတောင်းအမျှဝေရမယ်။
သူနာဆီသွားပြီး(သူနာအမည်) အတွက် ရှင်တော်ဘုရားအား
ဆီမီး၊ ပန်း၊ ရေချမ်းတို့ကို သက်စေ့လှူဒါန်းခဲ့ပြီ။
အဲဒီကောင်းမှုတွေကြောင့် ဒီရောဂါဝေဒနာ ပျောက်ကင်းပါစေလို့ ငါ ဆုတောင်းခဲ့ပါတယ်။
မင်းရဲ့ ရောဂါဝေဒနာ မကြာခင် ပျောက်ကင်းမှာပါဟု ပြောပြီး အားပေးရမယ်။
ဒီလို သူနာမေးမှ သူနာ အကျိုးရှိမှာ။ မင်းတို့မေးတာက သူနာ ဘာမျှအကျိုးမရှိဘူး''

စစ်ကိုင်းတောင်အနောက် ပရက္ကမဆရာတော်ကြီး

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ (စာ-၆၆) - စာအုပ်မှ



‎''ထွက်ရပ်ပေါက်လိုလို၊ ဘိုးတော်လိုလိုနဲ့
ဆံပင်ရှည်ရှည် မုတ်ဆိတ်ဖားလျားနဲ့ ကိုးရိုးကားရားတွေနဲ့
အဆောင်ပေးသလိုလို၊ ဘာပေးသလိုလိုကိုတော့
ဘာလို့ခေါ်ပါသလဲ ဘုရား ''
''အင်း - အဲဒါမျိုးကိုတော့ ဘုရားမှီသာသနာမှီပြီး
သာသနာပြင်ဘက်ကို ဆွဲခေါ်သွားသူလို့ပဲ ခေါ်နိုင်ပါတယ်။
သာသနာပြုလို့ မခေါ်နိုင်ပါဘူး''
''ဘာဖြစ်လို့လဲ ဘုရား''
''ခုနဟာ သာသနာ၊ ဗုဒ္ဓသာသနာကို ပြောခဲ့ပြီလေ၊ ပြုပုံပြုနည်းကိုလည်း ပြေခဲ့ပြီလေ။
အခု ဒီမှာ ထွက်ရပ်ပေါက်လိုလိုနဲ့ ပရိယတ်လည်း သင်မပေး၊ ပဋိပတ်လည်း မကျင့်။
အဆောင်ပေးတာနဲ့ ရာထူးတက်၊ ပစ္စည်းတက်တယ်ဆိုတော့ အကျင့်ပျက်ကုန်ပြီ။
အကျင့်ပျက်တယ်ဆိုတော့ ပဋိပတ္တိသာသနာပျက်တာပဲ။
အသွင်က ရှင်ရဟန်းအသွင်နဲ့ ဘိုးတော်လုပ် ဖျက်တာပဲ။
ထွက်ရပ်ပေါက်လုပ် ဖျက်တာပဲ''

ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီး

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များ (စာ-၂၃၄) - စာအုပ်မှ



‎'' ယုံကြည်တယ် ''

မတူညီတဲ့ သူတွေနဲ့
မတူညီတဲ့ သဘောတရားတွေ ကြားမှာ
အငြင်းပွားရင်း၊ ဖြေရှင်းရင်း၊ စိတ်အနှောက်အယှက်ဖြစ်ရင်းနဲ့
အချိန်တွေ ကုန်ဆုံးရမယ့် အစား
တိတ်တိတ်ကလေးပဲ နေလိုက်တာ အကောင်းဆုံးဖြစ်မယ်လို့
''ယုံကြည်တယ်'' ။

