Saturday, May 3, 2014

*** အသေးအမွှားကို အလေးမထားရင် ဘေးများတတ်တယ် ***


ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ ရွှေပါရမီ စာစဉ်(၂) “ကိုယ့်စိတ်ကိုယ်စစ် ” စာအုပ်မှတင်ပြပါသည်။

အပိုင်း (၁၇)

***အသေးအမွှားကို အလေးမထားရင် ဘေးများတတ်တယ်***
--------------------------------------------------------------------

တစ်ခါတုန်းက ကာသိတိုင်း ရွာတစ်ရွာမှာ သူငယ်ချင်း နှစ်ယောက်ရှိတယ်။ အင်မတန်လဲချစ်ခင်ကြတယ်။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးပြီး လယ်တောသွားလည်းအတူတူသွားကြတယ်။ လယ်ထဲမှာ အလုပ်လုပ်နေပြီဆိုရင် အနီးအနားမှာရှိတဲ့ သစ်ပင်ကြီးအောက်မှာ ရေဗူးကိုယ်စီထားပြီး နေ့စဉ်အလုပ်လုပ်ကြတယ်၊ တစ်နေ့ကျတော့ အဲ့ဒီ သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်က အလုပ်ပင်ပန်းပြီးတော့ ရေဆာလာလို့ ရေသောက်မယ်လို့ဆိုပြီး သစ်ပင်အောက်ကို ရောက်လို့ ရေဗူးနှစ်ဗူးကို ကိုင်ကြည့်ပြီး စိတ်ထဲဘယ်လိုဖြစ်သလဲဆိုတော့.... ‘ငါ့သူငယ်ချင်းလည်း လယ်ထဲမှာ အလုပ်လုပ်နေတယ်၊ ငါ့ကိုမမြင်ဘူး၊ ဒီတော့ သူ့ရေဗူးထဲက ရေကို ငါယူသောက်လိုက်ရရင် ငါ့ရေဗူးထဲကရေကို အချိန်ကြာကြာလေးသောက်ရမယ်။ ငါ့ရေဗူးထဲကရေကို ကြာကြာခံအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ သူ့ရေဗူးထဲကရေကို ငါယူသောက်လိုက်မယ်လို့ ကြံစည်ပြီး ယူသောက်လိုက်တယ်။
တစ်နေ့တာလုပ်ငန်းပြီးသွားလို့ အလုပ်သိမ်းတဲ့အခါ အနီးအနားစမ်းချောင်းလေးတစ်ခုမှာ ရေဆင်းချိုးတော့ ခုနက ရေခိုးသောက်မိတဲ့ သူငယ်ချင်းက အရင်ချိုးပြီးသွားတော့ ကုန်းပေါ်တတ်ပြီး သူငယ်ချင်းကို ထိုင်စောင့်နေတုံး သူနေ့စဉ်ပြုနေကျ အလုပ်တစ်ခုဖြစ်တဲ့ ‘ငါဒီနေ့ ဘာမကောင်းတာများလုပ်ခဲ့သလဲ’ ဆိုတာ ပြန်စစ်ဆေးတဲ့အခါမှာ သူငယ်ချင်းရဲ့ရေဗူးထဲကရေကိုခိုးသောက်မိခဲ့တာကို သူသွားစဉ်းစားမိတဲ့အခါမှာ အဒိန္နာဒါန အကုသိုလ်အမှုကြီး တော့ပြုမိသွားပြီး၊ ဒီအဒိန္နာဒါန အမှုကြီးဟာ တဖြည်းဖြည်းနဲ့ ကြီးကျယ်လာရင်တော့ ငါ့ကိုအပါယ်ငရဲသို့ ပို့ဆောင်တော့မှာပဲ၊ ဒီအကုသိုလ်အမှုကို ငါပယ်သတ်မှဖြစ်မယ်။ လောဘဆိုတဲ့ သဘောလည်း ဘယ်တော့မှ အလိုပြည့်တယ်ရယ်လို့ မရှိဘူး။ မီးနဲ့တူသောလောဘ၊ ပင်လယ်နဲ့တူသောလောဘတွေကို အမြစ်မှ တူးဖြိုမှဖြစ်မယ်။ အပြစ်ကိုတူးဖြိုတဲ့ နည်းလမ်းကလည်း ၀ိပဿနာမှတပါး အခြားမရှိဘူးလို့ ဆင်ခြင်ပြီး သူငယ်ချင်းရေချိုးတာကို ထိုင်စောင့်ရင်း ၀ိပဿနာရှုပွားလိုက်တာ၊ ၀ိပဿနာဥာဏ်အဆင့်ဆင့်တက်၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ အဆင့်ဆင့်တက်ပြီးတော့ အာသဝေါကုန်ခမ်းပြီး ရဟန္တာဖြစ်သွားပြီး အရဟတ္တမဂ်နဲ့ အတူပစ္စေကဗောဓိဥာဏ်ယှဉ်တွဲရတဲ့ အတွက်ကြောင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကြီးတစ်ဆူ ဖြစ်သွားခဲ့ပါတယ်။

Shared from ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း (FB)

No comments:

Post a Comment