Monday, January 16, 2012

“ဒါနနည်းလို့ မမွဲပါ”

ဒီနှစ်သင်္ကြန်မှာ “ဒါနနည်းလို့ မမွဲပါ” ဆိုတဲ့ အမည်နဲ့ တရားဟောဖြစ်ပါတယ်။ နည်းနည်း လှူမှာစိုးလို့ အလှူခံ ပုဂ္ဂိုလ် တွေက များများလှူအောင် အလှူရှင်ရဲ့စိတ်ကို ဆွပေးခဲဟန် တူရဲ့လို့ ရည်စရာလေးတောင် ပြောဖြစ်ခဲ့သေးတယ်။


အမေရဲ့ ကျေးဇူးကြီးမား လွန်းတာကို ဥပမာပြတဲ့ အနေနဲ့ ဘုရားတောင် အမေကျေးဇူး နို့တစ်လုံးဖိုးဘဲ ကျေတယ်လို့ ပြောကြတယ်။ အမှန်တော့ နို့တစ်လုံးဖိုး မကပါဘူး ကျေးဇူးအကုန် ကျေပါတယ်။ ကပ်ပြောကြ စတမ်းဆိုရင် မယ်တော်ရဲ့နို့ရည်ကို ဘုရားအလောင်း ပြည့်ပြည့် ဝ၀တောင် စို့ခဲ့ရတာ မဟုတ်ပါဘူး။ မယ်တော်က မွေးဖွားပြီး(၇) ရက်မြောက်နေ့မှာ နတ်ရွာစံ ကံတော်ကုန်တယ် မဟုတ်လား။ မယ်တော်ကို သောတာပန် အရိယာအဖြစ်နဲ့ အပါယ် ဘဝတွေမှ လုံးဝကို လွတ်ကင်းစေခဲ့ပါ တယ်။ နောင်(၇)ဘဝအတွင်းမှာ ပရိနိဗ္ဗာန် စံဝင်တော့မှာမို့ မယ့်တော်ကျေးဇူး ကျေတယ်လို့ ဆိုရပါမယ်။


ပိဋကတ်မှာ မိဘကို သီလဆောက် တည်ဖြစ်အောင်၊ သဒ္ဓါတရား ရှိအောင်၊ စွန့်ကြဲ လှူဒါန်းဖြစ်အောင်၊ ဝိပဿနာဉာဏ် ပညာဖြစ်အောင် ဆောင် ရွက်ပေးနိုင်တဲ့ သားသမီးများမှာ ကျေးဇူးဆပ်ရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘုရားတောင် နို့တစ်လုံးဖိုး ကျေတယ်ဆိုတဲ့ စကားပုံမှားနေ သလို၊ ဒါနနည်းလို့ မွဲတယ်ဆိုတဲ့ စကားပုံလည်း မမှန်ပါဘူး။


“ဒါနနည်းတော့ မွဲတတ်တယ်” ဆိုတဲ့ စကားကို ဟို ကလေးဘဝထဲက နားယဉ် နေခဲ့တာပါ။ ရှေးလူကြီးသူမများက လှူဒါန်း ဖြစ်အောင်လို့ သတိပေး ခဲ့ဟန်တူပါရဲ့။ ဒါနနည်းလို့ မမွဲတာ အသေခြာပါ။ မလှူတတ် ဈေးရောင်းလို့ပင် ဆုံးမခဲ့ကြတယ် မဟုတ်လား။


မပြည့်စုံခြင်း၊ ဆင်းရဲခြင်းဟာ အတိတ်က ငါတို့ ဒါနကံနည်းခဲ့လို့-ဟု တထစ်ချ ဗုဒ္ဓဘာသာ အများစုက စဉ်းစားမနေ တော့ဘဲ အလွယ် လက်ခံခဲ့ကြ လို့သာ ယနေ့တိုင် ဒီစကားပုံ အသက်ဝင် ရှင်သန်နေခြင်း ဖြစ်ပါတယ်။


စီးပွားဥစ္စာ ချို့တဲ့ခြင်း၊ ဆင်းရဲမွဲတေခြင်းစတဲ့ မပြည့်စုံခြင်းတွေဟာ ဒါနနည်းခဲ့လို့ဆိုတဲ့ ပြစ်ချက်တစ်မျိုးထည်းကြောင့် တော့ မဖြစ်နိုင်၊ အခြား အကြောင်းတွေကြောင့် ဖြစ်ဖို့ကပိုများပါတယ်။ မိမိရဲ့မပြည့်စုံခြင်းကို မိမိကိုယ်တိုင် စနစ်တကျ စီစစ်ရင် အဖြေတွေ့နိုင်မှာပါ။ လူသားတွေရဲ့ ဆင်းရဲခြင်းကို ဆွဲဆန့်တွေးကြည့်ရင် လူသားတို့နေထိုင်ရာ ကမ္ဘာကြီးနဲ့ပင် ပတ်သက် ဆက်နွယ် နေတာကို ယနေ့ခေတ် စာတွေထဲမှာ ဖတ်ရပါတယ်။ ဒါကြောင့် “ဒါနနဲလို့ မွဲတယ်” ဆိုတာကြီးကို ဆုပ်ကိုင် မနေကြပါနဲ့တော့။ ပစ်လိုက်ကြပါစို့။


