Saturday, May 3, 2014

အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ


"ကောင်းမွန်သော ပတ်ဝန်းကျင်ကိုရှာဖွေပါ"

လင်းသိုက်ညွန့် (မြန်မာ့မြေ)

JOB Seekers Journal vol.2,no.42

“မိတ်ဆွေ ..တကယ်လို့ သင်ဟာကျောင်းသား တစ်ယောက် ဖြစ်တယ်ဆိုရင်၊ သင်ဟာ သင့်ရဲ့ အတန်း (class) ထဲမှာ အလွယ်တကူ သက် သောင့်သက် သာ နဲ့ ပထမ ခဏခဏ ရနေပါသလား။ ဒါဆိုရင် သင် အတန်း (class) မှားနေပါပြီ။”

စာရေးသူအနေနဲ့ မေးခွန်းအမေးအဖြေ ကဏ္ဍတွေမှာ မကြာ ခဏ မေးမြန်းခြင်းခံရတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ..

“အခုလက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ဟာ တိုးတက်မှုရှိသင့်သလောက် မရှိဘူး။ ရပိုင်ခွင့် ရှိသင့်သလောက် မရှိဘူးလို့ ခံစားရပါတယ်။ အလုပ်ပြောင်း လုပ်သင့်ပါသလား”

ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မှန်ပါတယ်။ လူတစ်ယောက်အနေနဲ့ သူ့အတွက် စိန်ခေါ်မှုမရှိ သလို အခွင့်အလမ်းလည်း မရှိတဲ့ လုပ်ငန်းခွင် တစ်ခုမှာ ဘယ်လိုမှ ရေရှည်မပျော်ပိုက်နိုင်ပါဘူး။
အလုပ်ကောင်းကောင်းတစ်ခုကို ရလိုသူ တွေအနေနဲ့ မိမိနဲ့ သင့်တော်တဲ့ အလုပ်အကိုင် ကို ရှာဖွေတဲ့နေရာမှာ လစာကောင်းကောင်းရဖို့၊ အခွင့်အရေး၊ ရပိုင်ခွင့်ရဖို့ စတာတွေကို ထည့် သွင်းစဉ်းစားသလို ကောင်းမွန်ပြီး ဖွံ့ဖြိုး တိုးတက် နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) ဖြစ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားကြရပါမယ်။

“ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) ဆိုတာ ဘယ်လိုပတ်ဝန်းကျင်မျိုးလဲ”

သင့်အနေနဲ့ အရာရာလွယ်ကူနေတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘယ်တော့မှ မနေပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်အနေနဲ့ ရေအိုင် ငယ်ထဲက အလတ်စားငါးတစ်ကောင် (A medium sized fish in a very small pond) ဖြစ်နေ နိုင်လို့ပါပဲ။ စိန်ခေါ်မှုသစ်တွေကို အမြဲမပြတ် ရှာဖွေပြီး မိမိရဲ့အလားအလာကို မြှင့်တင်ပါ။

သင့်ရဲ့လက်ရှိပတ်ဝန်းကျင်၊ လက်ရှိအလုပ် အကိုင်ဟာ သင့်အတွက် ...
- အလွန်လွယ်ကူနေပါသလား။
- မိမိကိုယ်ကို စိန်ခေါ်မှုမရှိဘူးလို့ ခံစားနေရပါသလား။
- မိမိအတွက် ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေပါသလား။

ဒါဆိုရင် အဲ့ဒီပတ်ဝန်းကျင်ကနေ သင့်အနေနဲ့ ပြောင်းလဲဖို့ မဖြစ်မနေ ကြိုးစားရပါမယ်။

ပတ်ဝန်းကျင်တစ်ခုဟာ သင့်အတွက် ..
- စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဆောင်ရွက်နေရပါသလား။
- စိန်ခေါ်မှုတွေ စဉ်ဆက်မပြတ် ရှိနေပါသလား။
- မိမိရဲ့သက်သောင့်သက်သာနယ်ပယ် (Comfort Zone)ရဲ့အပြင် ဘက်ကို ရောက်အောင် စဉ်ဆက်မပြတ် ကြိုးစားနေရပါသလား။
- မနက်မိုးလင်းတိုင်း ရင်ခုန်မှုအပြည့်ဖြင့် နိုးထနေရပါသလား။
- အရှုံးဆိုတာ ကိုယ့်ရဲ့ရန်သူမဟုတ်ဘဲ မိတ်ဆွေသဖွယ် ရင်းနှီးနေပါ သလား။
- စဉ်ဆက်မပြတ် ပြောင်းလဲနေပါသလား။