ကိုယ်ကျိုးအတွက် လုံးဝမပါဘဲ
သာသနာတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပမာဏလောက်
အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်နဲ့
စေတနာဖြူ၊ သဒ္ဓါတူတဲ့ သူတွေ စုပေါင်းပြီး
ကြိုးစားကြတဲ့ အခါ
အနှောက်အယှက်၊ အခက်အခဲတွေ ရှိလာလည်း
ကျနော်တို့ ဟာ လုပ်ချင်တာတွေထဲက လုပ်သင့်တာကို ရွေးခဲ့ကြတယ်၊
လုပ်သင့်တာတွေထဲကမှ လုပ်နိုင်တာလေးကို စုပေါင်းလုပ်ကိုင်ကြတဲ့ အတွက်
နောက်ဆုံးမှာ . . .
ကောင်းမွန် သန့်စင်သော အထောက်အပံ့တစ်ခု အနေနဲ့
အထမြောက်အောင်မြင်ရမယ်လို့
''ယုံကြည်တယ်'' ။



''သံဃိကဒါန ဖြစ်ပါစေ''

အလှူလုပ်ကြပြီဆိုလျှင် သံဃာကို ရည်မှန်းပြီး လှူဒါန်းကြ
ပုဂ္ဂိုလ်ကို ရည်မှန်းပြီးတော့ ပုဂ္ဂလိက လှူဒါန်းတာထက်
သံဃာကို ရည်မှန်းပြီး သံဃိက လှူဒါန်းတာက ပိုပြီးမြတ်တာပေါ့။
ဘာလို့လဲဆိုတော့ သံဃိကဆိုတာ ဘုရားရဟန္တာ အရှင်မြတ်ကြီးတွေက စပြီးတော့
တစ်သာသနာလုံးရှိ ရဟန်းသံဃာတွေနဲ့ ဆိုင်သွားလို့ပဲ။
ပုဂ္ဂိုလ်ကိုရည်မှန်းပြီး လှူဒါန်းတာက
သူ့ရဲ့ သီလ၊ သမာဓိ အင်အားရှိသလောက်ပဲ အကျိုးပေးရမယ်။
သီလ သမာဓိ ရှိချင်လည်း ရှိမယ်၊ မရှိလည်းပဲ ဖြစ်ချင်ဖြစ်မယ်။ စိတ်မချရဘူးပေါ့။
လုံးလုံး အကျိုးမရတာတော့ မဟုတ်ပါဘူး။ ထိုက်သလောက်ရမယ်။
သံဃိက လှူဒါန်းတာကတော့ စိတ်ချရတယ်။
ဒီအထဲက ဘုရားရဟန္တာ အရှင်မြတ်ကြီးတွေပါ ပါနေတာကိုး။

(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များ - စာအုပ်မှ



''ရေလာမြောင်းပေး''

ရှေးကံဆိုတာ ဘယ်လိုမှန်းမသိနိုင်ဘူး။
ရှေးကံပါရက်သားနဲ့ ယခု ပစ္စုပ္ပန်ကံတွေနဲ့
ပင့်မပေးဘူးဆိုရင်လည်း အလကားပဲ။
အကျိုးဖြစ်ထွန်း မလာနိုင်ဘူး။
ရှေးကံကိုချည်း အားကိုးနေလို့ မရဘူး။
ယခုဘဝ ပစ္စုပ္ပန်ကံတွေနဲ့ ရေလာမြောင်းပေး လုပ်ထားမှ
ရှေးကံတွေက အကျိုးပေးဖို့ ဒလဟော ဆင်းလာနိုင်တယ်။

(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)



‘‘အတွင်းစိတ်ကောင်း၊ ပြင်မိတ်ကောင်း’’

အတွင်းစိတ်ကောင်း၊ ပြင်မိတ်ကောင်း
အကောင်းနှစ်ခု ရှိရမည်။
အကောင်းနှစ်ဖြာရှိသူဟာ
သေချာကြီးပွားမည်။ တဲ့

