Tuesday, January 17, 2012

နောက်ဘဝအတွက် ဘယ်ကံ အကျိုးပေးမလဲ? အပိုင်း-(၁)

သတ္တဝါတွေရဲ့ ကိုယ်အပြု နှုတ်အပြော စိတ်အကြံတွေမှာ အကျိုးပေးနိုင်လောက်အောင် အင်အားကောင်းတဲ့ စေ့ဆော်မှု နာမ်ဓါတ် တစ်မျိုးရှိ ပါတယ်။ အဘိဓမ္မာသဘောအရ သူ့ကို “စေတနာ”လို့ သတ်မှတ်ပါတယ်။ ဒီစေတနာကိုပဲ “ကံ” လို့လည်း ခေါ်ပါတယ်။ ဒီစေတနာတွေဟာ နာမ်သဘာဝမို့ ဖြစ်ပျက်ကွယ်ပျောက်သွားပေမဲ့ သတ္တိကတော့ ကျန်နေခဲ့ပါတယ်။


အဲ့ဒီကံ သတ္တိတွေဟာ အရိပ်လိုပဲ သတ္တဝါတွေနဲ့အတူ ပါနေပါတယ်။ သတ္တဝါတစ်ဦးတစ်ဦးမှာ ကံတရားတွေ မြောက်မြားစွာပါရှိနေပါတယ်။ ကံတွေဘယ်လောက်များသလဲဆိုတာ ဒီတစ်ဘဝတာနဲ့ပဲ လေ့လာကြည့်ကြဦးစို့။ မနက်အိပ်ရာထကတည်းက ညအိပ်ရာဝင်တိုင်အောင် တစ်နေ့တာ အတွင်း ပြုလုပ်ပြောဆို ကြံစည်မှုတွေ အများကြီးပါ။ ဒီကိစ္စအများစုဟာ စိတ်ဦးဆောင်မှုကြောင့် ဖြစ်ပေါ်လာရတဲ့အရာတွေ ဖြစ်ပါတယ်။ “စိတ်ဟာ မျက်စိတစ်မှိတ်ခန့်မှာ ကုဋေပေါင်းတစ်သိန်းမကတဲ့ အရေအတွက်နဲ့ ဖြစ်ပျက်တယ်” လို့ ကျမ်းဂန်များမှာ မိန့်ဆိုကြပါတယ်။


စိတ်နှင့်အတူဖြစ်ပျက်တာမို့ စေတနာလည် ကုဋေပေါင်းတစ်သိန်းမက ဖြစ်ပျက်တယ်လို့ သိနိုင်ပါတယ်။ မျက်စိတစ်မှိတ်ခန့်မှာ ကံတရားတွေ ဒီလောက်များပြားနေရင် တစ်နေ့တာအချိန်အတွင်းမှာ ဘယ်လောက်များလေမလဲ တွေးကြည့်နိုင်ပါတယ်။ မျက်စိနှင့်မြင်ကောင်းတဲ့အရာ မဟုတ်လို့သာပါ။ စေတနာကံတစ်ခုစီကို စပါးစေ့တစ်စေ့စီနဲ့ နှိုင်းပြောရရင် တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ စေတနာကံတွေဟာ တင်းပေါင်းများစွာ စုပုံထားတဲ့ စပါးပုံကြီးတစ်ခုလောက် ရှိပါလိမ့်မယ်။ ဒါက တစ်နေ့တာအဖို့သာ ရှိပါသေးတယ်။


တစ်သက်တာလုံး ပြုလုပ်ပြောဆို ကြံစည်မှုမှာပါတဲ့ကံတွေ၊ သံသရာတလျှောက်က ပါလာတဲ့ ကံတွေနဲ့ဆိုရင် သတ္တဝါတစ်ဦးတစ်ဦးမှာ ကံတွေ ဘယ်လောက်များပြားလိုက်မလဲ တွေးကြည့်နိုင်ပါတယ်။ ရဟန္တာအဖြစ်နှင့် ဘဝဇာတ်သိမ်းသူမဟုတ်ရင် သတ္တဝါတိုင်းဟာ ဘဝသစ်တစ်ခု မှာ ဖြစ်ကြရပါတယ်။ လူ နတ် ဗြဟ္မာ တိရစ္ဆာန် ငရဲသား စသည်ဖြင့်ပေါ့။ ဘဝသစ်မှာ ဖြစ်ကြရပြီဆိုရင်လည်း သတ္တဝါတွေနှင့်ပါလာတဲ့ ကံများစွာ ထဲက ကံတစ်ခုခုအကျိုးပေးအတိုင်း ဖြစ်ကြရတာသာဖြစ်ပါတယ်။


