ကုသိုလ်ကံအရာ ဆိုကြပါစို့။ ဥပမာ - စတုတ္ထဈာန်တိုင်အောင် ရရှိထားသူဟာ အဲဒီဈာန်နဲ့ကွယ်လွန်ခဲ့ရင် စတုတ္ထဈာန်ကံက သေချာပေါက် အကျိုးပေးလို့မို့ စတုတ္ထဈာန် ဗြဟ္မာ့ဘုံမှာ ဖြစ်ရပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန်တွေကိုလည်း ရရှိထားသူပါ။ အဲဒီဈာန်ကံတွေဟာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန် ဗြဟ္မာ့ဘုံတွေမှာ အကျိုးပေးမှာဖြစ်ပေမဲ့ သူတို့ထက်အားကောင်းတဲ့ စတုတ္ထဈာန်ကံက အကျိုးပေးလိုက်လို့မို့ အကျိုးမပေးနိုင် ဖြစ်သွားပါတယ်။
အကုသိုလ်ကံအရာမှာ ပဉ္စာနန္တရိယကံငါးပါးလုံးကို ကျူးလွန်ထားသူဆိုကြပါစို့။ အပြစ်အကြီးဆုံး သံဃဘေဒကကံ အကျိုးပေးတာကြောင့် ငရဲသို့ရောက်ရပါတယ်။ ကျန်တဲ့ကံလေးခုကတော့ ပဋိသန္ဓေကျိုးပေးခွင့်မရှိ ဖြစ်သွားပါတယ်။ ပြဆိုခဲ့တာတွေက နောက်ဘဝမှာ ပဋိသန္ဓေ ကျိုးကိုသေချာပေါက်ပေးမှာဖြစ်ပေမဲ့ မပေးနိုင်တော့တာကို ရည်ရွယ်ပြောတာပါ။ ပဝတ္တိကာလမှာတော့ အကျိုးပေးနိုင်ပါသေးတယ်။ အချို့အချို့ ကံတွေကတော့ လုံးဝအကျိုးမပေးတော့တာလည်း ရှိပါတယ်။
ဥပမာ - အရှင်အဂုင်္လိမာလမထေရ်ကို ကြည့်နိုင်ပါတယ်။ မထေရ်လောင်းဟာ ဒီဘဝမှာပဲ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရဟန္တာဖြစ်တော်မူသွားလို့ နောက်ဘဝမရှိတော့ပါဘူး။ ဒီတော့ လူသတ်မှု အကုသိုလ်ကံတွေ နောက်ဘဝပဋိသန္ဓကျိုး၊ ပဝတ္တိကျိုးကို လုံးဝမပေးနိုင်ဖြစ်သွားပါတယ်။ အဟောသိကံ ဆိုတာ အဲဒီသဘောပါ။
ဒါတွေဟာ အကျိုးပေးမှုကာလ အနီးအဝေးအရ ကံတွေကို (၄)မျိုးခွဲပြတာ ဖြစ်ပါတယ်။ အကျဉ်းမှတ်မယ်ဆိုရင် -
(က) လက်ရှိဘဝမှာ အကျိုးပေးတဲ့ကံ၊
(ခ) ဒုတိယဘဝမှာ အကျိုးပေးတဲ့ကံ၊
(ဂ) တတိယဘဝမှစပြီး နိဗ္ဗာန်မရမီကြားကာလမှာ အကျိုးပေးတဲ့ကံ၊
(ဃ) လုံးဝအကျိုးမပေးတော့တဲ့ကံ-လို့ မှတ်သားနိုင်ပါတယ်။ ပြဆိုခဲ့တာတွေဟာ ကံအမျိုးအစားကို အကျဉ်းသဘော လေ့လာကြည့် တာ ဖြစ်ပါတယ်။
ဆက်ပြီးတော့ - သတ္တဝါတွေရဲ့နောက်ဘဝကို ဘယ်ကံက စီမံပေးသလဲ၊ ဘယ်ကံကပေးတဲ့ အကျိုးကို ခံစားရဖို့နီးစပ်သလဲ ဆိုတဲ့ကိစ္စ ကို လေ့လာကြည့်ကြဦးစို့။
