Saturday, May 3, 2014

ဒေါသဆိုတဲ့ တရား


“ဒေါသဆိုတဲ့တရားဟာ အခိုက်အတန့်ကာလ ခဏကလေးသာ ဖြစ်သော အာဂန္တုကဓာတ်ပဲ၊ အစွမ်းကောင်းသော ဝရမ်းပြေးနှင့်တူတယ်။ ဘယ်လိုပင် ဝှေ့ကြသော်လဲ ဒေါသကို ဘယ်သောအခါမှ မထိဘူး။ ”

စွန်းလွန်းဆရာတော်ဘုရားကြီးသည် ဘေးပတ်ဝန်းကျင် မြင်မြင်သမျှသော သတ္တဝါတို့၌ များသောအားဖြင့် လောဘ၊ ဒေါသ၊ မာန တရားတို့သည် သာလျှင် များစွာ ဖြစ်တတ်လေရာ ထိုသို့သော သတ္တဝါတို့ လောဘချင်းပြိုင်ကြ၊ ဒေါသချင်း ပြိုင်ကြ၊ မာနချင်း ပြိုင်ကြသည်တို့ကို မြင်ရတွေ့ရသောအခါ တရားနာတတ်အောင် ဆုံးမသြဝါဒ ပေးသောအားဖြင့် ဆရာတော်ကြီးကိုယ်တိုင် တရားနာခဲ့ပုံကို ဟောတော်မူဖူးသည်။

ဟောတော်မူပုံကား ....

“ဘုန်းကြီးဟာ လူဝတ်တုံးက တောင်သူလုပ်ကိုင် စားသောက်ခဲ့တာ ဖြစ်တော့ နွားကျောင်းရတာပေါ့။ နွားတွေဟာ သူ့နွား ကိုယ့်နွား များစွာ စုရုံးမိတော့၊ သည်အထဲမှာ နွားသိုးတွေကလဲ ပါတော့ တစ်ကောင်နှင့် တစ်ကောင် တွန်ကြ စောင်ကြနှင့် တော်တော်ာကြာတော့ ခေါင်းချင်းတည်မိပြီး ဝှေ့ကြတော့တာပေါ့။ ဝှေ့ကြလို့ တော်တော်ကြာတော့ အားသာတဲ့ နွားကနိုင်ပြီး အားနည်းတဲ့ နွားဟာ
ပြေးရော။ အဲသည်တော့ နွားနှစ်ကောင်ဟာ ချိုရင်းမှာ သွေးစက်လက်နဲ့ ခေါင်းကလေး တစ်ခါခါနှင့် နေကြတယ်။”

“သည်တော့မှ အင်း....သူတို့နှစ်ကောင်ဟာ ဒေါသချင်း ပြိုင်ကြတဲ့ အကောင်တွေပဲ”

“ဒေါသဆိုတဲ့တရားဟာ အခိုက်အတန့်ကာလ ခဏကလေးသာ ဖြစ်သော အာဂန္တုကဓာတ်ပဲ၊ အစွမ်းကောင်းသော ဝရမ်းပြေးနှင့်တူတယ်။ ဘယ်လိုပင် ဝှေ့ကြသော်လဲ ဒေါသကို ဘယ်သောအခါမှ မထိဘူး။ ဒေါသတည်းဟူသော ဝရမ်းပြေးကို လက်ခံသော ခန္ဓာအိမ်သည်သာလျှင် ခေါင်းကလေး တစ်ခါခါနှင့် ကျန်ရစ်ခဲ့ပါကလားဟု စဉ်းစားဆင်ခြင်ပြီး နင် ဟိုအကောင်တွေကဲ့သို့ ဆင်းရဲဒုက္ခ ရောက်ရမည်မှာ အမှန်ဟု ဉာဏ်မျက်စိခြင့် မြင်အောင် ရှုကြည့်ကြပါလေ၊ တပည့်ယော
ဂီတို့” ဟူ၍ ဖြစ်ပေသည်။

တစ်နေ့သောအခါ စွန်းလွန်းဆရာတော် ဘုရားကြီးသည် စွန်းလွန်းရွာတွင် ပရိတ်ရွတ်၊ ဆွမ်းစဉ်ကိစ္စ ပင့်လျှောက်သဖြင့် ကြွသွားရာမှ ပြန်လာသောအခါ ရွာထဲတွင် ကလေးမနှစ်ယောက် ခိုက်ရန်ဖြစ်ပွား အချင်းများလျက် တစ်ယောက်နှင့် တစ်ယောက် ‘နင်ဘယ့်နှယ် ငါဘယ်လို’ စသည်ဖြင့် ရွာကျော် ရပ်ကျော် ပြောဆို
အော်ဟစ် နေကြသည်ကို တွေ့တော်မူ၏။ ထိုအခါ ဆရာတော်ကြီးက ကပ္ပိယဒကာ ကိုပြောင်းအား-

“ဟေ့-မောင်ပြောင်း ဟောဟိုက ကလေးမနှစ်ယောက်ဟာ တရားဟောနေကြတယ်ကွယ့်၊ မောလှရော့မယ် ထင်တယ်။ ဟောသည်ငှက်ပျောတစ်ဖီးကို ထက်ဝက်ခွဲပြီး တစ်ယောက်တစ်ခုစီ သွားပေးစမ်း။ အဲဒါ တရားပူဇော်ပါတယ်။ အမောပြေအောင် စားပြီးမှ ဆက်ဖြစ်ချင်ရင်လဲ ဖြစ်ကြသေးတာပေါ့” ဟု မှာကြား စေလွှတ်တော်မူသည်။

ထိုကဲ့သို့ ငှက်ပျောသီး ပေးလိုက်သောအခါ ကလေးမနှစ်ယောက်မှာ ဟိုကြည့်သည်ကြည့်နှင့် ဘာမျှ မပြောတော့ဘဲ ငှက်ပျောသီးကို ကိုင်ပြီး အကြောင်သား ငြိမ်နေကြလေ၏.

ရပ်သူရွာသားများ မြင်ကြသောအခါ “ဘယ့်နှယ်လဲဟေ့၊ ရန်ဖြစ်နေတဲ့ ကလေးမ နှစ်ယောက်ကို ဦးကဝိက ငှက်ပျောသီး မန်းပြီး ပေးခဲ့လေရော့သလား” ဟု များစွာ အံ့သြပြောဆို နေကြလေသည်။

ယောဂီ ပတ်ဝန်းကျင်၌ နေ့စဉ် ပြောဆို လုပ်ကိုင်ပြုမူနေကြသော ဖြစ်ပျက်မှုအားလုံး တရားတို့ချည်းသာတည်း။ စေ့စေ့စပ်စပ် မှတ်သားနာယူကြကုန်။

ဓမ္မာစရိယ ဦးဌေးလှိုင်
Buddhavasa Tiloka

No comments:

Post a Comment