ဒီတော့ - “ဒီလောက်များပြားလှတဲ့ကံတွေထဲက ဘယ်ကံက နောက်ဘဝအတွက် အကျိုးပေးမလဲ။ ဘယ်ကံက နောက်ဘဝသစ်ကို ဖန်တီးပေးမလဲ” ဒီကိစ္စဟာ အလွန်စိတ်ဝင်စားစရာဖြစ်ပါတယ်။ မိမိနှင့် တိုက်ရိုက်ပတ်သတ်နေတာမို့ အထူး နားလည်ထားသင့်တဲ့အရာ ဖြစ်ပါတယ်။ အာသဝေါကင်း ကွာ ရဟန္တာမဟုတ်သေးသူမှန်သမျှ နောက်ဘဝဆိုတာ ပက်ပင်းတွေ့ကြရမယ့်ကိစ္စ မဟုတ်လား။


ကံရဲ့အကျိုးပေး သဘောသဘာဝကို နားလည်ထားပါမှ ကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်နိုင်ပါလိမ့်မယ်။ အများစုဟာ ကံနှင့် ကံအကျိုးပေးကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အချို့အချို့ ကံနှင့် ကံအကျိုးပေးမှုတွေမှာ ကြိုတင်ပြုပြင်လို့ရတယ်ဆိုတဲ့ အပိုင်းကျတော့ အသိအမြင် အားနည်းသွားကြပါတယ်။ ဒါကြောင့် ကံတရားအတိုင်းပဲ ဆိုတဲ့စကားကို တွင်တွင်သုံးပြီး ဖာသိဖာသာ နေတတ်ကြပါတယ်။ ကံနှင့်ကံရဲ့ အကျိုးပေး ကိစ္စမှာ ကြိုတင်ပြင်ဆင်လို့ရတဲ့အရာ အများအပြားရှိပါတယ်။ ကံတရားကို ကြိုတင်ပြင်ဆင်မှုနှင့် မိမိရဲ့ နောက်ဘဝကိစ္စတွေကို မလေ့လာမီ - - ကံအမျိုးအစား - နောက်ဘဝအတွက် ကံအကျိုးပေး - သဘောသဘာဝကို အရင်လေ့လာကြည့်ရအောင်။


သုတ္တန်ဒေသနာတော်နည်းအရ ကံတရားတွေကို - (၁) စွမ်းရည်သတ္တိ (၂) အခွင့်သာမှု (၃) ကာလအနီးအဝေး - ဆိုပြီးတော့ ကျမ်းဂန်တွေမှာ အခြေအနေအလိုက် အုပ်စု(၃)မျိုး ခွဲပြထားတာ တွေ့ရပါတယ်။ ဒီထဲက (၁) စွမ်းရည်သတ္တိသဘောကို ကြည့်ကြစို့- (က) အချို့ကံတွေဟာ ကိုယ်တိုင်က နောက်ဘဝပဋိသန္ဓေ (ဘဝသစ်) ကိုဖြစ်စေတဲ့ စွမ်းရည်သတ္တိမျိုး ရှိကြပါတယ်။ အချို့ကတော့ ပဝတ္တိအခါမှာ အကောင်း-အဆိုး အမျိုးမျိုးကို ကိုယ်တိုင်ဖြစ်စေတဲ့ စွမ်းရည်သတ္တိ ရှိကြပါတယ်။ ပဝတ္တိဆိုတာ ပဋိသန္ဓေနှင့် စုတိတို့အကြား တစ်ဘဝတာ ကာလကို ခေါ်တာပါ။ ဒီလို ပဋိသန္ဓေအခါ ပဝတ္တိအခါတွေမှာ ကိုယ်တိုင်ဖြစ်စေနိုင်တဲ့ကံကို “ဧနကကံ” လို့ ခေါ်ပါတယ်။


