Saturday, May 3, 2014

ယဉ်ကျေးမှုရှိသော သူများအတွက်သာ


ဦးဇင်းနေတဲ့ နေရာက ရွှေတိဂုံစေတီတော်နဲ့ နီးတာမို့ ညပိုင်းတွေမှာ စေတီတော်ပေါ်ကို မကြာမကြာတက်ရောက် ဖူးမြော်ဖြစ်တယ်။ စေတီတော်ပေါ်ရောက်ရင် စဥ့်ကူးမင်းခေါင်းလောင်းနားထိုင်ပြီး ဗုဒ္ဓါနုဿတိပွားများဖြစ်တယ်။ (လူအထင်ကြီးမှာမို့ အထင်ကြီးအောင် လုပ်ရာကျမှာမို့ ဘေးအမြင်မှာ ဖာသိဖာသာ သာမာန်ထိုင်နေတဲ့ ပုံစံဖြစ်အောင်ပဲ ထိုင်ဖြစ်ပါတယ်။)

စေတီတော်ပေါ်ကိုရောက်တိုင်း စိတ်အလိုမကျတာတွေ အမြဲတွေ့နေရတယ်။ စေတီတော်ပေါ်ကိုလာပြီး လူကြီးလူငယ်အများစုဟာ ဟေးလားဟားလား လုပ်နေကြတယ်။ ကောင်လေးတွေကလဲ ကောင်မလေးတွေကို လိုက်ငေးနေကြတယ်။ ကောင်မလေးတွေကလဲ ကောင်လေးတွေကို လိုက်ငေးနေကြတယ်။

သူတို့စေတီတော်ကို လာကြတာဟာ ငမ်းကြောထဖို့လား ဗုဒ္ဓါနုဿတိဖြစ်ဖို့အတွက်လားဆိုတာတော့ သူတို့ကိုယ်ပဲ သူတို့သိနိုင်ပါလိမ့်မယ်။

ပိုဆိုးတာကတော့ မဖွယ်မရာ စကားတွေကို ပြောပြီးတော့ အော်ကြီးဟစ်ကျယ်နဲ့ အသံထွက်ပြီးတော့ ရယ်လားမောလား လုပ်နေကြတဲ့သူတွေပါပဲ။

တချို့ကတော့ လူအထင်ကြီးအောင် ၀ိုင်ဖွဲ့ပြီးတော့ အမှားမှားအယွင်းယွင်းနဲ့ တတ်သလောက် မှတ်သလောက်နဲ့ အသံကုန်အော်ပြီးတော့ ရယ်စရာမပါပဲ ဖျစ်ညှစ်ရယ်ပြီးတော့ လက်ခုပ်တီးစရာမရှိပါပဲ လက်ခုပ်တွေတီးပြီးတော့ အဘိဓမ္မာတွေကို ဆေးပေးခန်းနားက ဓမ္မာရုံကြီးထဲမှာ ဆွေးနွေးနေကြတယ်။

ဒီလိုတွေဖြစ်နေတာဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ၀ါဒတော်နဲ့ လုံးဝလုံးဝကို ကိုက်ညီမှုမရှိပါဘူး။ စေတီတော်ပေါ်တက်ပြီးတော့ ဒီလိုတွေလုပ်နေကြတာဟာ ဘုရားရှင်ကို မရိုသေကြသူများ မထီမဲ့မြင်ပြုကြသူများသာ ဖြစ်ပါတယ်။

ဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက် အေးချမ်းမှုကိုပဲ အလိုရှိပါတယ်။

တစ်ခါတုန်းက အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ တပည့်ရဟန်းတွေဟာ ဆူဆူညံညံစကားတွေ ပြောဆိုနေကြလို့ ``ငါးစိမ်းသည်တွေလို ဆူညံနေကြတာ ဘယ်သူတွေတုန်း´´လို့ အရှင်အာနန္ဒာကို မေးတော်မူပါတယ်။

``အဂ္ဂသာဝကနှစ်ပါးနဲ့ ရှင်တော်ဘုရားကို ဖူးမြော်ဖို့အတွက် လိုက်လာခဲ့တဲ့ အဂ္ဂသာဝကနှစ်ပါးရဲ့ တပည့်ရဟန်းတွေပါ´´လို့ အရှင်အာနန္ဒာက ပြန်လည်လျှောက်ထားပါတယ်။

ရှင်တော်ဘုရားဟာ အဂ္ဂသာဝကနှစ်ပါးနဲ့အတူ ဆူဆူညံညံလုပ်တဲ့ ရဟန်းတွေကို နှင်ထုတ်ပစ်လိုက်ပါတယ်။