နောက်ဘဝ ပဋိသန္ဓေအကျိုးပေးကိစ္စမှာ အမှတ်(၃)အခွင့်သာမှုကံအုပ်စုက အများဆုံးသက်ဆိုင်တာမို့ အဲဒီကံအုပ် စုနှင့် လောလာကြည့်ကြရအောင်။ ဒီအုပ်စုထဲက အခွင့်အလမ်းအားအသာဆုံးကံဟာ “ဂရုကံ” ပါပဲ။ ဂရုကံ-ဆိုတာ အခြားကံတွေ ပိတ်ပင် တားမြစ်လို့မရလောက်အောင် အင်အားကြီးမားတဲ့ကံဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။
ဥပမာ - ကုသိုလ်အရာမှာဆိုရင် ရူပဈာန်ကံ၊ အရူပဈာန်ကံတွေပေါ့။ ပဌမဈာန်နဲ့ကွယ်လွန်သူဟာ နောက်ဘဝ ပဌမဈာန်ဗြဟ္မဘုံ မှာဖြစ်ရဖို့ သေချာပါတယ်။ ဒုတိယဈာန် စသည်နဲ့ကွယ်လွန်သူတွေလည်း ဒီအတိုင်းပါပဲ။ ဒုတိယဈာန်ဗြဟ္မာဘုံစသည်မှာ ဖြစ်ရဖို့ သေချာပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့ သာဓကရှိသလား-လို့မေးရင် အများကြီးပါလို့ ပြောရမှာပါ။
ဘုရားအလောင်းတော် တောထွက်ပြီးနောက် တရားနည်းခံခဲ့တဲ့ အာဠာရ ရသေ့ဟာ အရူပ အာကိဉ္စညာယတနဈာန်ကို ရရှိထားသူဖြစ်လို့ ကွယ်လွန်တဲ့အခါ အာကိဉ္စညာယတနဘုံမှာ ဗြဟ္မာဖြစ်သွားတဲ့ဖြစ်ရပ်၊ ဥဒကရသေ့လည်း အရူပနေဝသညာနာသညာယတနဈာန်ကို ရရှိထားသူဖြစ်လို့ ကွယ်လွန်တဲ့အခါ နေဝသညာနာသညာယတနဘုံမှာ ဗြဟ္မာဖြစ်သွားတဲ့ဖြစ်ရပ်တွေဟာ ထင်ရှားတဲ့ သာဓကတွေပါ။
အကုသိုလ်အရာဆိုရင် ပဉ္စာနန္တရိယကံ ဖြစ်ပါတယ်။ အမိကိုသတ်သူ၊ အဖကိုသတ်သူ၊ ရဟန္တာကိုသတ်သူ၊ ဘုရားရှင်ကို သွေးစိမ်း တည်အောင်လုပ်သူ၊ သံဃာသင်းခွဲသူဟာ နောက်ဘဝ ငရဲရောက်ဖို့ သေချာပေါက်ပါပဲ။ သာဓကနေနဲ့ကြည့်မယ်ဆိုရင် - သံဃာသင်းခွဲလို့ အရှင်ဒေဝဒတ် အဝီစိငရဲသို့ရောက်သွားတဲ့ဖြစ်ရပ်၊ ဖခင်ဗိမ္ဗိသာရမင်းကိုသတ်လို့ အဇာတသတ်မင်း အဝီစိငရဲရဲ့ အခြံအရံ လောဟကုမ္ဘီငရဲသို့ ရောက်သွားတဲ့ဖြစ်ရပ်တွေဟာ ထင်ရှားတဲ့ သက်သေအထောက်အထားတွေပါပဲ။
ဒီနေရာမှာ အထူးနားလည်ထားသင့်တဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ “နိယတမိစ္ဆာဒိဋ္ဌိကံဟာ ဂရုကံထဲမှာပါဝင်တယ်” လို့ ကျမ်းဂန်မှာ တိုက်ရိုက်ဖေါ်ပြမထားပေမဲ့ အကျိုးပေးသေချာလို့မို့ ပညာရှင်များစွာက ဂရုကံထဲ ထည့်သွင်းမိန့်ဆိုတော်မူကြပါတယ်။ ဒီအယူဝါဒရှိနေ ရင် နောက်ဘဝမှာ ငရဲသို့ရောက်ဖို့ သေချာပေါက်ပဲလို့ ဆိုလိုတာဖြစ်ပါတယ်။