(ခ) အချို့ကံတွေကတော့ ကိုယ်တိုင်ဖြစ်စေနိုင်စွမ်းမရှိကြပါဘူး၊ အခြားကံက အကျိုးပေးထားတာကို အကျိုးပေးသန်အောင်၊ အကျိုးပေးကြာရှည် တည်တံ့အောင် ကူညီထောက်ပံ့ပေးကြပါတယ်။ ဒီလိုကံကို “ဥပတ္ထမ္ဘကကံ” လို့ ခေါ်ပါတယ်။ (ဂ) အချို့ကံတွေကတော့ အခြားကံတစ်ခုခုက အကျိုးပေးထားတာကို အကျိုးပေးအားမကောင်းအောင်၊ ကြာရှည်မခံအောင် ကပ်ပြီးနှိပ်စက်တတ်၊ အားနည်းအောင်လုပ်တတ်ကြပါတယ်။ ဒီလိုကံမျိုးကို “ဥပပီဠကကံ” လို့ ခေါ်ပါတယ်။ ဒီ ဥပတ္ထမ္ဘက - ဥပပီဠက ကံတွေရဲ့သဘောကို နားလည်သဘောပေါက်ကြလို့ မိဘကောင်း ဆရာကောင်း မိတ်ဆွေကောင်းတွေက ဒါနစတဲ့ ကုသိုလ်ကောင်းမှုတွေကို တတ်စွမ်းသမျှ ပြုလုပ်ဖို့ မကောင်းမှုဆိုရင် ဝေးဝေးရှောင်ဖို့ အားပေးကြ တိုက်တွန်းကြ လမ်းညွှန်ကြတာ ဖြစ်ပါတယ်။


ပစ္စုပ္ပ္ပ္ပန်မှာ ကုသိုလ်ကောင်းမှုလုပ်နေခြင်းဟာ ရှေးရှေးကပါလာတဲ့ ကုသိုလ်ကံတွေ အကျိုးပေးခွင့်ရအောင် ဖန်တီးပေးရာရောက်ပါတယ်။ ဒါတင်မကဘူး ယခုဘဝရရှိထားတဲ့ကောင်းကျိုးတွေ အားနည်းနေရင် အကျိုးပေးသန်အောင်၊ ကြာရှည်တည်တံ့အောင်၊ ဆောင်ရွက်ပေး ရာရောက်ပါတယ်။ ပြီးတော့ အတိတ်ကပါလာတဲ့အကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင် ပိတ်ပင်တားဆီးထားရာ ရောက်ပါတယ်။ ယခုဘဝ ခံစားနေရတဲ့ မကောင်းကျိုးတွေ ကြာရှည်မခံအောင် အကျိုးပေးမသန်အောင် ဆောင်ရွက်ပေးရာရောက်ပါတယ်။ အကုသိုလ်အရာမှာလည်း ဒီအတိုင်းပါပဲ။


လက်ရှိဘဝမှာ သူ့အသက်သတ်မှု သူ့ဥစ္စာခိုးမှုစတဲ့ မကောင်းမှုပြုလုပ်နေခြင်းဟာ ရှေးရှေးကပါလာတဲ့ ကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင် ဖန်တီးပေးရာရောက်ပါတယ်။ ယခုဘဝ ကြုံတွေ့နေရတဲ့ မကောင်းကျိုးတွေ ကြာရှည်တည်တံ့အောင်၊ အကျိုးပေးအားကောင်းအောင် ပြုလုပ်ပေး ရာ ရောက်ပါတယ်။ ပြီးတော့ အတိတ်ကပါလာတဲ့ ကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင် တားဆီးထားရာရောက်ပါတယ်။ လက်ရှိဘဝ ရရှိနေတဲ့ကောင်းကျိုးတွေ အကျိုးပေးမသန်အောင်၊ ကြာရှည်မခံအောင် ဆောင်ရွက်ပေးရာရောက်ပါတယ်။ “ရေလာမြောင်းပေးလုပ်တယ်” ဆိုတဲ့စကားဟာ ဒီကံတွေရဲ့ အကျိုးပေးမှုနှင့် အများဆုံးသက်ဆိုင်တဲ့စကားပါ။ ရေကိုလိုချင်သူဟာ ရေရှိတဲ့နေရာကနေ မိမိရောက်စေ လိုတဲ့နေရာသို့ ရေရောက်လာဖို့ မြောင်းတူးပေးရပါတယ်။


မြောင်းတူးပေးလိုက်တော့ ပင်ကိုယ်က ရေမရောက်တဲ့နေရာသို့ ရေတွေ ဝင်ရောက်လာပါတယ်။ တကယ်လို့ ပင်ကိုယ်က ရေအလာ နည်းနေရင်လည်း များများလာပါတယ်။ ရေအားကောင်း ရင်ကောင်း သလောက် ရေစီးလမ်းတလျှောက် အတားအဆီး အပိတ်အဆို့တွေကို ဖယ်ရှားကျော်လွှားပြီး ဝင်လာတတ်ပါတယ်။ ဒီဥပမာအတိုင်းပါပဲ ယခုဘဝ ကုသိုလ် အကုသိုလ်လုပ်နေတာဟာ မြောင်းတူးနေတာနှင့် တူပါတယ်။