ဒါနနည်းလို့ မွဲတယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘုရားရှင်လည်း မဟောခဲ့ပါ။ ဘုရားတန်ဆောင်း သိမ်ကျောင်း စသော နေရာတွေမှာ ဝေယျာဝစ္စ အတွက်၊ ရေ မီးအတွက်၊ ရွှေဆိုင်းအတွက်ဆိုပြီး အလှူခံပုံးကလေတွ ထားကြတယ်။ အဲဒီ အလှူခံပုံး ထဲကို မမှီမကမ်းနဲ့ အလှူငွေ ထိုးထည့်နေတဲ့ ကလေးငယ် ကလေးများကိုလည်း သတိထားမိကြမှာပါ၊ အလွန်ကိုကြည်နူးစရာ ကြည့်ကောင်းတဲ့ မြင်ကွင်းလေး ဖြစ်ပါတယ်၊ ဘယ်လူမျိုး၊ ဘယ်တိုင်းပြည်မှာမှ အဲလိုမျိုး ကလေးငယ် ကိုယ်တိုင် စိတ်ပါလက်ပါ တက်တက် ကြွကြွ လှူတယ်ဆိုမျိုး မရှိလောက်ပါဘူးလို့ ထင်ပါတယ်။


ဒီကလေးရဲ့ အလှူလေးကို မင်းလှူတာ နဲနဲလေးရယ် မင်းတော့ မွဲတော့မှာဘဲလို့ သွားပြောရင် ကောင်းနိုင်ပါမလား။ မြန်မာ တို့ရဲ့ ကျွေးချင် မွေးချင် ပေးကမ်း ချင်စိတ်ဟာ အဲဒီအလှူခံပုန်း ထည့်ခြင်းက အစပျိုးခဲ့တာ ဖြစ်ပါတယ်။


နန္ဒိယ အမည်ရှိတဲ့ လူငယ်တစ်ယောက်က မိမိရဲ့ ရေလဲပုဆိုးကို သင်္ကန်းချုပ်ရာမှာ ပိတ်စလိုနေလို့ ဆွဲဆန့်ချုပ်နေရှာတဲ့ ပစ္စေကဗုဒ္ဒါ အရှင်မြတ်ကို လှူဒါန်းလိုက်လို့ ဧရာမ မင်းစည်းစိမ်ချမ်းသာကို ရသွားခဲ့ဖူးတယ်။


ဒါကြောင့် “ညောင်းစေ့လောက် လှူရုံနဲ့ ညောင်ပင်ကြီးလောက် အကျိုးရတယ်” ဆိုတဲ့ စကားပုံ ဖြစ်ပေါ်ခဲ့ပါတယ်။


အလားတူပါဘဲ ပန်းလေးတစ်ပွင့်၊ ပေါက်ပေါက်ကလေးတစ်ဆုပ် လှူဒါန်းလို့ နတ်စည်းစိမ် ခံစာရတဲ့ ဇာတ်တော်တွေ ကလည်း များမှများရယ်။


“ငါလှူဒါန်းတဲ့ ဒါနကလေးဟာ နည်းလှချေတကားလို့ တွေးကာ ဒါနရဲ့ကောင်းကျိုး ကြီးမားစွာပေးနိုင်တာကို အထင်မ သေးကြရဘူးတဲ့၊ မုန်းညှင်းစေ့လောက်ရှိတဲ့ ညောင်စေ့လေးဟာ ခက်လက်တစ်ရာ မကရှိတဲ့ ပင်ညောင်ပင်ကြီးကို ဖြစ်စေသလိုမျိုး၊ ကျောက်တုန်းကလေးက တစ်စက် တစ်စက်နဲ့ စဉ်ဆက်မပြတ် ယိုစိမ့်ထွက်နေလို့ ကျောက်စက်ရေများစွာကို ဖြစ် စေတာမျိုးလို ဒါနဆိုတာလည်း အကျိုးမျာစွာကို ဖြစ်ပေါ်စေတယ်- လို့ ရှေးဆရာမြတ်တို့က ဆုံးမခဲ့ကြပါတယ်။


ရှေးလူကြီးသူမတွေ ပြောကြပါတယ် “လှူဖွယ်ဝတ္ထု နည်းပေးမယ့် စေတနာ ကြီးမားကြရမယ်” တဲ့။ လှူဖွယ်များပြားပြီး စေတနာ နည်းရင်တော့ ညောင်ပင် ကြီးလောက် လှူသော်လဲ ညောင်စေ့လောက် အကျိုးရ ဆိုတာမျိုး ဖြစ်တတ်သတဲ့။


ဘုရားရှင်က ပုဂံခွက်ယောက် ဆေးရေကိုတောင် စွန့်ပစ်လိုက်တဲ့အခါ စွန့်ပစ်နေကျနေရာမို့ ဗွက်အိုင် ဖြစ်နေမယ်၊ အဲဒီဗွတ်အိုင်မှာ ရှိနေတဲ့ လောက်စတဲ့ ပိုးကောင်လေးတွေ စားသောက်နိုင်ကြပါစေလို့ စွန့်ကျဲစိတ်၊မေတ္တာစိတ်နဲ့ စွန်ပစ် နိုင်မယ်ဆိုရင်တောင် အလွန် အကျိုး များကြောင်းကို တိက အင်္ဂုတ္တိုရ်ကျမ်းမှာ ခိုင်ခိုင်မာမာ မိန့်တော်မူထားပါတယ်။