နိယတမိစ္ဆာဒိဋ္ဌိဟာ ဘဝအတွက် အရေးကြီးတဲ့အရာမို့လို့ အခြေခံသဘောလောက်တော့ နားလည်ထားသင့်ပါတယ်။ ဒါကြောင့် အကျဉ်း ချုပ်ပြီး လေ့လာကြည့်ကြရအောင်။ နိယတမိစ္ဆာဒိဋ္ဌိ (၃)မျိုး ရှိတယ်လို့ ကျမ်းဂန်တွေမှာ မိန့်ဆိုကြပါတယ်။ အဲဒါတွေက -
(၁) လက်ရှိဘဝ ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် နောက်ဘဝမှာ ကောင်းကျိုး မကောင်းကျိုး ခံစားရတာမရှိဘူး - လို့ ယုံကြည်လက်ခံတဲ့ အယူဝါဒဖြစ်ပါတယ်။ (နောက်ဘဝဆိုတာ မရှိဘူး ဒီဘဝပြီးရင်ပြီးပြီ - ဆိုတဲ့ ယုံကြည်လက်ခံမှုဟာ ဒီအယူဝါဒထဲ အကျုံးဝင် ပါတယ်)။ ဒီလို ကောင်းမကောင်းကံရဲ့ ကောင်းကျိုးမကောင်းကျိုးပေးတဲ့ကိစ္စကို လက်မခံတဲ့အယူကို [B]“နတ္ထိက မိစ္ဆာအယူ”[/B] လို့ ခေါ်ပါ တယ်။
ကျမ်းဂန်တွေမှာ ဒီအယူဝါဒရဲ့ သဘောသဘာဝကို အကျယ်မိန့်ဆိုထားကြပါတယ်။ ဒီမှာတော့ လိုရင်းလောက်ပဲပြောရအောင်။ ကြီးကြီး ကျယ်ကျယ်ပေးလှူသည်ဖြစ်စေ၊ နည်းနည်းပါးပါး ပေးလှူသည်ဖြစ်စေ အဲဒီလိုပေးလှူမှုကြောင့် ကောင်းကျိုးခံစားရတယ်ရယ်လို့ မရှိဘူး၊ ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် ကောင်းကျိုးမကောင်းကျိုးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ ခံစားရတယ်ရယ် လို့မရှိဘူး၊ ဟိုဘက်ဘဝမှာရှိနေသူအတွက် ဒီဘက်ဘဝဆိုတာ မရှိသလို၊ ဒီဘက်ဘဝရောက်နေသူတွေအတွက် ဟိုဘက်ဘဝဆိုတာ မရှိဘူး၊ မိဘကိုပြုစုလုပ်ကျွေးလို့ နောင်အခါ ကောင်းကျိုးခံစားရတယ်ရယ်လို့မရှိဘူး၊ နတ်တွေ၊ ဗြဟ္မာတွေ၊ ကိုယ်ကျင့်သီလနှင့်ပြည့်စုံပြီး ဒီဘဝနောက်ဘဝကို သိမြင်တဲ့ ပုဂ္ဂိုလ်ထူးတွေရှိတယ်ဆိုတဲ့ ယုံကြည်မှုဟာလည်း မှားယွင်းမှုသာဖြစ်တယ်၊ အထင်မျှသာဖြစ်တယ် - လို့ ယုံကြည် လက်ခံမှုတွေ ပါဝင်ပါတယ်။
(၂) လက်ရှိဘဝ ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ် ကောင်းမှုမကောင်းမှုရယ်လို့ လုပ်ရာမရောက်ဘူး။ ကောင်းမှု မကောင်းမှု လုပ်ရာရောက်တယ်ဆိုတာ အထင်မျှသာဖြစ်တယ် - လို့ ယုံကြည်လက်ခံတဲ့ အယူဝါဒဖြစ်ပါတယ်။
