Saturday, May 3, 2014

ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ


အကုသိုလ်ဖြစ်တယ် ဆိုတဲ့နေရာမှာ သူက
“ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ”တဲ့။
အဲဒီလေးခု။
ကိုယ်တိုင်သတ်တာ၊
သူတစ်ပါးကို သတ်ခိုင်းတာ
(order ပေးတာ၊ အသားတွေကို order ပေးတယ်။
အသား ဘယ်နှစ်ပိဿာဆိုပြီး order ပေးတယ်။)
ကိုယ့်ဟာကိုယ် ဈေးမှာ သတ်ပြီးသားဝယ်တာ
အကြောင်းကိစ္စ မဟုတ်ဘူး။
order ပေးရင် ဒါ မလွတ်ဘူး။
နောက်တစ်ခုက ဘာတုန်းဆိုရင် “ချီးမွမ်းတာ”။
တိုက်ရိုက်ချီးမွမ်းတာလည်း ပါမှာပါ။
ဝက်ပေါ်တာကိုပဲ သဘောကျပြီး ချီးမွမ်းတယ်။
စိတ်တူတယ်၊ ဘာမှတော့ မပြောဘူး။
စိတ်ကတော့ သဘောကျတယ်။
အဲဒီ “ပုဂ္ဂိုလ်လေးဦးစလုံး”ဟာ
“အကုသိုလ်ဖြစ်တာချင်း” တူတယ်။
ဒါက “ဗုဒ္ဓဘာသာကျမ်းစာ”တွေမှာ ဆိုတဲ့ဟာ။

ဗုဒ္ဓဘာသာ ကျမ်းစာမှာ မဆိုဘဲနဲ့ ပြောတဲ့စကား တစ်ခုရှိတယ်။
ဆိုပါစို့၊ စားသူနဲ့သတ်သူ၊
အသားစားတဲ့လူနဲ့ အသားပေါ်တဲ့သူ။
တချို့ ဘာသာရေးဂိုဏ်းက ဘယ်လိုယူဆလဲဆို
စားတဲ့လူနဲ့ သတ်တဲ့လူ အကုသိုလ်ဖြစ်တာချင်း ၅၀/၅၀ တဲ့။
ဒီလိုပြောတယ်။ ဂျိန်းဝါဒမှာ အဲဒီအတိုင်း ရှိတယ်။
၅၀/၅၀ ပဲ။ သတ်တဲ့လူက ၅၀% ပတ်သက်တယ်။
စားတဲ့လူက ၅၀% ပတ်သက်တယ်။

အဲဒါကိုတော့ မြတ်စွာဘုရားက လက်မခံဘူး။

ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်ပေါ့။
သတ်တဲ့လူရဲ့ စိတ်ဓာတ်နဲ့ စားတဲ့လူရဲ့စိတ်ဓာတ်နဲ့က
တစ်မျိုးစီပဲလေ။ တစ်ခုတော့ ရှိတာပေါ့။
ငါ့အတွက် သတ်ပါစေ ဆိုတဲ့စိတ် ရှိရင်တော့
သူလည်းပါမှာပေါ့။ အဲဒါဆိုရင် အဲဒီလို မဟုတ်ဘူး။
ဈေးတွေ့လို့ ၀ယ်စားတယ်၊ အသားဆိုင်က ၀ယ်စားတယ်။
နောက်သူ့မှာ “သတ်ကြပါစေ” ဆိုတဲ့စိတ်လည်း မရှိဘူး.
အသားအနေနဲ့ပဲ ၀ယ်စားလိုက်တယ်.
သို့သော် သူ့စိတ်ထဲမှာ သေပါစေဆိုတဲ့ စိတ် တစ်ခုမှ
မထားဘူး၊ စားစရာ တစ်ခုအနေနဲ့ ၀ယ်စားတယ်.
စိတ်က ဖြူစင်တယ်။

အဲဒါကို မြတ်စွာဘုရားက ဥပမာ ဘာနဲ့ပေးလဲဆိုရင်
“လက်မှာ ဒဏ်ရာအနာတရ မရှိဘူး ဆိုလို့ရှိရင်
အဆိပ်ကိုင်ပေမယ်လို့ အဆိပ်မသင့်ဘူး”တဲ့။
ဆိုလိုတာက ကိုယ့်စိတ်က စင်ကြယ် သန့်ရှင်းနေရင်
အကုသိုလ် မဖြစ်ဘူးလို့ ဒီလို ပြောတာ။

လောကမှာ အကုသိုလ် ဘယ်လို လုပ်ရင် ဖြစ်တယ်၊
ဘယ်လိုလုပ်ရင် မဖြစ်ဘူးဆိုတာသိဖို့ အင်မတန်မှ
အရေးကြီးတယ်။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” အကြောင်း တရားဒေသနာတော် နှာ ၃၇ - ၃၉
မှ ကူးယူကောက်နှုတ် ဖော်ပြပါသည်။】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
•••••••••*•••••••••••••*•••••••*•••••••••••*••••••
“တရားနာယူချင်ပါက အောက်ပါလင့်တွင် နာယူနိုင်ပါသည်။”
https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93617.129054333771254/799470503396297/?type=3&theater

No comments:

Post a Comment