လာဇာဒေဝီဆိုတဲ့ နတ်သမီးလေးဟာ လူ့ဘဝတုန်းက အလွန်ဆင်းရဲလို့ ပေါက်ပေါက်လှော်ပြီး ဝမ်းရေး ဖြေရှင်းနေရသူ ဖြစ်ပါတယ်။ တစ်နေ့မှာ အရှင်မဟာကဿပ အရှင်မြတ်ကြီး သူမ ပေါက်ပေါက်လှော်ရာ လယ်ကန်သင်းပေါ်မှ ဖြတ်ပြီး မြို့ထဲ ဆွမ်းခံ ဝင်တော်မူပါတယ်။


“ငါမှ ဆင်းရဲလို့ မလှူနိုင်၊ မတမ်းနိုင်ခဲ့ဘူး၊ ခု အရှင်မြတ်ကြီး ဆွမ်းခံဝင်လာပြီ၊ ငါမှာလည်း လှူစရာ ပေါက်ပေါက်ရှိ နေတာမို့ လောင်းလှူဦးမယ်” လို့ ကြံတွေးပြီး “ရပ်ပါဦးဘုရား” ဆိုကာ ပုဆိုးစုပ်ကလေး ပခုံးတင်၊ ရိုရိုသေသေနဲ့ လောင်းလှူပါ တယ်။ အရှင်မြတ်ကြီး ကြွသွားရာကို လက်အုပ် ကလေးချီ ကြည့်လျှက် နောက်ဆုတ် နောက်ဆုတ်အပြန်မှာတော့ တွင်းအောင်း မြွေထွက်ကိုက်တာ ခံရပြီး သေသွားရှာပါတယ်။


သေသွားပြီးနောက် အိပ်ပျော်ယောကျာ်း နိုးသော်လားသို့ ဆိုတဲ့အတိုင်း တာဝတိံသာနတ်ပြည်မှာ ကြီးကျယ်တဲ့နတ် စည်း စိမ်ကြီးနဲ့အတူ လာဇာဒေဝီ ဆိုတဲ့ အမည်နဲ့ နတ်သမီးကလေး ဖြစ်သွားပါတယ်။ ဒါနနဲလို့ မမွဲဘူးဆိုတာကို ပြောလိုတာပါ။ အများကြီး လှူစရာမလိုဘူး ဆိုတာမျိုးကို ပြောလိုရင်း မဟုတ်တာကိုတော့ သဘောပေါက် စေချင်ပါတယ်။


ဒီမှာတော့ အရှင်မြတ်ကြီး သမာပတ်မှထချိန်ကို အဦးဆုံး လှူဒါန်းခွင့်ရလို့ဆိုတဲ့ အကြောင်းတစ်ချက်အပြင် သူမရဲ့ ချွေးနဲစာ၊ တရားနဲ့ညီတဲ့ လှူဒါန်း ဖွယ်(ဓမ္မိယလဒ္ဓ)နဲ့ သူမရဲ့ လှူဒါန်းလိုတဲ့စိတ် စေတနာဆိုတဲ့ ဒါနအလှူရဲ့ ပြည့်စုံရမဲ့ အင်္ဂါတွေ ပြည့်စုံညီ ညွတ်ပေါင်းစုံခြင်း ဆိုတာတွေကိုလည်း မှတ်သားနိုင်ပါတယ်။


ဝိသာခါကျောင်းအမဟာ တစ်ခါတစ်ရန် အပေါင်းအဖေါ်များနဲ့ ဥယျာဉ်သို့ ပျော်ပွဲစား သဘောမျိုး သွားတတ်တယ်။


ဥယျဉ်ရောက် ပြန်တော့လည်း “ဒီအတိုင်း လျှောက်သွားနေလို့ ဘာအကျိုးရှိမှာတုန်း၊ ကျောင်းတော်သွား ဘုရားဖူး၊ တရားနာ တာကမှ အကျိုးရှိဦးမယ်” ဆိုပြီး အပေါင်းအဖေါ် တစ်ပြံးကြီးနဲ့ ကျောင်းတော်သို့ အချိန်မရွှေး ရောက်လာတတ်တယ်။


တစ်နေ့ ကျောင်းအမသည် သူငယ်ချင်းမ ငါးရာနဲ့အတူ ရောက်လာပြီး ကျောင်းတော်ကြီးကို လှည့်လည်ကြည့်ရှုကြ တယ်။ မိမိလှူဒါန်း တဲ့ ကျောင်းတော်ကြီး အလွန်ကြီးကျယ်ခမ်းနားတာကို ကိုယ်တိုင် ကိုယ်ကျ မြင်ရ၍ စိတ်၌မှာ ရွှင်ရွှင်လန်းလန်း ဝမ်းပန်းတသာ ကြည်ကြည် နူးနူးဖြစ်လာလို့-