ဒီအယူဝါဒရဲ့ သဘောသဘာဝကိုလည်း အကျဉ်းသဘောကြည့်ရအောင် -
ဒီအယူဝါဒမှာ “သူ့အသက် ကိုယ်တိုင်သတ်သည်ဖြစ်စေ၊ သူတပါးကို အသတ်ခိုင်းသည်ဖြစ်စေ မကောင်းမှုပြုရာမရောက်ဘူး၊ ဒါနမှုစသည်တွေ မှာလည်း ကိုယ်တိုင်လုပ်သည်ဖြစ်စေ၊ သူတပါးကို အလုပ်ခိုင်းသည်ဖြစ်စေ ကောင်းမှုပြုရာမရောက်ဘူး” စတဲ့ ယုံကြည်လက်ခံမှုတွေ ပါဝင်ပါတယ်။ ဒီလို အကြောင်းကံတရားကို လက်မခံတဲ့အယူကို [B]“အကိရိယ မိစ္ဆာအယူ”[/B] လို့ ခေါ်ပါတယ်။
ံ
(၃) အကျိုးပေးတတ်ပါတယ်ဆိုတဲ့ အကြောင်းကံတရားလည်းမရှိ၊ အကြောင်းကံတရားက အကျိုးကိုဖြစ်စေတယ်ဆိုတာလည်း မရှိဘူးလို့ အကြောင်းအကျိုး နှစ်မျိုးလုံးကို လက်မခံတဲ့ အယူဝါဒဖြစ်ပါတယ်။
ဒီအယူဝါဒမှာ “သူ့အသက်သတ်မှုစတဲ့ အကုသိုလ်ကြောင့် ညစ်နွမ်း(မကောင်းကျိုးခံစားရ)မှုလည်း မရှိ၊ ဒါနပြုလုပ်မှုစသည့် ကုသိုလ်ကြောင့် ဖြူစင်(ကောင်းကျိုးခံစားရ)မှုလည်း မရှိ၊ သတ္တဝါတိုင်းရဲ့ သံသရာသက်တမ်းဟာ ကမ္ဘာပေါင်း ရှစ်သန်းလေးသိန်းသာရှိတယ် (မူလကတည်းက သတ်မှတ်ပြီးသားဖြစ်တယ်)၊ လူမိုက်ဆိုပြီး သံသရာရှည်တာ၊ ပညာရှိဆိုပြီး သံသရာတိုတာ မရှိဘူး၊ ကမ္ဘာပေါင်းရှစ်သန်းလေးသိန်း သက်တမ်းကုန်ရင် သံသရာမှလွတ်ပြီ” (သတ်မှတ်သက်တမ်းကုန်ရင် ဘဝပြတ်ပြီ)စတဲ့ ယုံကြည်လက်ခံမှုတွေ ပါဝင်ပါတယ်။ ဒီလိုအကြောင်း အကျိုး နှစ်မျိုးလုံးကို လက်မခံတဲ့အယူကို [B]“အဟေတုက မိစ္ဆာအယူ”[/B] လို့ ခေါ်ပါတယ်။
ဒီအယူဝါဒတွေထဲက တစ်မျိုးမျိုးကို ယုံကြည်လက်ခံသူဟာ နောက်ဘဝ ငရဲသို့ရောက်ရမှာ အသေအချာပါပဲ။ ဒါကြောင့် ဒီနိယတမိစ္ဆာအယူကိုလည်း ပညာရှင်များက ဂရုကံထဲ ထည့်သွင်းထားကြတာ ဖြစ်ပါတယ်။
ဒါက နိယတမိစ္ဆာဒိဋ္ဌိနှင့်စပ်လို့ အကျဉ်းသဘော လေ့လာကြည့်တာပါ။ အကျယ်သိချင်ရင်တော့ ကျမ်းဂန်တွေမှာ ပြဆိုထားတာ အများအပြားပါပဲ။ လေ့လာကြည့်နိုင်ပါတယ်။
ဒါကြောင့် ယဉ်ကျေးတဲ့လူ့ပတ်ဝန်းကျင်အတွင်း လူသားတစ်ယောက်အဖြစ် ခဏတာရောက်လာချိန်မှာ ဒီကံငါးပါးကို မကျူးလွန်မိဖို့ အရေးကြီးသလို နိယတမိစ္ဆာအယူကို လက်မခံမိဖို့လည်း အထူးလိုအပ်ပါတယ်။
