လူရဲ့ ခန္ဓာမှာ အတိုချုပ်ရင် (၂)မျိုးရှိတယ်။
(၁) အသက်အားဖြင့် ကြီးခြင်း
(၂) ကိုယ်ကျင့်သိက္ခာအားဖြင့် ကြီးခြင်း
လို့ (၂)မျိုးရှိတယ်။
(၁) အသက်အားဖြင့်ကြီးခြင်းဆိုတာက တမင်ကြိုးစားရတာမှ မဟုတ်ပဲ ဇရာကြိုးက သူ့ဟာသူ ဆွဲသွားတာ။ အားအား မအားအား စိတ်ပါပါ မပါပါ အသက်မကြီးမှာတော့ မပူပါနဲ့လေ။ မအားလဲ အသက်ကတော့ကြီးမှာပဲ။
သို့သော် အသက်ကြီးရုံနဲ့တော့ ဆင်းရဲဒုက္ခ အပူတွေလည်း လျော့မှာမဟုတ်ဘူး။ ချမ်းသာတွေ ဆိုတာလဲ သူ့ဟာသူ ရောက်လာကြမှာ မဟုတ်ဘူး။
(၂) အကျင့်သိက္ခာတရားအားဖြင့် ကြီးခြင်းကျတော့ သူ့ဟာသူ ကြီးတာမှ
မဟုတ်ပဲ။ တမင်ကို ကြိုးစားယူရတာ။ တမင်အားထုတ်ယူရတယ်။
တမင်ကြိုးစား အားထုတ်မှ အကျင့်သိက္ခာကောင်းမှု တရားကြီးတာ။
တရားမပါပဲနဲ့ အသက်ကြီးရုံသာ ကြီးသွားရင် အကုန်ကြောက်တယ်။
အားမစုံဘူး။ အသက်သာကြီးပြီး တရားမကြီးတဲ့သူ ကိုယ့်ဟာကိုယ်လည်း ကြောက်တာပဲ။
အသိမကြွယ်တော့ အကျင့်တွေ ကွယ်ပျောက်သွားတယ်။ အိုပယ်ကြီး ဖြစ်သွားတယ်။ အကျင့်သိက္ခာကြီးတဲ့ ပုဂ္ဂိုလ်ကျတော့ ကြီးလေလှလေ အသက်ကြီးလေ ပိုခန့်ငြားလာတယ်။ ပိုချစ်စရာကောင်းလာတယ်။
အကျင့်သိက္ခာမပါပဲနဲ့ တရားမပါပဲနဲ့ အသက်ကြီးရုံသာကြီးတဲ့
ပုဂ္ဂိုလ်ကျတော့ ဘယ်သူမှ တန်ဖိုးမထား။ အကျင့်သိက္ခာ ကြီးလာတဲ့ပုဂ္ဂိုလ်ကျတော့ ဘယ်သူမှ ချောင်လဲမထိုးရဲဘူး။
နောက်လဲ မပို့ရဲဘူး။ အကျင့်သိက္ခာ အရှိန်အဝါက အင်မတန် ကြီးမားတာပဲ။
တရားဆိုတာ လောကမှာ အကြီးမားဆုံးအင်အားပဲ။ ထည်ဝါသွားစေတယ်။ ခန့်ငြားသွားစေတယ်။ ကျက်သရေ ရှိသွားစေတယ်။
* တစ်နှစ်တစ်ခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ။
* တကယ်ပြောင်းတာ ရုပ်နာမ်ပါ ခန္ဓာမမြဲသိ။
* ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏ ပြောင်းနေ၏။
* သေမင်းမှတ်တိုင် နောက်တစ်တိုင် ရင်ဆိုင်ရောက်လာ၏။
* အသက်သိက္ခာ ကြီးစရာ လူမှာ နှစ်မျိုးရှိ။
* အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏။
* အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏။
* အကျင့်သိက္ခာ ကြီးမှသာ မှန်စွာစိတ်အေး၏။
* ကြီးလေ လှလေ အေးမြပေ လူတွေချစ်ကြ၏။
တိပိဋက ဓမ္မဘဏ္ဍာဂါရိက (ယော)ဆရာတော်ဘုရားကြီး
ဆရာတော်ဘုရားကြီး၏ ပညာလမ်းပြ လူ့အလှမှ။
Posted by Words of Buddha
No comments:
Post a Comment