“သူငယ်ချင်းတို့၊ ဒီကျောင်းကြီးတော်ကြီးကို ဆောက်လုပ် လှူဒါန်းနိုင်လို့ ငါ့မှာ ကောင်းမှု့တွေအများကြီး စုဆောင်း မိပြီ၊ သင်တို့လည်း ဝမ်းသာကြပါ။ ကောင်းမှု့ရဲ့ အဖို့ကို သင်တို့ကိုလည်း အမျှပေးဝေပါတယ်” ဆိုကာ သာဓုခေါ်စေပါတယ်။


“အဟော သာဓု၊ အဟော သဓု” လို့ သူငယ်ချင်းမတွေကလည်း လိုက်လိုက်လှဲလှဲ ဝမ်းပန်းတသာ သာဓုခေါ်ဆိုကြ တယ်။


သူငယ်ချင်းမတွေအနက် သူငယ်ချင်းမ တစ်ဦးက သို့ကလို့ သာဓုခေါ်လိုက်ရခြင်းကို စိတ်မှာ ထူးခြားစွာ စွဲထင်နေ သတဲ့။ အနုမောဒနာ (ဝမ်းသာ)စိတ်နဲ့ ကွန်လွန်ပြီး တာဝတိံသာ နတ်ပြည်မှာ ဖြစ်သွားတယ်။ ထိုအမျိုးသမီးရဲ့ ကုသိုလ်အာနုဘော် အ လွန်ကြီးမားလို့ အထွဋ်များစွာ ပါရှိပြီး တံတိုင်း၊ ဥယျာဉ်၊ ရေကန် စတာတွေနဲ့ တန်ဆာထားတဲ့၊ အမြင့် အကျယ် အလျား (၁၆) ယူဇနာရှိတဲ့၊ ကိုယ်အရောင် အဝါနဲ့ ယူဇနာတစ်ရာ ထွန်းလင်းပြန့်နှံ့တဲ့ ဗိမာန်ကြီး ထင်ရှားဖြစ်ပေါ်လာသတဲ့။ ကောင်းကင်မှာ အခြံအရံ နတ်သမီး တစ်ထောင်နဲ့လည်း အတူသွားလာနိုင်သတဲ့။


အရှင်အနုရုဒ္ဓါမထေရ် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူခိုက် အဲဒီနတ်သမီးနဲ့ တွေ့ပြီး အကြောင်းစုံ လျှောက် ထားလို့ အရှင်မြတ်မှတဆင့် သိရခြင်းဖြစ်ပါတယ်။


ဒီအပြင် နတ်သမီးက အမှာစကားတောင် လက်ဆောင်ပါးလိုက် ပါသေးတယ်-


“ အရှင်ဘုရား၊ လူ့ပြည်ပြန်ရောက်ရင် လူသားတွေကို ပြောပြပါဘုရား၊ သံဃာကို ရည်မှန်းပြီး ဒါနအလှူကို ပေးလှူကြဖို့၊ ကြည်ညိုစိတ်နဲ့ တရားနာ ကြဖို့ကို တိုက်တွန်းပေးပါဘုရား၊ သံဃာကို လှူဒါန်းခြင်းဟာ အကျိုးများလှပါတယ်ဘုရား၊ နှ မျောတွန့်တိုခြင်း မစ္ဆရိယစိတ်ကို ချိုးနှိမ်ပြီး လှူဒါန်နိုင်ရင် အာရုံကောင်းတွေနဲ့ ပေါင်းဆုံရတဲ့ နတ်ပြည်သို့ ဧကန်ရောက်ကို ရောက်ပါတယ်ဘုရား” တဲ့။


သူတစ်ပါးရဲ့ ကောင်းမှု့ကို ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု သာဓုခေါ်ခြင်းဖြင့် ရရှိတဲ့ တမလွန် ကောင်းကျိုးဟာ အဖိုးအခ မပေးရဘဲ ရနိုင်ခြင်း ဖြစ်ပါတယ်။ “စိတ်သာရှင်စော ဘုရားဟော” ဆိုတဲ့အတိုင်း မိမိ သူတစ်ပါး ကောင်းမှု့များ၌ စိတ်စင်ကြယ်ခြင်း၊ စိတ်သန့်ရှင်းကြည်လင်ခြင်း သည် သုဂတိ(ဘဝကောင်း)ရောက်ခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။


“မြတ်စွာဘုရား၊ မပေးလှူဘဲနဲ့ သူတစ်ပါးကောင်းမှု့ သာဓုခေါ်ရုံမျှနဲ့ နတ်ပြည် ရောက်နိုင်ပါသလားဘုရား” ဟု ဘုရားရှင်ကို မေးလျှောက်တော့- ဘုရားရှင်က “ သင်ကိုယ်တိုင် မြင်ခဲ့ပြီဘဲ ဘာလုပ် မေးနေရသေးတုန်း၊ ကောင်းမှု့ အမြောက်အများကို မည်သို့ဘဲ ပြုပြု အလှူရှင်ရဲ့စိတ်နဲ့ အလှူခံပုဂ္ဂိုလ်ရဲ့ စိတ်တို့ စင်ကြယ်သန့်ရှင်း ခြင်းမရှိက ဒါနကောင်းမှု့ကြောင့် ပြည့်စုံသောအကျိုးကို ပြည့်ပြည့်ဝ၀ မရနိုင်ဘူး။ အလှူပေးရာမှာ လှူဖွယ်ဝတ္ထု တန်ဖိုးမြင့်မားခြင်းထက် စိတ်စင်ကြယ်ရေးက ပို၍ အရေးကြီးလှတာကို သတိပြု သင့်တယ်” လို့ အပိုဆောင်း မိန့်တော်မူပါတယ်။ ဒါနရှင်တို့ အလွန် မှတ်သားသင့်တဲ့ အဖိုးတန်စကားပါ။