ဆက်ပြီး ဒုတိယအခွင့်အလမ်းရှိတဲ့ကံကို ကြည့်ကြစို့။ နောက်ဘဝအတွက် သေချာပေါက်အကျိုးပေးမယ့် ဂရုကံမရှိရင်တော့ ဒုတိယအခွင့် အသာဆုံးက ကွယ်လွန်ခါနီးမှာပြုလုပ်တဲ့၊ ဒါမှမဟုတ် သတိတရဖြစ်လာတဲ့ “အာသန္နကံ” ပါပဲ။
ကုသိုလ်ရေးနဲ့ပြောရရင် - သေဆုံးခါနီးမှာ ဘုရားအာရုံပြုမှု၊ တရားနာမှု၊ တရားနှလုံးသွင်းမှု၊ ပန်းဆီမီးစသည် လှူဒါန်းမှုစတဲ့ ကုသိုလ်ရေး အလုပ်တွေ။ အကုသိုလ်ရေးနဲ့ပြောရရင် - အကုသိုလ်အလုပ်ကိုလုပ်နေစဉ် အကြောင်းတစုံတရာကြောင့် သေဆုံးကြမယ့်သူများအဖို့ လုပ်နေဆဲမုဆိုးအလုပ် တံငါအလုပ်စသည်တွေ ဖြစ်ပါတယ်။ ပြီးတော့ ဒီဘဝ ဟိုအတိတ်ဘဝတွေက ပြုလုပ်ပြောဆို ကြံစည်ခဲ့တာကို ယခု လုပ်နေရ ပြောနေရ ကြံနေရသလို သေခါနီးမှာ ထင်ထင်ရှားရှား ထင်မြင်လာမှုတွေ ဖြစ်ပါတယ်။
အာသန္နကံသဘောကို နားလည်သူတွေက တစ်ဦးတစ်ယောက်အတွက် ကွယ်လွန်ခါနီးမှာ ဘုရားတရားကိုအာရုံပြုဖို့၊ တစ်သက်တာမှာပြုလုပ်ခဲ့တဲ့ ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတွေကို အာရုံပြုဖို့ ဟောပြောပေး သတိပေးတတ်ကြပါတယ်။ ဒါဟာ အာသန္နကံကောင်း တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အာသန္နကံကောင်းဖြစ်စေဖို့ ဆောင်ရွက်ခဲ့ကြတဲ့ သာဓကတွေ ကျမ်းဂန်တွေမှာ အများ အပြားတွေ့ရပါတယ်။
တစ်ခါက သီဟိုဠ်ကျွန်း သောဏဂိရိတောင်ပေါ်ကျောင်းမှာ သောဏမထေရ်မြတ် သီတင်းသုံးနေထိုင်တော်မူပါတယ်။ မထေရ်မြတ်ရဲ့ ခမည်းတော်ကတော့ မုဆိုးအလုပ်နဲ့ အသက်မွေးသူပါ။ အရွယ်ကောင်းစဉ်က ခွေးတစ်သိုက်နှင့်အတူ တောလည်ပြီး ရတတ်ရာရာ သားကောင်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချအသက်မွေးပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာတော့ သားရဟန်းဆီလာပြီး ရဟန်းဝတ်နေပါတယ်။ ဒီလိုနဲ့ နေလာလိုက်တာ သေခါနီးကျတော့ မုဆိုးလုပ်ခဲ့စဉ်က အာရုံတွေ ထင်လာပါတော့ တယ်။ ခွေးကြီးတွေ တောင်ခြေမှထွက်လာပြီး သူ့ကို လိုက်ကိုက်နေကြတယ်လို့ ထင်လာတယ်။ ဒါကြောင့် ခြောက်ပါဦး ဟဲ့သားရဲ့လို့ အော် ဟစ်ပြောဆိုနေတယ်။ ဒါနဲ့ သားရဟန်းက ဦးပဉ္စင်းကြီး ဘာဖြစ်တာလဲလို့မေးတော့ ခွေးကြီးတွေ လာနေကြပြီ ခြောက်ပါဦး လို့ ပြန်ပြောသတဲ့။