မိမိကိုယ်တွင်းမှာ စိတ်ကောင်းနှလုံးကောင်း ရှိရပါမည်။
‘ခံတွင်းကောင်းလျှင် ဟင်းကောင်းချည်းပဲ’ ဆိုတဲ့ စကားပုံရှိတယ် မဟုတ်လား
အဲဒီစကားပုံကို အထူးသတိထားပြီးကြည့်ပါ။
ဟင်းဆိုတာ ကောင်းဆိုးလယ်လတ်ရယ်လို့ အမျိုးမျိုးရှိပါတယ်။
ဒါပေမဲ့လို့ ခံတွင်းကောင်းတဲ့သူ အတွက်တော့ ဟင်းအားလုံး အကောင်းချည်းပါပဲ။
အဲဒီအတူပါပဲ။ စိတ်ကောင်း နှလုံးကောင်းရှိသူအတွက်
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် စိတ်မှာထင်လာသမျှ
ကောင်းဆိုး လယ်လတ် အာရုံတွေဟာ အားလုံး အကောင်းချည်းပဲ ဖြစ်ပါတယ်။
အဲဒီလိုဆိုတော့ စိတ်ကောင်းနှလုံးသွင်းကေင်းတာက အရေးကြီးသလိုလိုပါပဲ။
ဒါပေမဲ့လို့ အဲဒီစိတ်ကောင်း နှလုံးသွင်းကောင်းဟာ ဘယ်ကလာသလဲလို့
သူ့ရဲ့နောက်ကြောင်းကို လိုက်ကြည့်ရင်
သူတော်ကောင်းတရားကို နာကြားမှုက လာပါတယ်။
တရားတော်နာကြားမှုက လာတယ် ဆိုတော့
တရားမနာဘဲ စာကောင်း စာမွန်တွေဖတ်လျှင် စိတ်ကောင်း နှလုံးသွင်းကောင်း မရနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။
မေးစရာရှိလို့ မေးလျှင် ရနိုင်ပါတယ်လို့ ဖြေရပါမယ်။
အဲဒီ တရားကောင်း၊ တရားမှန်၊ စာကောင်းပေမွန်တွေဟာ
ဘယ်ကလာသလဲလို့ လိုက်ကြည့်ပါ။ လိုက်ရှာပါ။ အရင်းကို လိုက်ရှာရပါတယ်။
ဟော . . . တွေ့ပြီ
အပြင်ဘက်မှာ မိတ်ကောင်းအရေးကြီးတယ်။
အတွင်းစိတ်ကောင်း၊ အပြင်မိတ်ကောင်းနော် ’’

(ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီး)



ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ သြဝါဒဆောင်ပုဒ်များ

၁။ သွားလာ၊ ရပ်တာ၊ ထိုင်လျောင်းတာ မှန်စွာသိရမည်။

၂။ ရှေ့သွား၊ နောက်ပြန်၊ ရှုကြည့်ဟန်၊ အမှန်သိရမည်။

၃။ ကွေးတာ ဆန့်တာ၊ ကိုင်ယူတာ၊ မှန်စွာသိရမည်။

၎။ စားတာသောက်တာ၊ ခဲ-လျက်တာ မှန်စွာသိရမည်။

၅။ ကျင်ကြီးတစ်ဖြာ ကျင်ငယ်ပါ၊ စွန့်တာသိရမည်။

၆။ ကိုယ်အမူအရာ၊ ပြုတိုင်းမှာ၊ မှန်စွာသိရမည်။


၁။ စိတ်အလိုကျ၊ လွှတ်ထားက ကာမသုခါနုယောဂါ။

၂၊ ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာနုယောဂါ။

၃။ စိတ်တည်ရုံမျှ၊ ရှုနေက သမထဘာဝနာ။

၎။ သတိဉာဏ်မြတ်၊ ဖြစ်အောင်မှတ်၊ ဝိပဿနာပါ။

၅။ ခြောက်ဒွါရမှ၊ ပေါ်သမျှ၊ သိက ဝိပဿနာ။

၆။ ယထာဘူတ၊ သိပါမှ၊ မဂ္ဂဉာဏ်ပေါ်လာ။

(မဟာစည်ဆရာတော်ဘုရားကြီး ပေးအပ်တော်မူခဲ့သော သြဝါဒဓမ္မမွေ) - စာအုပ်မှ



သဒ္ဓါဗုဒ္ဓဘာသာ နှင့် ပညာဗုဒ္ဓဘာသာ

သဒ္ဓါဗုဒ္ဓဘာသာ ၊ ပညာဗုဒ္ဓဘာသာလို့ နှစ်မျိုးရှိတယ် ။
သဒ္ဓါဗုဒ္ဓဘာသာဆိုတာက မိရိုးဖလာ ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာဖြစ်နေကြတာ ၊
ဗုဒ္ဓဘာသာနဲ့စပ်ပြီးတော့ ဘာမှ မည်မည်ရရ ကောင်းကောင်းမွန်မွန်တော့ သိတာမဟုတ်ဘူး ။

