Saturday, May 3, 2014

သာသနာပြု အစစ်အမှန်


သောတာပန်တည်လျှင် အပါယ် မကျနိုင်ကြောင်းကို ဗုဒ္ဓဘာသာတိုင်း နီးပါးသိကြ၏။ ဘာကြောင့် အပါယ် မကျသနည်းဟု ဆစ်ပိုင်းပြီး မေးလျှင် သေချာစွာ ဖြေတတ်သူ အလွန် နည်း၏။ လယ်တီဆရာတော်ကြီး ရေးသားသော အနတ္တဒီပနီကျမ်းသစ်ကိုမှီး၍ ထိုမေးခွန်းကို အကျဉ်းချုပ်ဖြေအံ့။ သံသရာသည် သုံးမျိုးရှိ၏။ ယင်းတို့ကား အောက်သံသရာ၊ အလယ်သံသရာ၊ အထက်သံသရာတို့ဖြစ်၏။

အပါယ်လေးဘုံကို အောက် သံသရာဟု ခေါ်၏။ လူ့ဘုံ နတ်ဘုံကို အလယ်သံသရာဟုခေါ်၏။ ဗြဟ္မာဘုံကို အထက်သံသရာဟုခေါ်၏။ ထိုတွင်အောက်သံသရာကို လည်စေသောဝဋ်သုံးပါးကိုပြအံ့။ အောက်
သံသရာကိုလည်စေသော ကိလေသ၀ဋ်အရ ရုပ်နာမ်ကို ငါကောင်ဟု အယူမှားသော ဒိဋ္ဌိကိုယူရ၏။ ရုပ်နာမ်ကိုငါဟုယူသော အယူမှားသော ဒိဋ္ဌိကြောင့် ဒုစရိုက် အကုသိုလ်များကို ပြုလုပ်ပြီးရှာကျွေး၏။
ဤကား ကမ္မ၀ဋ်တည်း။

ထိုကမ္မ၀ဋ်ဒုစရိုက်အကုသိုလ်များကြောင့် ၀ိပါက၀ဋ်ဟုဆိုအပ်သော အပါယ်ခန္ဓာကို ရကြခြင်း ဖြစ်၏။ သောတာပတ္တိမဂ်ကို ရသွားသောကြောင့် ငါစွဲ ကိလေသာ ဒိဋ္ဌိပြုတ်သွား၏။ ငါစွဲပြုတ်သွားသောကြောင့် ငါအပါအ၀င် ငါနှင့်ပတ်သတ်သောသား
မယားတို့အား ဒုစရိုက်မှုဖြင့်လုပ်ကျွေးခြင်းမပြုတော့။ ထိုအခါ ကမ္မ၀ဋ်မဖြစ်တော့ ကိလေသ၀ဋ် ကမ္မ၀ဋ်ဟူသော အကြောင်းဝဋ်များ မရှိသောအခါ ၀ိပါကဟူသော အကျိုးဝဋ်အပါယ်ခန္ဓာကြီး ငြိမ်းသွားရခြင်းဖြစ်၏။

ဤကားသောတာပန်တည်သောကြောင့် အပါယါမကျပုံကို ရှင်းပြခြင်းတည်း။ မဂ်လေးပါးက ဒုစရိုက်ဆယ်ပါးကို အစဉ်အတိုင်း ပယ်သတ်သွားပုံကို အင်္ဂုတ္ထိုလ်အဋ္ဌကထာ၌ တိကျစွာဖွင့်ပြထား၏။ ထိုဖွင့်
ပြချက်ကို လင်္ကာသီထားပုံမှာ

ပါဒိန္နာ မိစ္ဆာမု၊ ပိသုဏဒိဋ္ဌိပါ၊ ဤခြောက်တန် အာရမော၊ သောမဂ်ပယ်ခွါ၊ ဖရုသာ ဗျာနာဂါမိ၊ ဘိဇ်သမ္ဖာ လေးကြိမ် သတ်တယ်လို့ မြတ်အဋ္ဌကထာတိကင်္ဂုတ်ဝယ်၊ မိန့်ထုတ်လေဘိ ဟူ၍ဖြစ်၏။

အဓိပ္ပါယ်မှာ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာပါဒါ၊ ပိသုဏ၀ါစာ၊ မိစ္ဆာဒိဋ္ဌိ ဒုစရိုက် ၆ပါးကို သောတာပတ္တိမဂ်က ပါယ်သတ်သည်။ ဖရုသနှင့် ဗျာပါဒကို အနာဂါမိမဂ်က ပယ်သတ်သည်။
အဘိဇ္ဈာနှင့် သမ္ဖပ္ပလာပကိုအရဟတ္တမဂ်က ပယ်သတ်သည်။ ဤအထိ ရေးသားချက်အားလုံး၏ အချုပ်မှာ လူသားတစ်ယောက်၏ နှလုံးသား၌ သီလ၊ သမာဓိ၊ ပညာများ တည်သွားအောင်ပြုပေးခြင်းကို သာသနာပြုခြင်းဟူ၍ သိစေလိုရင်းပင်ဖြစ်၏။

လူတစ်ယောက်၏ နှလုံးသားတွင် သိက္ခာသုံးပါးတည်သွားစေသော လုပ်ငန်းများမှာ စာပေပို့ချ သင်ကြားခြင်း၊ တရားစာပေများကို ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်းတို့ပင် ဖြစ်၏။ ထိုလုပ်ငန်း အားလုံးသည် သာသနာပြုခြင်း အစစ်အမှန်ပင် ဖြစ်၏။

မေတ္တာရှင်-ရွှေပြည်သာ
ဘ၀နှင့်ရင်းရသော အတွေးအမြင်များ

No comments:

Post a Comment