သားရဟန်းက ဦးပဉ္စင်းကြီး ငရဲနိမိတ်တွေထင်နေပြီလို့သိတာနှင့် ကိုရင်တွေကို ပန်းအခူးခိုင်းလိုက်ပါတယ်။ ရသမျှပန်းတွေကို သေသေသပ်သပ် ကြည်ညိုဖွယ်ဖြစ်အောင်စီမံပြီး မဟာစေတီမှာ ပူ့ဇော်ပါတယ်။ ဦးပဉ္စင်းကြီးကိုလည်း ခုတင်နှင့်အတူ စေတီရင်ပြင်သို့ သယ်ယူလာပါတယ်။ ပူဇော်ထားတဲ့ပန်းတွေအနားမှာ ဦးပဉ္စင်းကြီးကိုချထားပြီး “ဦးပဉ္စင်းအတွက် ဘုရားမှာ ပန်းတွေပူဇော်ထားတယ်။ ဘုရားကိုအာရုံပြုပါ” လို့ အသိပေးပြီး ဘုရားဆီအာရုံရောက်လာအောင် သားရဟန်းက အနားကနေ ပြောပေးနေပါတယ်။ မကြာမီမှာ “သားရေ ဖယ်ပေးပါ၊ ဖယ်ပေးပါ၊ သင့်မိထွေးတွေ လာနေကြပြီ”လို့ ပြောပြောဆိုဆို ကွယ်လွန်သွားပါတယ်။ ဒါဟာ နတ်သမီးအာရုံတွေထင်လာလို့ ပြောတဲ့စကားမို့ နတ်ပြည်သို့ရောက်သွားကြောင်း သိနိုင်ပါတယ်။ ဒီလိုသာဓကတွေကိုကြည့်ပြီး သေခါနီးကာလမှာ အာရုံကောင်း နိမိတ်ကောင်းတွေဖြစ်စေဖို့ သတိပေး ဟောပြောပေးမယ့် မိတ်ဆွေကောင်းလိုတယ်လို့ ပြောတတ်ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ ဖြစ်ခွင့်ရှိတယ်ဆိုတဲ့သဘောကို ပြဆိုတာပါ။ သတ္တဝါတွေ သေခါနီးမှာ မျက်စိ နား စသည်တွေရဲ့ အာရုံယူနိုင်မှုဟာ အလွန်အားနည်းသွားတတ်ပါတယ်။ မျက်စိပါလျက်နှင့်မမြင်၊ နားပါလျက်နှင့်မကြားဆိုတာ ဒီလိုအခါမျိုးကို ပြောတာပါ။ အထူး သဖြင့် ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရသူတွေ၊ မေ့မျောနေသူတွေဟာ ပတ်ဝန်းကျင်က အသိပေး သတိပေးမှုတွေကို မသိနိုင်ကြတော့ ပါဘူး။ ဒီအခြေအနေမျိုးဆိုရင်တော့ ပတ်ဝန်းကျင်က လုပ်ဆောင်ပေးမှုဟာ အာသန္နကံဖြစ်ဖို့ အခွင့်အလမ်း အားနည်းသွားပါတယ်။ ဒါက ဒုတိယအားကောင်းတဲ့ အခွင့်အလမ်းပေါ့။
တကယ်လို့ အာသန္နကံ အကျိုးမပေးခဲ့ရင် တတိယအခွင့်အလမ်းအားကောင်းတာက နှစ်ရှည်လများပြုလာခဲ့တဲ့၊ ဒါမှမဟုတ် တစ်ကြိမ် တစ်ခါပြုလုပ်ပေမဲ့ စွဲစွဲမြဲမြဲ သတိတရဖြစ်နေတဲ့ “အာစိဏ္ဏကံ” ပါပဲ။