ကုသိုလ်ကောင်းမှုလုပ်နေရင် ပင်ကိုယ်က အကျိုးပေးခွင့်မရသေးတဲ့ ကုသိုလ်ကံတွေ အကျိုးပေးခွင့်ရလို့ ကောင်းကျိုးတွေဝင်လာပါတယ်။ အကျိုးပေးအားနည်းနေရင် အားကောင်းလာပါတယ်။ အားကောင်းရင်ကောင်းသလောက် အကုသိုလ်ကံရဲ့ မကောင်းကျိုးအပိတ်အဆို့ အတား အဆီးတွေကို ဖယ်ရှားကျော်လွှားပြီး ကောင်းကျိုးတွေ ဝင်ရောက်လာပါတယ်။ အကုသိုလ်မှု လုပ်နေရင်လည်း ဒီအတိုင်းပါပဲ။ ပင်ကိုယ်က အကျိုးပေးခွင့်မရသေးတဲ့ အကုသိုလ်ကံတွေ အကျိုးပေးခွင့်ရသွားလို့ မကောင်းကျိုးတွေ ဝင်လာပါတော့တယ်။


ဒါကြောင့် “ရေလာမြောင်းပေး”ဆိုတဲ့စကားကို ဒီကံတွေရဲ့ အကျိုးပေးသဘောနှင့် အများဆုံးသက်ဆိုင်တယ်လို့ ပြောရတာပါ။ (ဃ) အချို့ကံတွေကတော့ အခြားကံတွေ လုံးဝအကျိုးမပေးနိုင်အောင်၊ တကယ်လို့ အကျိုးပေးနေရင်လည်း လုံးဝပျက်စီးသွားအောင် ဖျက်ဆီးနိုင် စွမ်းရှိကြပါတယ်။ ဒီလိုကံမျိုးကိုတော့ “ဥပဃာတကကံ” လို့ ခေါ်ပါတယ်။ ပြဆိုခဲ့တာတွေဟာ ကံတွေရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်အရ (၄)မျိုး ခွဲပြတာဖြစ်ပါတယ်။ မြန်မာလိုအကျဉ်းချုပ်မှတ်လိုရင် -


(က) ကိုယ်တိုင်ဖြစ်စေနိုင်တဲ့ကံ၊ (ခ) ထောက်ပံ့ပေးတတ်တဲ့ကံ၊ (ဂ) အားနည်းအောင်လုပ်တတ်တဲ့ကံ၊ (ဃ) တားမြစ်ဖျက်ဆီးတတ်တဲ့ကံ - လို့ မှတ်နိုင်ပါတယ်။


နံပါတ်(၂) အခွင့်သာမှုသဘောကို ကြည့်ကြဦးစို့ - (က) အချို့ကံတွေဟာ နောက်ဘဝပဋိသန္ဓေကျိုးကို သေချာပေါက် ပေးတတ်ကြပါတယ်။ သူတို့အကျိုးပေးမယ့်ကိစ္စကို အခြားကံတွေ အတားအဆီး အပိတ်အပင် လုပ်လို့မရနိုင်အောင် အထူးအားကောင်းကြပါတယ်။ အဲဒီလိုကံမျိုးကို “ဂရုကံ” လို့ ခေါ်ပါတယ်။


(ခ) သေဆုံးခါနီး ကပ်ပြီးပြုလုပ်တဲ့ကံ။ ဒါမှမဟုတ် ဟိုရှေးရှေးကတည်းက လုပ်ခဲ့တာဖြစ်ပေမဲ့ ယခုမှ လုပ်နေရသလို သေခါနီးမှာ ထင်ထင်ရှားရှား ပေါ်လာတဲ့ကံတွေလည်း ရှိပါတယ်။ သူ့ကို “အာသန္နကံ” လို့ ခေါ်ပါတယ်။