ပညာဗုဒ္ဓဘာသာဆိုတာက ဘုရားအကြောင်းသိတယ် ။ တရားအကြောင်းသိတယ် ။ သံဃာအကြောင်းသိတယ် ။ ကုသိုလ်ကောင်းမှုတွေရဲ့အကြောင်းသိတယ် ။
တော်တော် ရေရေလည်လည် သိပြီးတော့ ဘုရားကိုးကွယ်ကြ ၊ တရားကိုးကွယ်ကြ ၊ သံဃာကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေကျတော့ ပညာဗုဒ္ဓဘာသာခေါ်တယ် ။

လောကမှာ သဒ္ဓါ ဗုဒ္ဓဘာသာ သက်သက်ဆိုရင် ကုသိုလ်တော့ရတာပေါ့ ။ လေးလေးနက်နက်တော့မရှိလှဘူး။ ဒါနပြုရင် ကောင်းကျိုးများများရတယ်လို့ နားမလည်ကြဘူး သီလဆောက်တည်ရင်လည်း ဘယ်လိုဆောက်တည်တာက အကျိုးရှိတယ် ။ သည်လိုကောင်းကောင်း ရေရေလည်လည် နားလည်တာ မဟုတ်ဘူး ။
ဘာဝနာစီးဖြန်းလည်း အတူတူပဲ ။ ကောင်းကောင်းမွန်မွန် နားလည်ရမယ် ။
အဲသလို ဗုဒ္ဓဘာသာနဲ့ဆိုင်ရာ ဘယ်ကိစ္စပဲဆောင်ရွက် ဆောက်ရွက်နားလည်မှုတော့ သိပ်မရှိလှဘူး။
ဒါပေမယ့် ကုသိုလ်တော့ သိကြတာပဲ ။ အဲဒါမျိုးကို သဒ္ဓါဗုဒ္ဓဘာသာလို့ခေါ်တယ် ။

အဲသလိုမဟုတ်ဘဲနဲ့ ကိုယ်က ဥာဏ်ရှိတယ် ။ ဘုရားတရားတော်တွေကို တက်နိုင်သလောက် လေ့လာထားတော့ ဘယ်လိုရှုရင် အကျိုးရှိတယ် ။ ဘယ်လိုရှုရင် အကျိုးမရှိဘူး နားလည်တယ် ။ ဘုရားကို ဘယ်လိုလှူရင် အကျိုးရှိတယ် ။ ဘယ်လိုလှူရင် အကျိုးမရှိဘူး ဆိုတာ နားလည်ထားတယ် ။
အဲသည်တော့ နားလည်မှုဟာ အင်မတန် အရေးကြီးတယ် ။
နားလည်မှုရှိမှ ကိုးကွယ်မှုဟာ လေးနက်တယ် ။
လေးနက်မှ အကျိုးများလည်း ကောင်းကောင်းရတက်တယ် ။
ဒါကြောင့် ပညာဗုဒ္ဓဘာသာဆိုတဲ့ ပညာရှိတဲ့ ဗုဒ္ဓဘာသာဖြစ်ဖို့ အရေးကြီးတယ်။

(ကျေးဇူးရှင် သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)

မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များ (စာ-၁၆၇) - စာအုပ်မှ



အကောင်းဆုံးနေ့ . . . ဒီနေ့
အသိဆုံးပုဂ္ဂိုလ် . . . ဘုရား
အကြီးဆုံးအရာ . . . မေတ္တာ
အကြီးကျယ်ဆုံးအချိန် . . . သေခြင်း
အကြီးကျယ်ဆုံး အဟန့်အတား . . . အကြောက်တရား
အလွယ်ဆုံးအလုပ် . . . တစ်ဖက်သားကို အပြစ်ရှာခြင်း
အသုံးမကျဆုံးပိုင်ဆိုင်မှု . . . မာန
အကြီးဆုံးပိတ်ဆို့မှု . . . အတ္တ
အကြီးဆုံးအမှား . . . လက်လျှော့အရှုံးပေးခြင်း
စိတ်ချမ်းသာစရာ အကောင်းဆုံးအချိန် . . . အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ပြီးတဲ့အချိန်
အငြင်းပွားရဆုံးလူ . . . အမြဲညည်းတွားနေသူ
အဆိုးဆုံးဆင်းရဲမှု . . . စိတ်မပါ လက်မပါ ဖြစ်ခြင်း
အလိုအပ်ဆုံး . . . အများတွေးသလို၊ မြင်သလို မြင်တွေးတက်ခြင်း
အညံ့ဖျင်းဆုံးစိတ်ထား . . . မနာလိုခြင်း
အကောင်းဆုံးလက်ဆောင် . . . ခွင့်လွှတ်ခြင်း
အကောင်းဆုံး အချိန် . . . လက်ရှိအချိန်

(မန်လည်ဆရာတော်)



အသုဘဓလေ့ထုံးအမှား

လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။
သေပြီးလျက် အစာလာ၍ စားဦးမည်ဟု ခွက်နှင့်ထမင်းကို
အလောင်းအပါးတွင် တည်ထားကြသည်။
သေသောစုတိစိတ် အဆုံး၌ ပဋိသန္ဓေစိတ်ဖြစ်၍ ဘဝခြားလေပြီ ဖြစ်လျက်
အိမ်မှာ ခုနှစ်ရက်နေခြင်း စသည်ကို အဘယ်သို့ ပြုနိုင်ရှာအံ့နည်း။
ပစ္စုပ္ပန် ဘဝအဆုံးသေခြင်း၊ စုတိစိတ်ဖြစ်၍ ချုပ်သည်၏ အခြားမဲ့၌
ပဋိသန္ဓေစိတ် ဖြစ်မြဲဖြစ်သည် ။
သေခြင်းစုတိစိတ်နှင့် ပဋိသန္ဓေစိတ် အကြားမရှိ။
ထို့ကြောင့် သေပြီးသော အသက်ဝိဉာဉ်သည်
အိမ်တွင်း ခုနှစ်ရက်နေပြီးမှ ဘဝတစ်ပါးသို့ သွားသည်ဟူသော
မှားသော အယူကို စွန့်ကုန်ရာ၏ ။
မစွန့်မူ၍ အမြဲယူပါက နိယတ မိစ္ဆာဒိဋ္ဌိ ဖြစ်ရာသည် ။

(စတုဂီရိတောင်လေးလုံးဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များ (စာ-၂၆၃/၂၆၄) - စာအုပ်မှ