ဒီလို ပတ်ဝန်းကျင်မျိုးဟာ သင့်အတွက် ဖွံ့ ဖြိုးတက်တက်နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) ဖြစ်ပါတယ်။

ကြီးထွားမှု (Growth) = ပြောင်းလဲမှု (Change)

ဆိုတဲ့ ညီမျှခြင်း (Equation) လေးကို အမြဲတမ်းသတိရပါ။ စာရေးသူ တို့အနေနဲ့ ဘ၀မှာ တစ်ခါတစ်ရံ ကြီးထွားမှု (Growth) မရှိဘဲနဲ့ ပြောင်း လဲနိုင်ပေမဲ့ ဖွံ့ဖြိုးတိုးတက်ကြီးထွားဖို့ (Growth) ဖြစ်ဖို့ဆိုရင်တော့ မပြောင်း လဲဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်မို့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုး တက်လိုသူ တစ်ယောက်အနေနဲ့ စဉ်ဆက်မပြတ် ပြောင်းလဲနိုင်အောင် ကြိုးစားရပါတယ်။

တစ်ခါတလေမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ အလုပ်အကိုင်စတာတွေ ကို ပြောင်းလဲဖို့ ကြိုး စားကြတဲ့နေရာမှာ ကန့်သတ်ဟန့်တားမှုတွေ၊ ပြစ် တင်ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ကြရနိုင်ပါတယ်။ အဲ့သလို ကြုံတွေ့လာ ကြရတဲ့အခါမှာ မိမိရဲ့ယုံကြည်မှုကို မပျက်ယွင်း မလျော့ပါးပါစေနဲ့။ မိမိဘ၀ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှန်သမျှဟာ မိမိနဲ့ သာသက်ဆိုင်ပြီး မိမိမှာသာ အလုံးစုံ တာဝန် ရှိတယ်ဆိုတာ သတိပြုပါ။

တစ်ခါတစ်ရံ မိမိကိုယ်ကိုသာ ဖွံ့ဖြိုးတိုး တက်အောင် ကြိုးစားပြီး မိမိရဲ့ပတ်ဝန်းကျင်ကို မပြောင်းလဲရင် တိုးတက်မှုဟာ ခက်ခဲပြီး နှေးကွေး တတ်ပါတယ်။ အဲ့သလိုပါပဲ မိမိရဲ့ပတ်ဝန်း ကျင်ကိုသာ ပြောင်းလဲဖို့ကြိုးစားပြီး မိမိကိုယ်ကို မပြောင်းလဲရင်လည်း တိုးတက်မှုဟာ ခက်ခဲပြီး နှေးကွေးပါလိမ့် မယ်။ မိမိကိုယ်ကို စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေသလို မိမိရဲ့ပတ်ဝန်းကျင်ကိုလည်း လိုက်လျောညီထွေ ပြောင်းလဲနိုင်ပါမှ တိုးတက်မှု ဟာ မြန်ဆန်ပြီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ..
- သူလုပ်နေတဲ့ အလုပ်အကိုင်
- သူနေထိုင်နေတဲ့ ပတ်ဝန်းကျင်
- သူပေါင်းသင်းနေတဲ့ အပေါင်းအသင်း
- သူ ဖတ်နေတဲ့ စာအုပ်တွေ
- သူ နေ့စဉ်အချိန်အကုန်ခံ နေထိုင်သွားလာ ကျက်စားတဲ့နေရာတွေ
- သူတက်ရောက်တဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတွေ
စတာတွေနဲ့ များစွာ ဆက်စပ်ပတ်သက်နေတာ မို့ ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုး တက်နိုင်တဲ့ ပတ်ဝန်းကျင် (Growth Environment) တွေကို အသိ ဥာဏ် ရှိစွာ ရွေးချယ်နိုင်ကြဖို့ လိုအပ်ပါတယ်။

See you at the top!

လင်းသိုက်ညွန့် (မြန်မာ့မြေ)

No comments:

Post a Comment