ရှင်တော်ဘုရားဟာ ဆူညံမှုကို လုံးဝမနှစ်သက်ပါဘူး။

ရှင်တော်ဘုရားဟာ တစ်ခါတစ်ရံမှာ ဆွမ်းခံစောစောကြွလေ့ရှိပါတယ်။ ကျောင်းတော်နဲ့ သာဝတ္ထိအကြားမှာရှိတဲ့ တိတ္ထိတွေရဲ့ ကျောင်းကို ၀င်တော်မူပါတယ်။ တိတ္တိတွေဟာ သူတို့ရဲ့ ထုံးစံအတိုင်း ဆူဆူညံညံနဲ့ အော်ကြီးဟစ်ကျယ် စကားတွေပြောနေတတ်ကြတယ်။

တိတ္တိတွေဟာ ရှင်တော်ဘုရား သူတို့ကျောင်းဝင်းထဲကို ၀င်လာတာမြင်တာနဲ့ တိတ္တိအကြီးအကဲဟာ ``ဟေ့ ဟေ့ တိတ်တိတ်လေးနေကြ၊ ရဟန်းဂေါတမ လာနေပြီ။ ရဟန်းဂေါတမဟာ တိတ်ဆိတ်ငြိမ်သက် အေးချမ်းမှုကို လိုလားတယ်။ ဆူညံမှုကို မလိုလားဘူး။ တိတ်တိတ်ကလေးနေကြပါ´´ဆိုပြီး သူတပည့်တွေကို တားမြစ်ပေးတတ်တယ်။

တိတ္တိတွေဟာ အယူမှားနေပေမယ့် ယဉ်ကျေးမှုကို နားလည်တယ်၊ ယဉ်ကျေးမှုရှိတယ်။ ဒါကြောင့် အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေမှု ရှိအောင် နေတတ်ကြတယ်။

တောင်မြို့ မဟာဂန္ဓာရုံဆ၇ာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသဆိုရင် စာသင်စာချတာတောင်မှ အသံအကျယ်ကြီးနဲ့ လုပ်တာကို တားမြစ်လေ့ရှိတယ်။

စေတီတော်တွေပေါ်ရောက်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘုရားကို အာရုံပြုပြီးတော့ နေကြထိုင်ကြဖို့ ဟေးလားဟားမလုပ်ဖို့ အသိဒကာလေးတစ်ယောက်ရဲ့သားလေးကို ပြောခဲ့ဘူးတယ်။

``ဦးဇင်းကလဲ ဘုရားပေါ်မှာ ရယ်တာ အပြစ်ဖြစ်လို့လား၊ ဘုရားက သူတပည့်သာဝကတွေကို ပျော်နေတာကို မကြိုက်မရှိလောက်ပါဘူး´´လို့ ပြန်ပြောတယ်။

``ဘုရားက တပည့်သာဝကတွေကို ပျော်စေချင်ရင် တရားမဟောပဲ ဟာသတွေပဲ ပြောခဲ့မှာပေါ့´´လို့ ပြန်ပြောလိုက်ခဲ့တယ်။

စေတီတော်ပေါ်မှာ ရတနာသုံးပါးနဲ့ မစပ်ဆိုင်တဲ့ ကမ္မဌာန်းဘာဝနာနဲ့ မစပ်ဆိုင်တဲ့ အခြားသော လူမှုရေး စီးပွားရေး ဟာသစတဲ့ စကားတွေကို ပြောဆိုတာဟာ မဖွယ်မရာ ပြုလုပ်ရာရောက်တယ်။ ဘုရားရှင်ကို မလေးစားရာ ရောက်တယ်။

ရှေ့ကွဲနောက်ကွဲ ဘေးကွဲကို အသာထားလိုက်ပါဦး။ စေတီတော်ပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်ကလေးတက် တိတ်တိတ်ဆိတ်ဆိတ်ကလေးနေ တိတ်တိတ်ဆိတ်ဆိတ်ကလေးပြန်ဆင်းသွားတဲ့ ယဉ်ကျေးမှုလေးကိုပဲ အရင် ဖော်ဆောင်ကြပါဦး။

စေတီတော်ပေါ်ကို ကုသိုလ်ဖြစ်အောင်တက်ကာမှ အကုသိုလ်တွေ ဖြစ်နေကြတာကို အမြင်မတော်လွန်းလို့ ရေးလိုက်တာပါ။ ယဉ်ကျေးမှုရှိကြတဲ့ သူများအတွက် ဘုရားအလိုကျ အတတ်နိုင်ဆုံး နေချင်ကြတဲ့ သူများအတွက်သာ ရည်စူးပြီးတော့ ရေးလိုက်တာပါ။

ယဉ်ကျေးမှုကို နားမလည်ဘူး ယဉ်ကျေးမှုမရှိဘူး။ ကိုယ်နေချင်သလို နေမယ်ဆိုတဲ့ သူများအတွက်မဟုတ်ပါဘူး။

စေတီတော်ပေါ်မှာ ဘုရားရှင်အလိုကျ နေထိုင်နိုင်ကြပါစေသော် ~~
(မိုးသု- မန္တလေး)

*credit - ဗုဒ္ဓဘာသာ / အတွေးအမြင်စာမျက်နှာမှ တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်*

No comments:

Post a Comment