ကုသိုလ်အရာနဲ့ပြောရရင် နေ့စဉ်ရက်ဆက်ပြုလုပ်ထားတဲ့ ဒါနမှု၊ သီလမှု၊ ဘာဝနမှုတွေ။ အကုသိုလ်အရာဆိုရင် နေ့စဉ်လိုလို ရက်ရှည်လများပြုလုပ်ထားတဲ့ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးယူမှု စသည်တွေ ဖြစ်ပါတယ်။ ဒါ့ပြင် ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီး မကြာမကြာ သတိရဝမ်းမြောက်နေမှု၊ အကုသိုလ်မှုတစ်ခုလုပ်ပြီး မကြာမကြာ နောင်တရ စိတ်ဆင်းရဲနေမှု စသည်တို့ ဖြစ်ပါတယ်။
သဘာဝနှင့်ကြည့်မယ်ဆိုရင် နှစ်ရှည်လများ ပြုမူလုပ်ဆောင်ခဲ့တာကြောင့် အာစိဏ္ဏကံဟာ အာသန္နကံထက် ပိုမိုအင်အားကောင်းပါတယ်။ ဒါပေမဲ့ ကျမ်းဂန်တွေမှာ အာသန္နကံကို ဦးစားပေးပြီး ဒုတိယအခွင့်သာတဲ့နေရာမှာ ပြဆိုထားကြပါတယ်။ ဒီလိုပြဆိုရတာကလည်း ဘဝတစ်ခုအတွက် အကျိုးပေးခါနီးဆဲဆဲမှာ သူက ရုတ်တရက်ဝင်ရောက် အကျိုးပေးတတ်လို့ပါ။ ဒါက တကယ်လို့ အာသန္နကံ ရှိခဲ့ရင်ဆိုတဲ့ သဘောနှင့် ပြဆိုတာဖြစ် ပါတယ်။ အများအားဖြင့်ကတော့ အာစိဏ္ဏကံကသာ အကျိုးပေးခွင့်ရဖို့ ပိုများပါတယ်။
အကြောင်းကတော့ သတ္တဝါတွေဟာ ဘဝပေးအခြေအနေအရ ကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်တွေနှင့် နှစ်ရှည်လများ၊ ရုန်းကန်လှုပ်ရှားပြီး ဘဝရပ်တည်ကြရပါတယ်။ ဒီတော့ စိတ်မှာ နှစ်ရှည်လများ စွဲမြဲနေတဲ့ အာရုံသာထင်လာဖို့ ပိုပြီးအခွင့်အလမ်းများပါတယ်။
ဥပမာ - တောင်ဘက်သို့ ကိုင်းညွတ်နေတဲ့ သစ်ပင်တစ်ပင်ဆိုပါစို့။ သူ့သဘောဝအလျောက် လဲမယ်ဆိုရင် ဒီသစ်ပင် တောင်ဘက်သို့လဲမှာ အသေအချာဖြစ်ပါတယ်။ လေမုန်တိုင်းတိုက်လို့ ဒါမှမဟုတ် လူတွေက အခြားတစ်ဘက်သို့ လဲအောင်လုပ်လို့ စတဲ့ ပယောဂတစ်ခုခုကြောင့်သာ အခြေားတစ်ဘက်သို့ လဲနိုင်ပါတယ်။
