ဘာဝနာချင်း တူပါလျက် သမထနဲ့ ၀ိပဿနာ ကွဲနေရတဲ့ သဘောကို
ရှင်းပြပါ။
လောဘ ဒေါသ မာန်မာနစတဲ့မကောင်းတဲ့သတ္တိတွေလျော့နည်းစေပြီး ကင်းစေပြီး သဒ္ဓါ ၀ီရီယ သတိ ပညာဆိုတဲ့သတ္တိကောင်း ဓါတ်ကောင်းတွေမိမိရဲ့စိတ်ဓါတ်မှာ တိုးပွားတိုးပွားပြီးလာစေတာက ဘာဝနာ အလုပ်ပါ။
သမထ ဘာဝနာက အာရုံကိုမထင်ရှား မသိသာအောင်ဖုံးကွယ်ထားတဲ့ နီဝရဏတွေကို ဖယ်ခွါနိုင်တယ်။ ၀ိပဿနာဘာဝနာကတော့ မကောင်းကျိုးဆင်းရဲဒုက္ခ အမျိုးမျိုးကို ပေးနိုင်တဲ့ ကိလေသာတွေ
ကိုဖယ်နိုင်တယ်။ သမထရော ၀ိပဿနာပါ ကုသိုလ်စိတ်ဓါတ်ကောင်းတွေကို တိုးပွားလာစေတာခြင်းက အတူတူပါပဲ။ သတိတရားကို အခြေခံထားပြီး အားထုတ်ရတာလည်း အတူတူပါပဲ။
သတိအားကောင်းတဲ့အခါ အာရုံပေါ်မှာ စိတ်ရဲ့တည်နေမှု၊ အဲဒီတည်နေမှုမှာ ကြည်လင်စေတဲ့သဘော တည်ကြည်မှု သမာဓိဟာ အားကောင်းလာတတ်တယ်။ သမာဓိအားကောင်းလို့သမာဓိကသာ ဦးဆောင်ပြီး ရှုပွားတဲ့ဘာဝနာကို သမထဘာဝနာလို့ခေါ်တယ်။
သတိအားကောင်းတဲ့အခါ အာရုံရဲ့အရှိအတိုင်း အမှန်သဘောတရားကို ရှိတဲ့၊ မှန်တဲ့အတိုင်း သိတတ်တဲ့ အသိဉာဏ်ပညာဟာလည်း အားကောင်းလာတတ်တယ်။ အားကောင်းတဲ့အသိဉာဏ်ပညာက ဦး
ဆောင်ပြီးရှုပွားတဲ့ဘာဝနာကိုတော့ ၀ိပဿနာဘာဝနာလို့ခေါ်ပါတယ်။
သမထအာရုံက ကသိုဏ်းနိမိတ် ပညတ်အာရုံများတယ်။ မိမိနုလုံးသွင်းလိုတဲ့ အာရုံကိုရွေးချယ်ပြီး နှလုံးသွင်းတယ်။ ၀ိပဿနာအာရုံက ရုပ်နာမ်သင်္ခါရ ပရမတ်တရားတို့ရဲ့အရှိအတိုင်းအာရုံတွေကို အရှိအမှန်အ
တိုင်းသိအောင် ကြည့်ရတာဖြစ်တယ်။ သမထအားထုတ်ရင် အလုပ် နေရာ အချိန် ဣရိယာပုတ် ရွေးနေရတာများတယ်။ ၀ိပဿနာက အလုပ်မရွေး လုပ်ကိုင်ရင်းရှုနိုင်တယ်။ နေရာမရွေးနေထိုင်ရင်း ပွားများ
နိုင်တယ်။ အချိန်အခါမရွေးအမြဲတမ်းအားထုတ်နိုင်တယ်။ ဣရိယာပုတ် အမူအရာမရွေး ပြောင်းပြင်ရင်းလည်း ရှုမှတ်ပွားများ အားထုတ်နိုင်တယ်။
သမထနဲ့ ၀ိပဿနာကွာခြားတာကို သိသာအောင်ဆိုရင် မိမိက မိမိအိမ်မှာ မိမိပိုင်တဲ့ အပေါ်စက်တီဗွီ အောက်စက်ဗီဒီယိုနဲ့ ဗီဒီယိုတိတ်ခွေ ရုပ်ရှင်ကားကို ထည့်ပြီးကြည့်နေတယ်ဆိုပါစို့။
အသံတိုးနေရင် အကျယ်ချဲ့ပေးလိုက်မှာပဲ။ အရောင်မှိတ်နေရင် အရောင်တင်ပေးလိုက်မှာပဲ။ နောက်ပြီးပြနေတဲ့ကားကို မကြိုက်ရင်
ကြိုက်တဲ့ကားနဲ့ ပြောင်းပြစ်လိုက်တာပဲ။ အငြိမ့်ကား ကြည့်ချင်ရင် အငြိမ့်ကား၊ စစ်ကားကြည့်ချင်ရင် စစ်ကားပေါ့။ မိမိကြည့်ချင်နေတဲ့ အခွေကို မိမိကြိုက်သလိုကြည့်နေတတ်ပါတယ်။
တကယ်လို့ သူများအိမ်ရောက်နေတဲ့အချိန်မှာ သူများတွေကလည်း အပေါ်စက် အောက်စက်နဲ့ ဗီဒီယိုကြည့်နေရင် မိမိလည်းကြည့်နေမိမှာပဲ။ အဲဒီအခါ အသံတိုးရင်ဝင်ပြီးအသံချဲ့မလား။ အရောင်မှိန်ရင် အရောင်တင်မလား။ မိမိမကြိုက်တဲ့အခွေဖြစ်နေရင်ကြိုက်တဲ့အခွေ
နဲ့အစားထိုးလဲပြီး ကြည့်မလား။
ဘယ်ကြည့်မလဲ။သူပြတဲ့အတိုင်းကြည့်မှာပေါ့။ မိမိရဲ့အိမ်။ မိမိပိုင်တဲ့ ဆိုင်တဲ့ ပစ္စည်းတွေမှ မဟုတ်ဘဲ။ ဒီလောက်တော့ သဘောပေါက်နား
လည်ပါတယ်။
အဲဒီလို သဘောပေါက်ရင် သမထဆိုတာက မိမိကြည့်ချင်တဲ့ ကသိုဏ်းနိမိတ် ပညတ်အာရုံကို နှလုံးသွင်းကြည့်တာ။ ၀ိပဿနာဆိုတာ
က ကိုယ်နဲ့မဆိုင်တဲ့ ကိုယ်မပိုင် သူ့သဘောအတိုင်းပြနေတဲ့ ရုပ်နာမ်ပရမတ်အာရုံရဲ့အရှိကို အရှိအတိုင်းသိနေတာ။ ကြည့်နေတာကို
ခေါ်ပါတယ်။ ဘာဝနာသဘောချင်းတူပေမယ့် အာရုံခြင်း နှလုံးသွင်းခြင်း ဦးဆောင်မှုခြင်းကွာခြားပါတယ်။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာအမေးအဖြေများ - ၁။
No comments:
Post a Comment