Saturday, May 3, 2014

ပုဂ္ဂိုလ်ကို ဆည်းကပ်ကိုးကွယ်ခြင်း


လောကမှာ လူတွေဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဆရာတင်ပြီးတော့ ကိုးကွယ်ဆည်းကပ်လေ့ရှိကြတယ်။ဆည်းကပ်တယ် အားကိုးအားထားပြုပြီးတော့ အဲဒီပုဂ္ဂိုလ်ထံက အခြေအနေကောင်းတွေကို မျှော့်လင့်ပြီးတော့ ထိုပုဂ္ဂိုလ်ရဲ့ အဆုံးအမ၊ လမ်းညွှန်မှုတွေ ရယူဖို့ဆိုပြီးတော့ အမျိုးမျိုး မိမိတို့ရဲ့ဆုံးဆည်းရာ ပုဂ္ဂိုလ်တွေကို ဆည်းကပ်ကိုးကွယ်မှုဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။
ဆရာသမားအနေနဲ့ ဆည်းကပ်ကိုးကွယ်တယ်။အားကိုးအားထားရာ အနေနဲ့ ဆည်းကပ်ကိုးကွယ်တယ်။အဲဒီလိုလူလောကမှာ ဆရာတင်ပြီးတော့ ကိုးကွယ်ဆည်းကပ်ကြတာတွေ နေရာတိုင်းမှာလိုလို ၊ဒေသတိုင်းမှာ လိုလို ၊ခောတ်ကာလတိုင်းမှာလိုလို ရှိပြီးတော့ နေကြတယ်။လူပုဂ္ဂိုလ်အချင်းချင်းလဲ ကိုးကွယ်ဆည်းကပ်တာ ရှိတယ်၊ လူပုဂ္ဂိုလ်ကနေ ရဟန်းပုဂ္ဂိုလ်ကို ကိုးကွယ်ဆည်းကပ်တာရှိတယ်။လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်တို့မှ တစ်ပါး ရသေ့တို့၊ ဘိုးတော်တို့ဆိုတာတွေလဲ ဆည်းကပ်ကိုးကွယ်ကြတာတွေ ရှိတာပဲ။အဲဒီလို ဆည်းကပ်ကိုးကွယ်တဲ့နေရာမှာ ရည်ရွယ်ချက်က အမျိုးမျိုးရှိကြတယ်။ ကောင်းကျိုးရနိုးမျှော်ကိုးပြီးတော့ ကိုးကွယ်ကြတယ်။ အဲလို ကောင်းကျိုးချမ်းသာရနိုး မျှော်ကိုး ဆည်းကပ်ကြတာ မှန်ကန်မှုရှိရဲ့လား ၊အားလုံးသော ပုဂ္ဂိုလ်တွေဟာ ဆည်းကပ်ကိုးကွယ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလား ဒါကို အလေးအနက်ထားပြီးတော့ မြတ်စွာဘုရား ပေးထားတဲ့ အဆုံးအမ မှတ်သားနာယူဖို့ပါ။
ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ မြတ်စွာဘုရားကို ကိုးကွယ်တယ်လို့ဆိုတာ ဘုရားရဲ့အဆုံးအမကို နာခံမယ်၊ဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရာကို ကိုးကွယ်တာ ။အဲလို ကိုးကွယ်မှလဲ မှန်ကန်တယ်ပေါ့။အဲလိုမှ မဟုတ်ဘဲနဲ့ ဘုရားကိုးကွယ်လို့ လာဘ်ရတယ်။ဘုရားကိုးကွယ်လို့ စည်းပွားတက်တယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကိုးကွယ်တာကြတော့ မှန်ကန်မှုမရှိဘူးပေါ့ ။ မကိုးကွယ်လို့ရှိရင် ပတ်ဝန်းကျင်က ကိုယ့်ကို ပြစ်တင်လိမ့်မယ်ဆိုပြီးတော့ပတ်ဝန်းကျင်က ပြစ်တင်မှာကို ကြောက်ရွံပြီးတော့ ကိုးကွယ်တာလဲ မှန်ကန်မှုမရှိဘူး။တကယု့်ကို ဘုရားဆုံးမတဲ့အတိုင်းလိုက်နာကျင့်ကြံမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကိုးကွယ်မှသာလျှင် ကိုးကွယ်မှု မှန်ကန်တယ်လို့ ဆိုနိုင်တယ်။
လောကမှာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ မြောက်မြားစွာရှိသော်လည်း မိမိကိုးကွယ်ဆည်းကပ်လာတဲ့ ပုဂ္ဂိုလ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ပို့တင်ပေးနိုင်တဲ့သူဟာ အင်မတန်ရှားပါးတယ်။ကိုးကွယ်ခံတဲ့အချို့ပုဂ္ဂိုလ်တွေမှာ မိမိကိုယ်၌ကကို ကိုယ်ကျင့်တရားတို့၊အသိပညာတို့ဆိုတာ ပြည့်စုံမှုမရှိဘူး အပြင်ပန်းအားဖြင့် အပြောနဲ့ အားကိုးထိုက်တယ်လို့ ယုံကြည်ပြီး ဆည်းကပ်နေကြတာ။အဲဒီလို အပြင်ပန်းတို့ အပြောတို့နဲ့ ယုံကြည်ပြီးတော့ ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ထိုကိုးကွယ်ဆည်းကပ်ခြင်းကြောင့် မျှော်ကိုးတဲ့ ရလဒ်ကိုတော့ ရချင်မှ ရမယ်။မရင်ယုံတင်မကဘူး ဒုက္ခရောက်သွားတာတွေလဲ ရှိတယ်ပေါ့။မိမိကိုးကွယ်ဆည်းကပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုသူမျိုးမှ ဆည်းကပ်ထိုက်သလဲဆိုတာ မြတ်စွာဘုရားက အရည်အချင်းသုံးရပ်ကို အဓိက ထားပြီးတော့ ဟောထားတာရှိတယ်။ ကြိုတင်ပြီးတော့ မှတ်သားသင့်တဲ့ အချက်တစ်ခုက ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ပုဂ္ဂိုလ်ဆိုတဲ့နေရာမှာ အဲဒီပုဂ္ဂိုလ်မှာ ကရုဏာနဲ့ ပညာဆိုတဲ့ အရည်အချင်းနှစ်ရပ်လိုအပ်တယ်။အဲဒီအရည်အချင်းနှစ်ရပ်နဲ့ ပြည့်စုံမှသာလျှင် ကိုးကွယ်ထိုက်တယ်လို့ ဆိုတယ်။ဘာကြောင့်လဲ ကရုဏာရှိမှ အကြင်နာတရားထားပြီး ဆင်းရဲဒုက္ခကလွတ်အောင်ဆောင်ရွက်ပေးနိုင်တာ။ပညာရှိမှ မှန်ကန်တဲ့လမ်းကို ညွှန်ကြားနိုင်တာ။ပညာရှိပြီး ကရုဏာမရှိတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်မိရင် ပညာရှိနှိပ်စက်တဲ့ နည်းနဲ့ နှိပ်စက်တက်တယ်။ အကြင်နာတော့ ရှိပါရဲ့ ပညာမရှိဘူးဆိုရင် ကြင်နာမှုးထားသော်လဲ ပညာမရှိတဲ့ လမ်းညွှန်မှုဟာ မှန်ကန်မှု မရှိနိုင်ဘူး။လောကမှာ လူတွေ ပြောပြောနေကြတယ် "ငါက စေတနာနဲ့ပြောတယ် စေတနာနဲ့ ပြောတယ် စေတနာကို နားမလည်ဘူးလို့"ပြောနေကြတယ်။ စေတနာပါတိုင်းလဲ အကောင်းမဖြစ်ဘူး၊စေတနာမှာ ပညာပါမှသာလျှင် ကောင်းမယ်လို့ ဒီလိုဆိုတယ်နော်။ဒါက ပုဂ္ဂိုလပ်ကို ဆည်းကပ်ကိုးကွယ်တဲ့ နေရာမှာ အဓိက အချက်တွေဖြစ်တယ်။လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ပေါင်းသင်းဆက်ဆံရေးဆိုတာ အင်မတန်မှ အရေးကြီးတယ်နော်။ လူပုဂ္ဂိုလ်ကို ဆည်းကပ်ကိုးကွယ်တဲ့အခါမှလဲ ဒါဟာ အရေးကြီးတယ်။ အပေါ်ယံအားဖြင့် မြတ်စွာဘုရားက ဘယ်လို ဟောထားသလဲဆိုတော့ ဆည်းကပ်ရမယ့်ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။
ဘုရားက ဘယ်လိုဟောသလဲဆိုတော့ ရှင်းရှင်းလေးဟောထားတယ်
"ကိုယ်ကျင့်သီလလဲမရှိဘူး၊စိတ်တည်ငြိမ်မှုလဲမရှိဘူး၊အသိပညာလဲမရှိဘူး ကိုယ့်ထက်အောက်တန်းကျတယ် ကိုယ့်လောက်အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်မျိုးကို ကိုးကွယ်လို့ရှိရင် ကိုယ်လဲ နိမ့်ကျသွားတယ် ၊ဆုတ်ယုတ်သွားတယ် "တဲ့ ။ ကိုယ့်ထက် အောက်တန်းကျတဲ့သူကို ပေါင်းရင် ကိုယ်လည်းအောက်တန်းကျမှာပဲ မြတ်စွာဘုရားက ဒီလိုပြောတယ်နော်။ နောက်တစ်ခုက ကိုယ်နဲ့ အရည်အချင်းတူ အဆင့်အတန်းချင်းတူတဲ့ ပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံလို့ရှိရင် ကိုယ်တိုင်လဲ ဆုတ်ယုတ်မသွားသလို၊ အရည်အချင်းလဲ နိမ့်ကျမသွားပါဘူး။ သို့သော် ဆုတ်ယုတ်မသွားဘူးဆိုပေမယ့် တိုးတက်လာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး ။ လူပုဂ္ဂိုလ်ကိုဆည်းကပ်ကိုးကွယ်တဲ့အခါမှာ အကျင့်သီလလဲ ကိုယ့်ထက်သာတယ်၊စိတ်တည်ငြိမ်မှုလဲ ကိုယ့်ထက်သာတယ်၊ ပညာလဲ ကိုယ့်ထက်သာတယ် ဒီလို သူမျိုးကို ကိုးကွယ်ဆည်းကပ်ရမယ်။လောကအမြင်နဲ့ကြည့်မယ်ဆိုရင်စီးပွားဥစ္စာကိုယ့်ထက်သာတယ်။လူမှုရေး ၊အကျင့်စာရိတ္တ၊ပညာ၊အတွေးအခေါ် အားလုံးကိုယ့်ထက်သာတဲ့ သူကို ကိုးကွယ်ဆည်းကပ်လို့ရှိရင် ကိုယ်တိုင်လဲ လျှင်လျှင်မြန်မြန် တိုးတက်မယ်။ ဒါတွေ ပြည့်စုံရမယ့်အပြင် ကရုဏာဆိုတာလဲ ပြည့်စုံတဲ့သူ ဖြစ်ဖို့အရေးကြီးတယ်နော်။ဒီလိုဆိုလိုတာပါ။ပုဂ္ဂိုလ်သုံးမျိုးကို ခွဲခြားကြည့်ပြီး ဘယ်လို ပုဂ္ဂိုလ်ကို ဆည်းကပ်ကိုးကွယ်မလဲ ၊ပေါင်းသင်းဆက်ဆံမလဲဆိုတာ အရေးကြီးပါတယ်။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသဟောကြားတော်မူသော "ပုဂ္ဂိုလ်ကို ဆည်းကပ်ကိုးကွယ်ခြင်း" တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်)

No comments:

Post a Comment