ဖယ်ရှားအပ်သော အယူအစွဲများ

အချို့သောအရပ်၌ ဣတိသရဏံ ဂစ္ဆာမိ ဟူ၍ ရသေ့ထံ၌ သရဏဂုံတည်ဆောက်ခြင်း ၊
အချို့သောအရပ်၌ သံဃာတော်များကို ဆွမ်းလောင်းမည့် ဆွမ်းအုပ်မှ ဆွမ်းတစ်အုပ်ကိုယူ၍
သံဃာတော်များကို ဆွမ်းမလောင်းမီ သစ်ပင်ကိုကပ်၍ နတ်တင်ခြင်း၊
ရသေ့လူသူတော်၊ ပျောက်စေဆရာ၊ နတ်ရေတွင်း နတ်ရေကန်တို့ကို
ယုံကြည်ခြင်း မဖြစ်တန်ရာ မဖြစ်ထိုက်ရာ။
တန်ခိုးဣဒ္ဓိပါဒ်များဖြစ်သည်ဟု ကြွားဝါသူကို ယုံကြည်ခြင်း၊
'ရွှေဖြစ်အောင်လုပ်တက်သည်၊ ငွေဖြစ်အောင်လုပ်တက်သည်' ဟု ကြွားဝါသူကို ယုံကြည်ခြင်း၊
အချို့အရပ်၌ အစိမ်းသေကို ဆွမ်းမသွတ်ကောင်းဟု အယူရှိ၍ ဆွမ်းမသွတ်ဘဲနေခြင်း၊
ပင်လယ်၌ ရေနစ်သေသောသူကို ဆွမ်းသွတ်သောအခါ၌
ပင်လယ်ကမ်းခြေ၌ ငါးမျှားတံဖြင့်လိုက်မျှားပြီး ''မိပြီ'' ဟူ၍ ဆိုပြီးမှ ဆွမ်းသွတ်ရခြင်း၊
ရွာပြင်၌ မြွေကိုက်ခြင်း၊ ကာလရောဂါဖြစ်ခြင်း စသော သေခြင်းဆိုးဖြင့် သေသောသူကို
မြို့ရွာအတွင်းသို့ မသွင်းကောင်းဟု အယူရှိခြင်း၊
နောက်သေသော မသာက အရင်ချရမည်ဟု ယူခြင်း၊
လူသေသောအခါ တို့၌ (၂)ရက် (၄)ရက်စသော 'စုံရက်'၌ မချကောင်းဟူ၍ယူခြင်း၊
သေသူကို အိမ်မှထုတ်သည့်အခါ ဦးခေါင်းဖြင့် ထုတ်ရမည်၊ ခြေဖြင့်ထုတ်ရမည်ဟူ၍ ယူတက်ခြင်း၊
သင်္ချိုင်းသို့ရောက်သောအခါ 'လာဦးမလား' မေး၍ ခဲနှင့်ပေါက်တက်ခြင်း၊
သားသမီးသေသောအခါ သား၊ သမီး ကြိုက်နှစ်သက်သောအစာကို
သချို င်္င်းသို့သွား၍ ပို့တက်ခြင်း စသော မကောင်းသောနည်းစနစ်များကို ဖယ်ရှားအပ်ကုန်၏ ။

(ကျေးဇူးတော်ရှင် စံကင်းဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ အဆုံးအမတော်များ (စာ-၁၀၈) - စာအုပ်မှ



ကြောင်လက်သည်းဝှက်သလို

တချို့က ပိုက်ဆံကုန်မှ ကုသိုလ်ရတယ် ထင်နေကြတယ် ။ ဟုတ်ချင်မှ ဟုတ်တာ။
တချို့က ဒါန၊ သီလကို နာမည်လိုချင်လို့ ပြုတာရှိတယ်။
လှူနိုင်ပါပေတယ်၊ တော်ပါပေတယ် ဆိုတဲ့ ဂုဏ်ကိုလိုချင်တယ် ။
အဲဒီမှာ ဒါနကုသိုလ် နည်းနည်းညံ့သွားပြီ။ သီလကုသိုလ်နိမ့်သွားပြီ။
သိပ်ပြီးတော့ သတိထားစရာကောင်းတယ်နော်။
ကျောင်းဆောက်တယ် ။ ဘုရားတည်တယ်။
ကျောင်းဒယကာ၊ ကျောင်းအမကြီး၊ ဘုရားဒယကာကြီး၊ ဘုရားအမကြီး အခေါ်ခံချင်တယ်။
ဒါ သန့်ရှင်းဦးမလား။
ပုတီးစိပ်တယ်။ လူမြင်စေချင်တယ်။ တစ်ချို့ ပုတီးလေးမြှောက်ပြလိုက်သေးတာ ။
ကမ္မဋ္ဌာန်းတရားအားထုတ်တယ်။ ကျွန်တော်ကလေ ၊ ကျွန်မကလေ
အခု တရားအားထုတ်နေတာ ဘာညာနဲ့ ပါးစပ်ကကြွားသေးတာ ၊ ဂုဏ်ဖေါ်ချင်သေးတာ ။
'သာသနာနဲ့စပ်တဲ့ ကုသိုလ်ဆိုတာ ကြောင် လက်သည်းဝှက်သလို ဝှက်ရပါတယ်' ။
ကိုယ်ပြုတဲ့ကုသိုလ် သူတစ်ပါး မသိရင်ပိုကောင်းတယ် ။
ချီးမွမ်းမှု ၊ ကျော်စောမှုကို ငဲ့ပြီး ပြုလုပ်တာဟာ မကောင်းပါဘူး ။

(ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာက)

မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များ - စာအုပ်မှ



နောက်ဘုရားမျှော်ဝါဒ

ယခုဘဝ၌ မဂ်ဖိုလ်ကိုရတည်စေခြင်းငှာ
မနေမနား ကိုယ့်အသက်ကို စွန့်စား၍ မကျင့်ဘဲလျက်
နောက်အရိမေတ္တေယျ ပွင့်တော်မူကာ
လက်ဦးစွာ ဖူးတွေ့ရ၍ မဂ်ဖိုလ်နိဗ္ဗာန်ကို ရလိုပါ၏ဟု
အကြင်သူသည် ပတ္ထနာဆုကိုပြု၏ ။
ထိုသို့ ပတ္ထနာဆုကို ပြုသူသည်
ငါတို့ ဘုရားသခင်ကို အားမနာသောသူဟုမှတ် ။

စတုဂီရိတောင်လေးလုံး ဆရာတော်ကြီး

မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များ - စာအုပ်မှ



မီလွတ်စားနည်း

စားတဲ့အခါမှာ စားကောင်းတဲ့ အစာဆိုရင် လောဘဖြစ်တက်တယ် ။
များများစားချင်တယ် ။ ကုန်သွားမှာစိုးရိမ်တယ် ။
လျော့ပါးသွားရင် ကုန်သွားမှာ နှမြောတယ် ၊ စိုးရိမ်ပူလောင်တယ် ။
မကောင်းတဲ့အစာဆိုရင်လည်း ဒေါသဖြစ်ရတယ် ။ မကျေနပ်ဘူး ၊ စိတ်ဆိုးတယ် ။
ဒေါသကြောင့် စားရင် ပူလောင်ရတယ် ။
ကောင်းတဲ့ အစာကို လောဘဖြစ်ရာကနေ ကုန်သွားလို့ ဒေါသဖြစ်ရတော့လည်း
လောဘကြောင့် ဒေါသဖြစ်ရတယ် ။ လောဘနဲ့ ဒေါသ နှစ်ခုစလုံးပူလောင်တယ် ။
သည်တော့ လောဘ ဒေါသနဲ့ ဆင်ခြင်ပြီး အသိအမှတ်နဲ့စားရင် မီးလွတ်တာပေါ့ ။
မီးဖိုထဲက မီးက ပြဿနာမဟုတ်ဘူး ။ သူ့ဘာသာနေတာပါ ။
အဲသည်တော့ သတိထားပြီး မီးလွတ်အောင်စားကြ ၊ မီးလွတ်အောင်နေကြပေါ့ ။

(အနန်းပင်တောရ ဆရာတော်ကြီး)



မရဏမင်းစားဖို့ ဆုတောင်းနေကြသူများ

သမင်မွေးရင်း ကျားစားရင်း
ကြက်မမွေးရင်း ကြောင်စားရင်း ဆိုသလိုပါပဲ
ဒကာတို့ဟာ ဘဝအထွေထွေ ဆုတောင်းနေကြသူများက
စားဖို့ ၊ ဝါးဖို့ ၊ ဆုတောင်းနေကြတာ ။
မရဏမင်းစားဖို့ ဆုတောင်း မရအရယူပြီး အသေခံ မိုက်နေကြတာပဲ ။
ဆိုထိုက် မဆိုထိုက် စဉ်းစားကြည့်ရင် သိမယ် ။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး

မင်းနန်(မော်ကျွန်း) ဆရာတော်ကြီးများ၏ သြဝါဒတော်များ - စာအုပ်မှ



Shared from Ko Ye Win Tun

No comments:

Post a Comment