(ဂ) နှစ်ရှည်လများ နေ့စဉ်ရက်ဆက် ပြုလုပ်ထားတဲ့ကံတွေ၊ တစုံတခုပြုလုပ်ပြီးနောက် နှစ်ရှည်လများ သတိတရဖြစ်နေတဲ့ကံတွေလည်း ရှိပါတယ်။ သူ့ကို “အာစိဏ္ဏကံ” လို့ ခေါ်ပါတယ်။


(ဃ) ဂရုသံ အာသန္နကံ အာစိဏ္ဏေကံ အဆင့်သို့မရောက်ဘဲ အမှတ်မထင်ပြုလုပ်မိတဲ့ ကံတွေလည်း ရှိပါတယ်။ သူ့ကို “ကဋတ္တာကံ” လို့ ခေါ်ပါတယ်။ ဒါတွေဟာ အကျိုးပေးအခွင့်သာမှုအရ (၄)မျိုးခွဲပြတာ ဖြစ်ပါတယ်။


အကျဉ်းမှတ်မယ်ဆိုရင် -


(က) ကြီးလေးတဲ့ကံ၊

(ခ) အနီးကပ်ပြုတဲ့ကံ၊

(ဂ) အလေ့အကျင့်ကံ၊

(ဃ) သာမညကံ - လို့ မှတ်နိုင်ပါတယ်။


နံပါတ်(၃) ကာလအနီးအဝေးသဘောအရ ကြည့်ကြဦးစို့ - (က) ကုသိုလ်အရာမှာဖြစ်စေ၊ အကုသိုလ်အရာမှာဖြစ်စေ လက်ရှိဘဝမှာပဲ ချက်ချင်း လက်ငင်း အကျိုးပေးတတ်တဲ့ကံတွေ ရှိပါတယ်။ သူ့ကို “ဒိဋ္ဌဓမ္မဝေဒနီယကံ” လို့ ခေါ်ပါတယ်။ ကုသိုလ်အရာဆိုပါစို့။


ဥပမာ - ကဿပဘုရားရှင်ကို ဆွမ်းလှူလို့ ဆင်းရဲသားမဟာဒုဂ် ချက်ချင်းသူဌေးဖြစ်မှု၊ အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ဆွမ်းလှူလို့ ဆင်းရဲသားပုဏ္ဏတို့ဇနီးမောင်နှံ ချက်ချင်းသူဌေးဖြစ်မှု၊ အရှင်မဟာကဿပကို ဆွမ်းလှူလို့ ကာကဝလိယတို့ ဇနီးမောင်နှံ ချက်ချင်းသူဌေးဖြစ်မှု စသည်ဖြစ်ပါတယ်။


အကုသိုလ်အရာမှာ ဥပ္ပလဝဏ်ထေရီကို မတော်မတရားပြုကျင့်လို့ နန္ဒလုလင် မြေမျိုခံရမှု၊ ထမင်းပွဲမှာ အမဲသားမပါတာကြောင့် အနီးမှာ ရှိတဲ့ နွားရဲ့လျှာကိုဖြတ်ပြီး မီးကင်စားလို့ နန္ဒနွားသတ်သမား ချက်ချင်းလျှာပြတ်ကျမှု စသည်တွေဖြစ်ပါတယ်။


(ခ) ဒီဘဝမှာ အကျိုးမပေးသေးဘဲ ဒုတိယဘဝကျတော့မှ အကျိုးပေးတတ်တဲ့ ကံလည်း ရှိပါတယ်။ သူ့ကို “ဥပပဇ္ဇဝေဒနီယကံ” လို့ ခေါ်ပါတယ်။ (ဂ) ယခုဘဝ၊ ဒုတိယဘဝမှာ မဟုတ်ဘဲ တတိယဘဝမှစလို့ နိဗ္ဗာန်မရမီကာလအတွင်းမှာ အခွင့်သင့်သလို အကျိုးပေးတတ်တဲ့ ကံတွေလည်း ရှိပါတယ်။ သူ့ကို “အပရာပရိယ ဝေဒနီယကံ” လို့ ခေါ်ပါတယ်။ (ဃ) အကြောင်းအမျိုးမျိုးကြောင့် အကျိုးမပေးတော့တဲ့ ကံတွေလည်း ရှိပါတယ်။ သူ့ကိုတော့ “အဟောသိကံ” လို့ ခေါ်ပါတယ်။


ဆက်လက်ဖေါ်ပြပေးသွားပါမည်။


မေတ္တာများဖြင့်

အရှင်နန္ဒသေနာလင်္ကာရ (သာမဏေကျော်၊ ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ MA)

No comments:

Post a Comment