ဒီအတိုင်းပါပဲ။ နှစ်ရှည်လများ စိတ်မှာစွဲထင်နေတဲ့ အာစိဏ္ဏကံအာရုံတွေသာ သေခါနီးထင်လာဖို့ များပါတယ်။ သားသမီးတွေ မိတ်ဆွေတွေစတဲ့ နားလည်သူတွေက စီမံပေး ဟောပြောပေးလို့ ကြားဖြတ်အာရုံတစ်ခု အစားထိုးဝင်ရောက်လာမှသာ အာရုံပြောင်းသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ရင် အာစိဏ္ဏကံ အာရုံသာထင်နေဖို့ များပါတယ်။ ဒါကြောင့် အာစိဏ္ဏကံကောင်းတစ်ခုရှိနေဖို့ အထူးလိုအပ်ကြောင်း သတိပြုသင့်ပါတယ်။
ဂရုကံလည်းမရှိ၊ သေခါနီးမှာ အာသန္နကံ အာစိဏ္ဏကံလည်း အကျိုးမပေးရင်တော့ အတိတ်ဘဝတွေ ဒါမှမဟုတ် လက်ရှိဘဝမှာ အမှတ်မထင်ပြုလုပ်ခဲ့တဲ့ ကံတစ်ခုခုက အကျိုးပေးတတ်ပါတယ်။ ဒါဟာ စတုတ္ထအနေဖြင့် အခွင့်အလမ်းအားကောင်းတဲ့ [B]“ကဋတ္တာကံ”[/B] ပါပဲ။ ဒါတွေဟာ သတ္တဝါအားလုံးနှင့်သက်ဆိုင်တဲ့ နောက်ဘဝအတွက် ကံအကျိုးပေးသဘောတွေပါ။
သတ္တဝါတွေရဲ့ ဘဝသစ်အတွက် ကံအကျိုးပေးသဘောကို အကြမ်းဖျင်း လေ့လာခဲ့ပြီးပါပြီ။ နောက်ဘဝကိစ္စဟာ ရဟန္တာမဖြစ်သေးသူမှန်သမျှ အားလုံးနှင့်သက်ဆိုင်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ရဟန္တာမဟုတ်သေးရင်တော့ မိမိတို့လည်း ရှောင်ပုန်းလို့မရဘဲ နောက်ဘဝကိစ္စနဲ့ မလွဲမသွေ ကြုံကြရမှာ အသေအချာပါပဲ။ ဒီတော့ မိမိကိုယ်မိမိ တကယ်ချစ်ရင် အနာဂတ်ဘဝအတွက် ပြင်ဆင်သင့်တာကို ကြိုတင်ပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ လက်ရှိဘဝအခြေအနေရယ်၊ ဘယ်လိုကြိုတင်ပြင်ဆင်သင့်တယ်ဆိုတဲ့ အပိုင်းရယ်ကို ဝေဖန် သုံးသပ်ကြည့်ကြစို့။
အများစုဟာ ဈာန်ရသူများ မဟုတ်ကြလေတော့ အကျိုးပေးဖို့ဈာန်ကံ မရှိပါဘူး။ အကုသိုလ်ဘက်ကိုကြည့်ပြန်ရင်လည်း အမိသတ်အဖသတ်စတဲ့ ပဉ္စာနန္တရယကံကို ကျူးလွန်သူဆိုတာ အလွန်နည်းပါတယ်။ မရှိသလောက် ရှားရှားပါးပါးပါ။ နိယတမိစ္ဆာဒိဋ္ဌိနှင့် ကြည့်ပြန်ရင်လည်း “ကောင်းတာလုပ်ရင်ကောင်းကျိုး၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ်” လို့ ကံနှင့်ကံရဲ့အကျိုးကို ယုံကြည်သူတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ဂရုကံအကျိုးပေးဖို့ဆိုတာ မရှိဘူးလို့ပြောနိုင်လောက်အောင် နည်းပါးပါတယ်။
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
အရှင်သိရိန္ဒ
မေတ္တာဥယျာဉ်
No comments:
Post a Comment