အလှူခံ ပုဂ္ဂိုလ်ကလည်း လိုချင်လောဘနဲ့ အလှူခံ၊ အလှူပေးပုဂ္ဂိုလ်ကလည်း ရင်းနှီးမှု သံယောဇဉ်၊ ဂုဏ်ပကာသန မက် မောမှု့စိတ်နဲ့ လှူမယ်ဆိုရင် အလှူပေး အလှူခံတို့ရဲ့ စိတ်ကို စင်ကြယ်တယ်လို့မဆိုနိုင်ပါဘူး။


သစ္စံ ဘဏေ နကုဇ္စျေယျ၊ ဒဇ္ဇံ အပ္ပမ္ပိ ယာစိတော။


ဧတေဟိ တီဟိ ဋ္ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။(တိကအင်္ဂုတ္တိုရ်)


မြန်မာပြန်။ ။ ၁။အမှန်စကား ပြောဆိုခြင်း၊ ၂။ ဒေါသအမျက် မထွက်ခြင်း၊ ၃။အလှူခံပုဂ္ဂိုလ်အား အနည်း ငယ် လှူဒါန်းခြင်းဟူသော ဤအကြောင်းသုံးပါးသည် နတ်ပြည်သို့ ရောက်နိုင်၏။


အနည်းငယ်မျှ လှူဒါန်းခြင်းဟာလည်း နတ်စည်းစိမ် ခံစားနိုင်တဲ့ အကြောင်းတစ်ပါး ဖြစ်နေတာကို ဤဒေသနာအရ သိရပါတယ်။ နည်းနည်း လှူနိုင်သူတို့အဖို့ အားငယ်စရာ မလိုပါ။ ကိုယ်နိုင်သ လောက်ကလေး လှူဒါန်းကြရပါမယ်။


လွန်တော်မူသွားကြတဲ့ ကျေးဇူးတော်ရှင် ရွှေမဉ္ဇူဆရာတော်ကြီးများရဲ့ ကျေးဇူးဂုဏ်ကို ရည်းမှန်း၍ စုပေါင်းတရား ထုတ်ကြခြင်းဖြင့် တရားနဲ့ ပူဇော်ကျေးဇူးဆပ်ပွဲမှာ တရားဟောပေးဖို့ ၁၃၇၁-ကဆုန်လဆန်း(၄)ရက်မှ လဆန်း(၁၂)ရက်ထိ ဇာတိရွာဖြစ်တဲ့၊ ရွှေတောင်မြို့နယ်၊ ညောင်စာရေး ရွာကို ပြန်ရတယ်။


တောင်ယာခုတ်၊ လယ်လုပ် မိရိုးဖလာ အလုပ်များကို ဓားမဦးချ လုပ်ကိုင်နေကြရတဲ့ ကျေးလက်နေ ရွာသူ ရွာသား များပီပီ ဘဝတွေက နွမ်းလှ၊ ပန်းလှတယ်။ ဘဝအကြမ်းတွေမှာ စီးမျှောရင်း၊ မပြည့်စုံခြင်းတွေကို အံတုရင်း ဘဝမောနေသူတွေမို့ တရား ရေအေးနဲ့ ဘဝအမောတွေကို ဖြေပေး ရတာမို့ တရားပြရတာ အားရမိတယ်။ သူတို့ကလည်း သင်ပေးတဲ့အတိုင်း တရားအားထုတ်ကြတယ်။ ဘာစောဒကမှ မတက်ကြဘူး။


တရားစခန်မှာ တရားအားထုတ်ကြသူတွေများသလို ဆွမ်း၊ သစ်သီး၊ သောက်ရေသုံးရေ၊ အိမ်သာသန့်ရှင်း ရေး၊ ချက်ပြုတ် ကျွေးမွေး စတဲ့ ဝေယျာဝစ္စကုသိုလ် ယူသူတွေလည်း များလှတယ်။ နိုင်သမျှလှူဒါန်းကြတဲ့ သူတို့စေတနာကို “ ခင်ဗျားတို့ လှူတာ နဲနဲလေးရယ်” လို့ မပြောရက်ဘူး၊ သူတို့လှူတဲ့ ငွေစက္ကူအနွမ်းလေးတွေထဲမှာ သူတို့ဘဝတွေကို မြင်နေ ရတယ်။ တစ်ချို့ဆို မြို့မှာလို ယောဂီ အဝတ်တောင် မဝတ်နိုင်ရှာဘုး။ ယောဂီ တဘက်တောင် စာရေးသူ မနှစ်က လှူထားလို့ ပတ်ထားကြရတာ။


