Saturday, May 3, 2014

“လောကကြီးဟာ သတ္တဝါတွေ အတွက် အကျိုးအပြစ်ကို ညွှန်ပြနေတဲ့ ဆရာကြီးဖြစ်တယ်”


“ယူတတ်တဲ့ ဉာဏ်ရှိသူအတွက် သက်ရှိသက်မဲ့ လောကကြီး တစ်ခုလုံးဟာ အကျိုးအပြစ်ကို ညွှန်ပြပေးနေတဲ့ ဆရာကြီး ဖြစ်တယ်”
[စာဏကျ ဆရာကြီး]

“လောကကြီးဟာ ဘုရားအလောင်း ပညာသင်ယူခဲ့တဲ့ တက္ကသိုလ်ကြီးပဲ၊
သက်ရှိသက်မဲ့ အရာအားလုံးဟာ ဘုရားအလောင်းရဲ့ ဆရာကြီးတွေပေါ့”
[သိမ်တောင်ဂိုဏ်းချုပ် - တောမဓမ္မာရုံဆရာတော်]

“လောကော သတ္တာန မာစေရော၊ အတ္ထာနတ္ထ ပဒဿကော”
“လောကကြီးဟာ သတ္တဝါတွေ အတွက် အကျိုးအပြစ်ကို ညွှန်ပြနေတဲ့ ဆရာကြီးဖြစ်တယ်”

. . . .

. . .

. . .

အဲ ဒီတော့ စောစောက ကိုယ်တော်လေးမေးတဲ့ ဘုရားအလောင်းကို သင်ပြတဲ့ဆရာဆိုတာ ဘယ်သူဖြစ်ဦးမှာလဲ။
လောကကြီး တစ်ခုလုံးဟာ ဘုရားအလောင်း ပညာယူတဲ့ တက္ကသိုလ်ကြီး၊ သက်ရှိသက်မဲ့အရာအားလုံးဟာ ဘုရားအလောင်းသာမက
လူအားလုံး တို့ရဲ့ ဆရာကြီးတွေပဲပေါ့။

ဦးပဉ္စင်းလေး မဟာဇနကဇာတ်ကို သေသေချာချာဖတ်ကြည့်ပါလား။
အဲဒီဇာတ်တော်ကြီးထဲမှာ ဘုရားအလောင်းတော် ဇနကမင်းကြီး အတတ်ပညာ၊ အသိပညာသင်ယူပုံတွေ အကျယ်တဝင့် ပါတယ်လေ။

'မဟာဇနကမင်းကြီး ဆင်ဖြူကြီးစီးပြီး ဥယျာဉ်တော်ထွက်တဲ့အခါ ဥယျာဉ်ဝမှာ အသီးတွေ ဝင်းမှည့် ပြွတ်ခဲနေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ်၊
အသီးမရှိဘဲ အရွက်တွေ စိမ်းမြစည်ပင်နေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ် ကို တွေ့ရတယ်။
အဲဒီအချိန်မှာ လူတွေကတော့ အသီးတွေဝေနေတဲ့ အပင်ကြီးကိုသာ စိတ်ဝင်စားမိကြမှာပဲ။
ရှင်ဘုရင်က အသီးတွေနဲ့ အပင်ကြီးအောက်အတိုင်း ဆင်ကိုသွားစေပြီး သရက်သီးတစ်လုံးကို ယူစားလိုက်တယ်။
အလွန်ချိုမြိန်တယ်ဆိုကိုး။

ဘုရင့်ဥယျာဉ်တော်မှာ သတ်မှတ်ထားတဲ့ ဥပဒေအရ
ရှင်ဘုရင် မစားသုံးသေးခင် ဘယ်သူမှ ခူးယူစားသုံးခွင့်မရှိဘူး။
ရှင်ဘုရင် စားသုံးပြီးရင်တော့ ကျန်တဲ့လူတွေ စားသုံးခွင့်ရှိတယ်။
အခုလည်း ရှင်ဘုရင် စားသုံးပြီးပြီ ဖြစ်လို့ သူ့ထက်ငါ ခူးယူလိုက်ကြတာ၊
တချို့ လက်နဲ့လှမ်းမမီတဲ့ အသီးတွေကိုလည်း ပစ်ကြ၊ ခတ်ကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ အပင်ကြီးကို စုတ်ပြတ်သတ် သွားတာပဲတဲ့။
အသီးမရှိတဲ့ အပင်ကိုတော့ ဘယ်သူကမှ သတိတောင် မထားကြတော့ဘူး။

ညနေ မဟာဇနကမင်းကြီး ပြန်ထွက်တဲ့အခါမှာတော့
မနက်က အသီးတွေနဲ့ ဝေဆာနေတဲ့ အပင်ကြီး မြင်မကောင်း ရှုမကောင်းအောင် အကိုင်းအခက်တွေပါ ကျိုးပျက်စုတ်ပြတ်နေတာကို တွေ့လိုက်ရတော့ .......
“ဟာ အသီးမရှိတဲ့အပင်ကို ဘယ်သူမှ ရန်မမူကြဘူး၊
အသီးရှိတဲ့အပင်က အသီးကြောင့် အန္တရာယ်ဖြစ်ရတယ်။
ဒီအပင်ကြီးကို အသီးတွေ ဝင်းမှည့်ပြွတ်ခဲနေတုန်းကသာ လူတွေ ဝိုင်းအုံနေကြတာ။ အသီးမရှိဘဲ စုတ်ပြတ်နေပြီ ဆိုတော့ ဘယ်သူကမှ လှည့်မကြည့်ကြတော့ဘူး။
သြော် ... ငါ့ရဲ့ မင်းစည်းစိမ်ဆိုတာလည်း အသီးရှိတဲ့အပင်ကြီးလို ပါပဲကလား။
တစ်နေ့နေ့ ရန်သူမင်းတို့က လာရောက်အန္တရာယ်ပြုလို့ စည်းစိမ်ဆိုတဲ့ အသီးတွေ မရှိတော့ဘူးဆိုရင် ဒီသရက်ပင်ကြီးလိုဖြစ်မှာပဲ” လို့ သံဝေဂဖြစ်ပြီး ရသေ့ဝတ် တောထွက်သွားတယ်။

ကောက်နုတ်ချက်
~~~~~~~~~
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
မထေရ်မြတ်တို့စကားဝိုင်း [၄] - မှ ကောက်နုတ်ရေးသားပါသည်။

No comments:

Post a Comment