Saturday, May 3, 2014

စူဠသောတာပန်အဖြစ်နဲ့ သေဆုံးသွားရင် မပုပ်မသိုးဘဲ ဖြစ်နေနိုင်ပါသလား?


ဖြေ။ ။ (ခ) စူဠသောတာပန်အဖြစ်နဲ့ သေလို့ မပုပ်မသိုးဘဲ ဖြစ်နေတာတော့ ဟုတ်ဟန်မတူပါ၊ ဘာကြောင့်လဲဆိုရင် မဟာသောတာပန်ဖြစ်တဲ့ သိရိမာတောင် သေ၍ လေးရက်မြောက်မှာ ဖူးဖူးရောင်လာပြီး ဒွါရကိုးပေါက်တို့မှ ပိုးလောက်တွေ ယိုထွက်လာကြောင်း ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် သိရိမာဝတ္ထု (၆၈)၌ ပါရှိပါတယ်။
သုတ္တနိပါတ်အဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်ဋီကာတို့အရ “ကိလေသာထူပြောသူတို့ရဲ့ ရုပ်အလောင်းများသည် ပုပ်သော်လည်း ကိလေသာကင်းစင်တဲ့ ဘုရား, ရဟန္တာတို့ရဲ့ ရုပ်အလောင်းများကား မပုပ်ကြောင်း” သိရတယ်။

ဒီအဋ္ဌကထာ, ဋီကာတို့အရ ဘုရား ရဟန္တာတို့ရဲ့ ရုပ်အလောင်းမှတပါး အခြားသူတို့ရဲ့ ရုပ်အလောင်းများမှာ ပုပ်သိုးသည်-လို့ ဆိုရာရောက်တယ်၊ သို့သော် အခြားသူတို့ရဲ့ ရုပ်အလောင်း မပုပ်မသိုးတာကို ကျမ်းဂန်အထောက် အထားကို ဘုန်းကြီးအနေနဲ့ မတွေ့ရသေးပေမဲ့ တချို့ သီလစင်ကြယ်တဲ့ပုဂ္ဂိုလ်တို့ရဲ့ ရုပ်အလောင်းများ မပုပ်မသိုးတာကို မကြာခဏဆိုသလို ကြားနေရတယ်။

ရှမ်းပြည်မှ (၁၄)နှစ်သမီး ကျောင်းသူလေးရဲ့ အလောင်း မပုပ်မသိုးဘဲ ပျော့ပျော့ပျောင်းပျောင်းဖြစ်နေတာက သူမရဲ့ ဝိပဿနာဘာဝနာစွမ်းရည်ကြောင့် ဖြစ်တယ်လို့ ယူဆမိတယ်၊ သူမဟာ ငယ်ရွယ်သူ ဖြစ်ပေမဲ့ တရားဘာဝနာကို လွန်စွာ ပွါးများအားထုတ်လျက်ရှိကြောင်း DVD ခွေကို ကြည့်ရလို့ သိရပါတယ်၊ ဝိပဿနာဘာဝနာကို အစဉ်မပြတ် ရှုမှတ်နေသူတွေမှာ ဝိပဿနာရဲ့အကျိုးကို ရနိုင်ဖွယ်ရှိပါတယ်---

၁။ ရောဂါကြီးသော်လည်း ငြီးငြူမှု မရှိခြင်း၊
၂။ သတိမမေ့ခြင်း။
၃။ သေမည့်နေ့ အချိန်ကို သိခြင်း၊
၎။ သေခါနီး မျက်ဖြူလန် (မျက်ဖြူဆိုက်) အကြောဆွဲမှု မရှိခြင်း၊
၅။ သေလည်း ခန္ဓာကိုယ်ဟာ မတောင့်တင်းပဲ ပျော့ပျော့ပျောင်းပျောင်းရှိခြင်း၊
၆။ ရုပ်အလောင်း မပုပ်ခြင်း၊
၇။ ကောင်းရာသုဂတိသို့ လားရောက်ရသည်ဖြစ်၍ ဂတိမြဲခြင်း-
ဤအကျိုးများပင် ဖြစ်တယ်။

ဝိပဿနာအကျိုး ခန္ဓာကိုယ်မပုပ်မသိုး
ရောဂါကြီးမူ၊ ငြီးငြူမရှိ၊ သတိမမေ့၊ ချိန်နေ့သိပြန်၊ မျက်လှန်ကြောဆွဲ၊
မရှိဘဲလျှင်၊ သေလဲ (လည်း)မတောင့်တင်း၊ ပုပ်နံ့ကင်းလျက်၊
မြဲခြင်း ဂတိ၊ ကျိုးရင်းရှိသည်၊ မှတ်ဘိ ဝိပဿနာတန်ခိုးတည်း။

credit to ဓမ္မနိယာမ

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com

No comments:

Post a Comment