စာရေးသူ ခု အသက်(၅၀) နီးသည့်တိုင် ဖွားရာဇာတိ ညောင်စာရေးရွာသည် အသိဉာဏ် ဆိုင်ရာမှာ ပြောပလောက် အောင် တိုးတက် ထူးခြား လာတာကို မတွေ့ရဘူး။ ပရိယေနတောမှာ စာဖတ်ဖို့ရာ အခွင့်မသာနိုင်ကြဘူး။ ဟိုယခင်ကလို သူ့ကျောင်း ကိုယ့်ကျောင်း အတင်မခံ၊ အကျောမခံ ကြွေးယူကာ လှူကြ တမ်းနေကြမြဲ၊ အတိုးတက် ဒုက္ခရောက်ကြရမြဲ၊ သူ့ထက်မသာ သာအောင် ဒူးရေစွတ်ခုန်မယ်ဆိုကာ ခုတိုင် ကြွေဒကြော် နေကြတုန်း ရှိနေကြသေးတယ်။ သူက ငါ့တိုင်၊ ငါက သူ့တိုင်နဲ့ရှိတာ လေးတွေလည်း ကုန်ပေါင်း များလှပြီ။ မရှိမာနထက် မသိမာနက ပိုဆိုးလှတယ်။


သူတို့ကိုလည်း အလုပ်ပေးတရားဟောရင်းနဲ့ “ဒါနနည်းလို့ မွဲတာမဟုတ်ဘူး၊ ဒါနလွဲလို့ မွဲတာ” လို့ ပြောပြပေးလိုက် တယ်။


ဒါနနဲ့ လွဲတယ်ဆိုတာ ဒါနကို လုံးဝမလှူဘဲ မျက်နှာလွှဲထားလို့ ဒါနနဲ့လွဲနေတာ၊ သံသရာမှာ ဒါနမပါရင် ဆင်းရဲခြင်း၊ ရုပ် အဆင်း မလှမပဖြစ်ခြင်း၊ ပညာနဲခြင်း၊ ဂုဏ်သတင်းမှေးမိန်ခြင်း၊ ရာထူးရာခံမရှိခြင်းတို့ ဖြစ်မယ်။ လူသားတို့အဖို့ လူဘဝမှာ အထက်တန်း ကျကျ မျက်နှာပန်းလှလှ ဖြစ်ဖို့ရာမှာ ဒါနပါမှဘဲ ဖြစ်နိုင်တယ်။ လှူရမှန်းမသိလို့လည်း ဒါနနဲ့ လွဲနေတတ်တယ်၊ နှမြောလို့လည်း ဒါနနဲ့ လွဲနေတတ်တယ်။


“သားကြီးအလှူ ကြွေးတွေထူ ငွေကူကိုသာ မျှော်ခဲ့တယ်” လို့ ဒါနလွဲတတ်ကြောင်းကို ရှေးမထေရ်မြတ်တို့က ဟိုယခင် ကပင် ဆုံးမတော် မူခဲ့ကြတယ်။ ထိုတုန်းကလည်း ဒါနတွေလွဲခဲ့လို့ သတိပေးတော် မူဟန်တူရဲ့လို့ တွေးမိပါတယ်။


ကူငွေကို မျှော်ကိုးပြီး သားကြီးကို အလှူပေးလိုက်တာ မှန်းချက်နဲ့နှမ်းထွက်မကိုက် ကြွေးတွေသာ ထပ်တင်ခဲ့တာမို့ မွဲပြီပေါ့နော်။ ဒါနက လွဲပြီကို။


“ဒါန(လှူနည်း) မလွဲဖို့ ဆိုရာမှာ လှူတတ်အောင် သပ္ပုရိသဒါန (သူတော်ကောင်းများ လှူနည်း)နဲ့ ဒက္ခိ ဏဝိဘင်္ဂ (အလှူရဲ့ ကောင်းအကျိုးကို ဝေဘန်ပြခြင်း” သုတ်တော်များနဲ့ အညီ ဒါနပြုကြပါရမယ်။


သပ္မုရိသဒါန(၅)မျိုး-


၁။ ကံနဲကံရဲ့ အကျိုးကို ယုံယုံကြည်ကြည်နဲ့ လှူရမယ်။၂။ ရိုရိုသေသေ လှူရမယ်။ (ရော့အင့်ဆို မလှူရဘူး) ၃။ ကာလကြည့် ပြီး အလှူခံပုဂ္ဂိုလ် အသုံးဝင်တဲ့ ပစ္စည်းလှူရမယ်။ ၄။တွယ်ငြိတဲ့စိတ် ကင်းရှင်းစွာ လှူနိုင်ရမယ်။ ၅။ဘယ်သူကိုမျှ မပုတ်ခပ် မထိပါးဘဲနဲ့ လှူဒါန်းနိုင်ရမယ်။


အလှူခံပုဂ္ဂိုလ်၊ အလှူခံဋ္ဌာန အသုံးမဝင်တဲ့ လှူဒါန်းဖွယ်ရာပစ္စည်း လှူဒါန်းရင် ငွေသာကုန်မယ်။ အကျိုးမများလှဘူး။ ဥပမာဆိုကြပါစို့ ပရိက္ခရာ (၈)ပါးတွင် မပါဝင်တဲ့ ယပ်တောင်ကို ယနေ့ခေတ်မှာ အတော် လှူဒါန်းလေ့ရှိကြတယ်။ နာမည်ထိုး၊ ကတ္တီ ပါနဲ့ဆို ယပ်တောင် တစ်ချောင်း နည်းမှာမဟုတ်၊ စာရေးသူက တရားဟောသူဖြစ်၍ တစ်နှစ်တစ်နှစ် ယပ်အချောင်းပေါင်း များစွာ အလှူခံ ရရှိပါတယ်။ ယပ်ဆိုတာ တစ်ချောင်း ဆို နှစ်ပေါက်သုံးလို့ရတယ်။ ကျန်တာတွေ ဒီအတိုင်း ပစ်ထားရတယ်။ အကျိုး မများတာကို စဉ်းမိတယ်၊ ယပ်တန်းဖိုးနဲ့ညီတဲ့ မှီဝဲနေကျ ဆေးဝါးများဆို အဘယ်မျှ အကျိုးရှိလိုက် မလဲလို့ အကြိမ်ကြိမ် စဉ်းစား ဖြစ်မိသေးတော့တယ်။


ဗုဒ္ဓဘာသာ မြန်မာအချို့က လှူကြပေမယ်လို့ ကိုယ်လှူတဲ့ ပစ္စည်းပေါ်မှာ တွယ်ငြိတဲ့စိတ် ရှိတတ်ကြတယ်၊ ကျောင်းဒကာ ကလည်း ငါလှူတဲ့ကျောင်း၊ ဘုရားအမကလည်း ငါတည်တဲ့ဘုရား စသဖြင့် ရှိတတ်ကြတယ်။ လက်ကလှူဖွယ်ကို လွှတ်လိုက် ပေမယ့် စိတ်က ငါစွဲကို မစွန့်တာကို သတိထား မိတယ်။ နားလည်သူများက သိအောင်ပြောပြပေးကြရမှာ ဖြစ်တယ်။ ငါစွဲ စွန့်ဖို့ ဆိုတာကတော့ ဝိပဿနာတရားကို ဖိဖိစီးစီး အားထုတ်မှ ဖြစ်နိုင်တယ်။


သူတစ်ပါးကို ပုတ်ခတ် လှူဒါန်းလေ့လည်း ရှိတတ်ကြတယ်။ သူတောင် လှူနိုင်သေးတာ ငါ့က ဘာမိုလို့လဲ၊ သူအလှူမှာ ကြက်သား အာလူးရောတာ၊ ငါ့ အလှူကျ ကြက်သား ပလိန်းပေါ့ကွာ၊ အတော်ပြိုင်ကြတယ်။ အဘယ်မျှ ပြိုင်သလဲဆိုရင် သူ့တို့ ဘုန်းကြီး ပျံလွန်တော်မူတုန်းက ဆိုင်း ဇာတ်ထက် သာတဲ့ ဆိုင်းဇာတ်များနဲ့ တို့ဘုန်းကြီးကျရင် ဧယာဉ်ကျူးမယ် ဆိုတာထိ ပြိုင်ဆိုင် ပုတ်ခတ်လေ့ ရှိကြတယ်။ ဘုန်းကြီးက နှာတောင် မစီးသေး ဘူး၊ တောရွာတွေမှာ ရှိတတ်တာကို ပြောပြတာပါ။


ဒက္ခိဏဝိဘင်္ဂသုတ်-


အလှူပေးသူကလည်း သီလမရှိ၊ အလှူခံပုဂ္ဂိုလ်ကလည်း သီလပျက်၊ လှူဒါန်းဖွယ်ရာ ပစ္စည်းကလည်း ဓမ္မိယလဒ္ဓ(တရား သဖြင့်ရတာ)မဟုတ်၊ လှူဒါန်းနေစဉ် စိတ်အစဉ်ကလည်း မကြည်လင်၊ ဒါနရဲ့ ကောင်းကျိုးကိုလည်း မယုံကြည်၊ ဒါမျိုး ဒါနကို လွဲနေတဲ့ဒါန၊ အကျိုးမများတဲ့ ဒါနလို့ ဗုဒ္ဓက မိန့်ဆိုတော်မူပါတယ်။


အပြန်အားဖြင့် အလှူပေးသူကလည်း သီလပြည့်စုံ၊ အလှူခံ ပုဂ္ဂိုလ်ကလည်း သီလလုံခြုံ၊ လှူဒါန်းဖွယ်ရာပစ္စည်းကလည်း ဓမ္မိယလဒ္ဓ၊ လှူဒါန်းနေစဉ် စိတ်အစဉ်ကလည်း အလွန်ကြည်လင်၊ ဒါနရဲ့ကောင်းကျိုးကိုလည်း မြတ်နိုးယုံကြည်၊ ဒါမျိုးဒါကိုတော့ အလွန်အကျိုးများတဲ့ ဒါန၊ မလွဲတဲ့ ဒါနလို့ ဗုဒ္ဓက အသိပေး၊ သတိပေး ဟောပြတော်မူပါတယ်။


အခုပြောခဲ့တဲ့ သားကြီး အလှူဘဲ ဆိုကြပါစို့ လှူဒါန်းနေစဉ်မှာ ဘယ်လိုမှ စိတ်အစဉ် စင်ကြယ်နေမှာ မဟုတ်ဘူး၊ ကြွေး ယူ လှူရတာမို့ ကြွေးကျေဖို့ စိတ်ပူနေမှာ သေခြာတယ်။ လူရွှင်တော်တွေ နောက်ကြသလို ရေစက်ချ အမျှဝေတော့ “အမျှ အမျှ ကယ်တော် မူကြပါဗျို့” လို့ ဖြစ်မှာ။ ဒါလောက်ဆို လွဲတဲ့ဒါန မဖြစ်အောင် လှူတတ်ရောပေါ့နော်။


ဒါနနည်းလို့ မွဲတတ်တယ်ဆိုတဲ့ စကားပုံ လွဲနေတာကို ပြောလိုတာပါ၊ များများမလှူရဘူး၊ မွန်မွန်မြတ်မြတ် မလှူရဘူးဆို တာကို ပြောလိုရင်း မဟုတ်ပါ။ ဘုရားအလောင်းသည်ပင် စွန့်ခြင်းကြီး ငါးပါးအနက် ဓနပရိစ္စာဂ (နန်းစည်းစိမ်အပါအဝင် များစွာ သော ဥစ္စာပစ္စည်းများကို စွန့်လွတ်ခြင်)ကို ပါရမီတစ်မျိုး အနေနဲ့ စွန့်တော်မူခဲ့ပါတယ်။


ဒါနနဲ့ပတ်သက်လို့ နေရာဒေသ ပုဂ္ဂလအလိုက် ဟောတော်မူတဲ့ဒေသနာတော်တွေက များမှများရယ်။ မိမိဓန အား လျော်စွာ ဝန်နဲ့အား၊ လေးနဲမျှား ဆိုတဲ့အတိုင်း နိုင်တဲ့ဒါနဝန်ကို လှူဒါန်းကြရမှာ ဖြစ်ပါတယ်။ သို့မှသာ စိတ်အစဉ် ကြည်လင် နိုင်မယ်။ တစ်ရာ အင်အားရှိသူက မခံချင်စိတ်နဲ့ ကိုးရာချေးပြီး လှူရင်တော့မွဲမှာ သေခြာတယ်။ “တစ်မူးရလို့ တစ်ပဲလှူ” ဆိုတာမျိုးလို့ တစ်မူးရလို့ တစ်ပဲလှူတာ ပြဿနာ မဟုတ်ပေမယ့်၊ တစ်မူးလုံး အကုန် လှူပစ်ရင်တော့ ပြဿနာ ရှိနိုင်တယ်။


ဘုရားရှင်က အိမ်သွန် ဖာမှောက် လှူရမယ်လို့ မဟောဘူး။ ပိုင်ဆိုတဲ့ ပစ္စည်းကို လေးပုံပုံ၊ နှစ်ပုံကို လုပ်ငန်းအတွက် အသုံးပြု၊ တစ်ပုံကို အိုနာစာအတွက် သိမ်းထား၊ တစ်ပုံကိုတော့ သုံးစားတဲ့၊ အဲဒီ မိသားစုသုံးစားတဲ့ အထဲက လှူတဲ့။ ဒါမှ သုံးစားတဲ့ အခါ လှူနိုင်ဖို့ ချွေတာသုံးစွဲ မှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံးမယ့် အထဲက ငွေကို လှူပစ်ရင် လုပ်ငန်း ရပ်ဆိုင်ရခြင်း၊ ရင်းနှီးမြှုပ်နှံမှု့ အားနည်း သွားခြင်းတွေ ဖြစ်မယ်။ အလားတူ အိုနာစာ စုဆောင်းငွေကို လှူဒါန်းပစ်ရင်လည်း နာမကျန်းဖြစ်တဲ့အခါ ဒုက္ခရောက်မယ်။ အဘယ်မျှ စနစ်ကျလှသည်ကို နာလည်လက်ခံပြီး လှူဒါန်းကြရမှာ ဖြစ်ပါတယ်။


လှူတဲ့အခါမှာလည်း “ဝိစေယျ ဒါနံ ဒါတဗ္ဗံ” စီစစ်ရွှေးချယ်ပြီးလှူတဲ့။ ဘယ်လို စီစစ် ရွှေချယ်ရမလဲ ဆိုရင်တော့ “ယတ္ထ ဒိန္နံ မဟပ္ဖလံ” အကျိုးများတဲ့ အလှူခံပုဂ္ဂိုလ်၊ အလှူခံဋ္ဌာနမှာ လှူပါတဲ့။ သေခြာတဲ့ လှူနည်းနဲ့ လှူရင်း နည်းနည်းများများ မွဲစရာ အကြောင်းရှိကို မရှိနိုင်ပါဘူး။ လှူတတ်ဖို့ဘဲ လိုပါတယ်။


ဒါဆို “ဒါနနည်းလို့ မမွဲပါ” ဆိုတာကို လက်ခံမယ် ထင်ပါတယ်။ အဲ ဒါနနဲ့ ပတ်သက်လို့ မွဲမယ်ဆိုရင်တော့ “ ဒါနလွဲလို့ဘဲ မွဲတာ” ဖြစ်ပါကြောင်း…….


အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)

No comments:

Post a Comment